သီလဝါအက်စ်အီးဇက်နှင့် ကိုဗစ်-၁၉

၂၆ ဇူလိုင်

 

အရွေးချယ်ခံ သီလဝါ အက်စ်အီးဇက်

 

အထူးစီးပွားရေးဇုန်တွေရဲ့ အောင်မြင်မှု သော့ချက်တွေထဲမှာ One-stop Service Centre (OSSC) တွေက အဓိကအခန်းကနေ ပါဝင်ပါတယ်။ သီလဝါအထူးစီးပွားရေး ဇုန်ဟာ ရန်ကုန်မြို့ကနေ ၂၃ ကီလိုမီတာ လောက်ကွာဝေးတာကြောင့် အချိန်အကြာ ကြီး ကားစီးသွားလာရခြင်း၊ အသုံးပြုတဲ့ ပေါ်လစီ၊ လုပ်ထုံး၊ လုပ်နည်းတွေ၊ လုပ်ပုံ ကိုင်ပုံတွေက သမားရိုးကျမဟုတ်ခြင်း၊ အီလက် ထရောနစ်စနစ်နဲ့ နည်းပညာကို ပိုသုံးထား တာကြောင့် ရင်းနှီးကျွမ်းဝင်နေတာမျိုး မဟုတ်ခြင်း၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လုပ်ငန်း ဆိုင်ရာ လိုအပ်သမျှကို မဆိုင်းမတွ အမြန်ဆုံး ပြီးစီးအောင် ဝန်ဆောင်မှုပေးရခြင်း စတာ တွေကြောင့် အရာရှိတွေ၊ အရာထမ်းတွေက သီလဝါအထူးစီးပွားရေးဇုန်ကိုလာပြီး တာဝန် ထမ်းဆောင်ရမှာထက် ရှင်သန်နေကျ ပတ်ဝန်းကျင်မှာပဲ ဆက်ရှင်သန်လိုကြပါ တယ်။ သို့သော် စိန်ခေါ်မှုတွေ၊ အသစ်အသစ် တွေကို စိတ်ဝင်စားတဲ့ လူတွေကတော့ သီလဝါ အထူးစီးပွားရေးဇုန်ကို လာရောက် တာဝန် ထမ်းဖို့ ရွေးချယ်ပြီး ရောက်လာခဲ့ပါတယ်။

 

ထူးခြားလုပ်ဟန် နေရာမှန်

 

သီလဝါအထူးစီးပွားရေးဇုန်မှာ အဆိုပါ OSSC ဝန်ထမ်းတွေ ပေးရတဲ့ ဝန်ဆောင်မှုက တော့ Investment နဲ့ ဆက်စပ်နေပြီး ရင်းနှီး မြှုပ်နှံမှုပြုထားတဲ့ စက်ရုံတွေက လိုအပ်လို့ တင်သွင်း/တင်ပို့မှုတွေ၊ အခွန်အကောက် ဆိုင်ရာတွေ၊ မြန်မာနိုင်ငံပါဝင်တဲ့ လွတ်လပ် သော ကုန်သွယ်မှုဒေသနှင့် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်တွေ လက်တွေ့အကောင်အထည်ဖော်မှုတွေ၊ ဗီဇာ၊ အခွန်စတဲ့ ဝန်ဆောင်မှုတွေ၊ အပြည်ပြည် ဆိုင်ရာ စံချိန်စံညွှန်းနဲ့ညီတဲ့ စက်ရုံအလုပ်ရုံ တည်ဆောက်မှု ကိစ္စတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေ၊ ပြည်ပချေးငွေကိစ္စ တွေ၊ အလုပ်သမားဆိုင်ရာတွေ၊ ဘဝပြန်လည် ထူထောင်ရေးကိစ္စ အစစသော မြားမြောင်လှ တဲ့ အလုပ်တွေကို သက်ဆိုင်ရာ အက်စ်အိုပီ များအတိုင်း ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ကြ ရပါတယ်။ ဒီမှာလည်း သူတို့တွေဟာ ဌာန ကိုယ်စားပြု ဆုံးဖြတ်ပိုင်ခွင့်၊ လက်မှတ် ရေးထိုးပိုင်ခွင့်ကို ပေးအပ်ခံထားရသူတွေမို့ လေ့ကျင့်သင်ကြားရှင်သန်လာခဲ့တဲ့ regulator role ကို အားသန်ပေမယ့် ကာလဒေသအရ Facilitator၊ Coordinator၊ Cooperator၊ Promoter စတဲ့ အခန်းကဏ္ဍတွေကို ပိုပြီး အလေးပေး လုပ်ဆောင်ကြရပါတယ်။ ထို့ အပြင် Top-Down System ကို သီလဝါ အက်စ်အီးဇက်တွင် အသုံးမပြုဘဲ Flat-structure ကို အသုံးပြုတာမို့ OSSC တာဝန်ခံများအနေနဲ့ လုပ်ငန်းလုပ်ကိုင်ရာမှာ ထိန်းချုပ်မှုအနည်းဆုံးသာရှိပြီး ဝန်ဆောင်မှု များမြန်ဆန်ပါတယ်။ စားသုံးသူရဲ့ အမြင်ကို အလေးထားပြီ မိမိတို့ ဝန်ဆောင်မှုကို အစဉ် သုံးသပ်နိုင်အောင် Customers Satisfactory Survey ကို သုံးစွဲနေတာမို့ လိုတာကို ချက်ချင်းပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းရှိတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင် ဖြစ်ပါတယ်။

 

လူရောစက်ပါ ကြုံတွေ့မှာ

 

လက်တွေ့မှာ တချို့သော ဝန်ထမ်းတွေ က လူတွေနဲ့သာမက ရုပ်ဝတ္ထုတွေနဲ့လည်း အနီးကပ် လုပ်ဆောင်ရပါတယ်။ စာရွက် စာတမ်း စိစစ်မှုကို အက်စ်အိုပီတွေနဲ့ စိစစ် ခွင့်ပြုပေးမှုတွေ ရှိသလို ကွင်းဆင်း စိစစ်ပြီး ဆောင်ရွက်ပေးတာတွေလည်း ရှိပါတယ်။ အထူးသဖြင့့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာန၊ ဆောက်လုပ်ရေးဌာန၊ စက်မှုဌာနနဲ့ အကောက်ခွန်ဌာန ဝန်ထမ်းတွေအနေနဲ့ စာရွက်တွေပေါ်မှာသာမက မြေပြင်ပေါ်က ရုပ်ဝတ္ထုတွေကိုပါ ထိတွေ့ကြရပါတယ်။ အကောက်ခွန်ဌာန ဝန်ထမ်းတွေက ကွန်တိန်နာတွေကို Myanmar Automated Cargo Clearance System (MACCS) စနစ်က သတ်မှတ်ပေးတဲ့ Selectivity နံပါတ်ကို အခြေခံပြီး စိစစ်ကြတာပါ။

 

ကိုရိုနာဧည့်သည်

 

သီလဝါအထူးစီးပွားရေးဇုန်အတွင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအနေနဲ့ လုပ်သား တွေရဲ့ ကျွမ်းကျင်မှုကို အလေးထားမြှင့်တင် ပေးပြီး သူတို့ရဲ့ ကျန်းမာပျော်ရွှင်မှုကို ဂရုပြု ဆောင်ရွက်ပေးသလို စက်ယန္တရားကြီးတွေ၊ စက်တွေကြံ့ခိုင်စွာ လုပ်ငန်းလည်ပတ်မှု မရပ်အောင်၊ ကုန်ကြမ်းတွေ အစဉ်မပြတ်ရှိနေ ဖို့၊ ခေတ်အလိုက် ပြောင်းလဲလာတဲ့ နည်းပညာ တွေ ဖက်ရှင်ဒီဇိုင်းတွေနဲ့အညီ ထုတ်လုပ်နိုင်ဖို့ အတတ်နိုင်ဆုံး အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ပေးပါတယ်။

 

၂၀၁၉ ခုနှစ် နှစ်ကုန် ၂၀၂၀ ပြည့်နှစ်ဆန်း မှာ ကမ္ဘာတစ်ဝန်းကို အသေအပျောက်များစွာ ဖြစ်စေတဲ့ ကိစ္စတစ်ရပ် ပေါ်ပေါက်လာတာ ကြောင့် OSSC မှာရှိတဲ့ သူတို့တစ်တွေ နာမကျန်းမှာ၊ အဆင်မပြေမှာကို ကျွန်မတို့ စိုးရိမ်လာပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ခဲ့တဲ့ Novel Coronavirus 2019 ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ WHO က Novel Coronavirus (2019-nCoV)/ Coronavirus disease 2019(သို့မဟုတ်)COVID-19 လို့ အမည်သတ်မှတ်ပေးလိုက်ပါတယ်။ ဘယ်လို အခြေအနေတွေ လွှမ်းမိုးထားပါစေ ဌာန ၁၃ ခုက ကျေပွန်ကြတဲ့တာဝန်ကျပုဂ္ဂိုလ်တွေက အမြဲပြုံးရွှင်ပြီး လက်တွဲညီညီ တစ်နေရာ တည်းမှာ တစုတစည်းတည်း အလုပ်လုပ်နေ ကြပါတယ်။ သူတို့အားလုံးက အများသူငါနဲ့ လက်ခံတွေ့ဆုံရသည်သာမက နယ်စပ် ဖြတ်ကျော်လာတဲ့ သက်မဲ့ကုန်စည်များ၊ ကွန်တိန်နာကြီးများကို နေ့စဉ်မပြတ် စစ်ဆေး ခြင်းတွေ လုပ်ပေးနေကြရတာပါ။

 

မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ပထမဆုံး လူနာကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ လ ပထမဆယ်ရက်ပိုင်းမှာ ဝူဟန်မြို့ကလာတဲ့ ကွန်တိန်နာ ရန်ကုန်မြို့သို့ ဆိုက်ရောက်လာ ကတည်းက သီလဝါအက်စ်အီးဇက် ဟာ စိန်ခေါ်မှုကို စတင်တွေ့ခဲ့ကြရတာပါ။ ဝူဟန်မှာ Lockdown ဖြစ်တာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လလယ်လောက်ကတည်းက ဖြစ်တာမို့ ကျွန်မ တို့ဆီက သူရဲကောင်းတွေ အတော်လန့် သွားသလို ကျွန်မလည်း အတော်စိုးရိမ်မိပါ တယ်။ လုပ်ပေးနိုင်တာက အကောက်ခွန်ဝန် ထမ်းတွေကို ကျန်းမာရေးမထိခိုက်စေဘဲ လုံခြုံစွာနဲ့ လိုအပ်တဲ့ အကောက်ခွန်ဆိုင်ရာ ရှင်းလင်းမှုတွေ လုပ်နိုင်ဖို့ သက်ဆိုင်ရာနဲ့ ပူးပေါင်းစီစဉ်ခဲ့ပါတယ်။

 

နည်းပညာမြင့်တဲ့စနစ်များသုံးခြင်း အကျိုးကျေးဇူး

 

သီလဝါအထူးစီးပွားရေးဇုန်မှာ Online Application၊ Online Approval၊ Online documentation၊ examination စနစ်တွေကို ထုတ်ကုန်သွင်းကုန်ခွင့်ပြုချက်၊ အကောက်ခွန် ရှင်းလင်းရေး၊ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်ထုတ်ပေးခြင်း၊ ပို့ကုန်သွင်းကုန် မှတ်ပုံတင်ခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ဝင်ငွေခွန် ပေးဆောင်ခြင်း၊ ပြည်ပချေးငွေခွင့်ပြု ချက်တောင်းခံခြင်း၊ ဗီဇာနဲ့နေထိုင်ခွင့် သက်တမ်းတိုးခြင်း၊ ဝန်ဆောင်မှုနဲ့ စီမံခန့်ခွဲ မှုစရိတ်ပေးချေခြင်း စတဲ့လုပ်ငန်းတွေမှာ နှစ်ချီ အောင်သုံးနေခဲ့တာဖြစ်လို့ ကိစ္စတစ်ခုဖြစ်ရင် စိစစ်ရတာ မခက်ပါဘူး။ လိုအပ်တဲ့အချက် အလက်တွေကို Thilawa SEZ Management Committee (TSMC) နဲ့ MACCS တို့ရဲ့ System တွေနဲ့ တာဝန်ရှိ ကုမ္ပဏီတွေ၊ အေဂျင်စီတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ စုံစမ်းစုစည်းလို့ရလိုက်ပါ တယ်။ Technology ကိုအခြေခံတဲ့ လုပ်နည်း လုပ်ဟန်တွေကို Traditional လုပ်နည်း လုပ်ဟန်တွေထက် ပိုသုံးနေတဲ့ အကျိုးကျေးဇူး၊ Business Network တွေ Business Relation တွေ ကောင်းနေအောင် တည်ဆောက်ထားလို့ မိမိတို့ မြန်မြန်ဆန်ဆန်ပဲ လိုအပ်တဲ့ အချက် အလက်တွေ ရရှိခဲ့တယ်။ မဆိုင်းမတွဘဲ စုပေါင်းဆွေးနွေး အဖြေရှာလိုက်ကြပါ တယ်။

 

ဘယ်လိုလုပ်ကြမလဲ

 

အချက်အလက်တွေ တော်တော်လေးစုံ၊ ရုံးဆင်းချိန်နီးလာတော့ ဝူဟန်ကလာတဲ့ ကွန်တိန်နာကြီးကို ဖွင့်စစ်ဖို့ အခြေအနေ မပြည့်စုံသေးလို့ ဘယ်မှာထားမလဲ ဆိုတာ ကို ပစ္စည်းပိုင်ရှင်ရယ် သူ့ရဲ့ကိုယ်စားလှယ်တို့ အကြား ညှိနှိုင်းဖြေရှင်းလိုက်ကြပါတယ်။

 

ကိုရိုနာပိုးဟာ ချောမွေ့နေတဲ့ ပစ္စည်းတွေ မှာ ကပ်နေတတ်တာ၊ လေတိုက်ပြီး လွင့်ရင် တစ်နေရာကနေ တစ်နေရာကို ရွေ့လျားသွား တယ်လို့ ပြောတဲ့သူလည်း ရှိတယ်၊ ဒါကိုတချို့ က မဟုတ်ပါဘူးလို့ ဆိုတဲ့သူလည်းရှိတယ်။ ဟိုဘက်နိုင်ငံက မထွက်ခင် ပစ္စည်းတွေ ကွန်တိန်နာထဲ ထည့်တဲ့အချိန်မှာ ဝူဟန်မှာ Coronavirus-2019 စနေပြီမို့ ပစ္စည်းထုတ် လုပ်တဲ့စက်ရုံက လုံခြုံလား၊ လုပ်သားတွေ ရောဂါလက္ခဏာ ရှိနေပြီလား၊ စက်ရုံတည်ရှိရာ က လုံခြုံလား၊ ပြဿနာ မဖြစ်သေးတဲ့ နေရာ လား၊ “လားပေါင်းများစွာ မေးခွန်းတွေက လည်း စိုးရိမ်စိတ်တွေကြောင့် ရောက်လာ သေးရဲ့၊ အဲဒါကြီး တင်လာတဲ့အချိန်က ထွက်ခွာရာဒေသမှာ Lockdown ဖြစ်နေပြီး တစ်မြို့လုံး သက်ရောက်နေပြီမို့ ဖြေပေးရန် အားမရှိဖြစ်ခဲ့ကြပါတယ်။ ယနေ့ခေတ် သတင်းများကို ဝန်ထမ်းအားလုံး အမီလိုက် ရန် လိုနေကြပါကြောင်း သတိပြုလိုက်ရပါ တယ်။

 

MACCS Selectivity အရ ဖွင့်ဖောက်ရ မယ့် ကုန်စည်အမည်၊ ပစ္စည်းသဘာဝအရ သက်ဆိုင်ရာဌာနရဲ့ သတ်မှတ်ချက်အရ နမူနာထုတ် ဓာတ်ခွဲစမ်းသပ်ဖို့ရှိတာမို့ ဘယ်လိုဖွင့်စစ်မလဲ၊ ဘယ်သူတွေဝင်စစ်ကြ မလဲ၊ Safety တွေ ဘာတွေလုပ်မလဲ၊ တာဝန်ထမ်းနေတဲ့ အလှည့်ကျ ပုဂ္ဂိုလ်တွေ ကျန်းမာရေးလုံခြုံမှုက ပထမ ဦးစားပေးပဲ၊ လုပ်စရာတွေကို PPE (တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ) သုံးပြီးလုပ်မယ်၊ ပြီးရင် အဲဒီတာဝန်မှာပါတဲ့သူ အားလုံး သန့်ရှင်းရေးလုပ်မယ်၊ သတ်မှတ်ကာလ အတွင်း ဖျားနာမှု ရှိ /မရှိ ကို စောင့်ကြည့်မယ် စသဖြင့် ဆွေးနွေးပြီး အကာအကွယ်ပစ္စည်း တွေကို ရနိုင်သမျှ အမြန်ဆုံး ဖြည့်ဆည်း နိုင်အောင်လုပ်ပေးဖို့ တပ်ဖြန့် လုပ်ဆောင် လိုက်ပါတယ်။ အဲဒီအခါမှာ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ရှာဝယ်ရတာ အလွန် ခက်ခဲနေပြီ။

 

ရင်းနှီးမြှုပ်နှံမှု ပုံစံကို ပြန်လည်သုံးသပ်သင့်သလား

 

လူတွေရဲ့ Panic buying ကြောင့် ကျန်းမာရေးဌာနတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေတောင် PPE ရှာဝယ်ရခက်နေတယ်တဲ့။ နိုင်ငံကို စီးဝင်လာ တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာ သဘာဝ သယံဇာတကို အခြေခံတာတွေသာ စောစော ပိုင်းကာလတွေမှာ များခဲ့တယ်။ နောက်တော့ ခရီးသွားလုပ်ငန်း အထောက်အကူပြုကဏ္ဍ၊ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှ စက်မှုလုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍတွေမှာ တစ်စ တစ်စ တိုးဝင်လာတာ၊ ဒါပေမဲ့ လူသုံးကုန်တွေ၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ ဆေးဝါးနဲ့ ဆေး ပစ္စည်းကိရိယာ၊ ဆေးရုံသုံး၊ လုံခြုံရေးလုပ်ငန်း သုံး ဝတ်စုံနဲ့ ဆက်စပ်ပစ္စည်း လုပ်ငန်းကဏ္ဍ တွေမှာ ပြည်တွင်းဖူလုံမှုမှသည် ပြည်ပတင် ပို့တဲ့အထိ ရည်မှန်းတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး တွေ ထပ်တိုးလုပ်နိုင်တဲ့ ဈေးကွက်ရှိနေ ကြောင်း ထင်ရှားတာကြောင့် “ကဏ္ဍစုံရင်းနှီး မြှုပ်နှံမှု ဖိတ်ခေါ်မှု ကို တိုးချဲ့ လုပ်ဖို့ သုံးသပ် သင့်လား စဉ်းစားဖို့ဖြစ်လာပါတယ်။

 

ပြည်ပကုန်သွယ်မှုတွေ၊ ကုန်စည် ပို့ဆောင်မှုတွေ တုံ့နှေးသွားချိန်လည်း ရောက်နေ၊ Panic Demand ဖြစ်၊ ဝယ်စုလေ ပစ္စည်းရှားလေ အချိန်ဖြစ်နေပြီး Supply ကနည်း၊ Demand နဲ့ မမျှတော့ဘဲ ဈေးကွက် အားမျှခြေပျက်တဲ့ အနေအထားရောက်နေ ပါတယ်။ ရှားရှားပါးပါး ရှိတဲ့ နှာခေါင်းစည်း၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံတွေကို ထုတ်လုပ်တဲ့ ပြည်တွင်း စက်ရုံတွေလည်း ၂၄ နာရီ လည်ပတ် ထုတ်လုပ်ပေးတာ တောင် Market Demand ကို မမီတော့ဘဲ ထိုစက်ရုံရှိ ဝန်ထမ်းတွေလည်း ကျန်းမာရေး၊ လူမှုရေး စိန်ခေါ်မှုတွေ ရင်ဆိုင်လာရ၊ Push Factors အကြား ရုန်းကန်လာရပါတော့တယ်။ ဒါတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ ကဏ္ဍစုံမျှတစွာ ပါဝင် အောင်ဆောင်ရွက်ရန် မီးမောင်းထိုးလာပါ တယ်။

 

ပြောင်းလဲမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဆိပ်ကမ်းကျန်းမာရေးဌာနခွဲက လာပြီး ကွန်တိန်နာအပြင်ပိုင်း စိစစ်ခြင်း စတဲ့လုပ်စရာရှိတာတွေကို လုပ်ပေးသွား တယ်။ ပူးပေါင်းပါဝင်ရတဲ့အဖွဲ့ကိုဖွဲ့တော့ အနစ်နာခံတတ်တဲ့စိတ်တွေ၊ အချင်းချင်း ငဲ့ညှာတတ်တဲ့ ကြီးသူတစ်ဦးထားရှိရတဲ့ ကျင့်ဝတ်ကို လိုက်နာတဲ့ မွန်မြတ်တဲ့စိတ်၊ ကျား-မ ကွဲပြားမှုအပေါ် အခွင့်အရေးမယူဘဲ ပါဝင်တာဝန်ယူတတ်တဲ့ စိတ်ထားတွေကို အဲဒီနေရာမှာ မြင်လာရတယ်။ ကိုဗစ်မှာ လူတွေရဲ့ စိတ်ခံယူချက်တွေပြောင်းလဲလာတဲ့ သက်သေပါ။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ ကွန်တိန်နာ သေတ္တာကြီးကို ထုတ်ယူနိုင်ပြီဆိုတဲ့ ညွှန်ကြားချက်ရခဲ့ပါ တယ်။ ဒီတစ်ခါ တာဝန်ရှိ OSSC အဖွဲ့က ကောင်းမွန်တဲ့ ခေါင်းဆောင်မှုအောက်မှာ တက်တက်ကြွကြွနဲ့ ဓာတ်ခွဲနမူနာထုတ်ယူ ခြင်း၊ MACCS ပေါ်တင်ဖို့လိုတဲ့ ဓာတ်ပုံ မှတ်တမ်းတွေရယူခြင်းကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သူတို့တွေအဖွဲ့ လိုက် ပြန်လည်ပြီး report back လာလုပ် တော့ ကျွန်မ Coordination and Cooperation ရဲ့ Trade Facilitation အပေါ် အရေးပါမှုကို လက်တွေ့ မြင်ရပြန်ပါပြီ။

 

၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်နေ့မှာ သီလဝါအထူးစီးပွားရေးဇုန်မှာ ဝန်ထမ်းတွေ အလှည့်ကျ အလုပ်လုပ်ခြင်းကို စတင်ခဲ့ရာ မှာ Work from Home (WFH) လုပ်သူတွေ လိုက်နာဆောင်ရွက်ရမယ့် အက်စ်အိုပီကို စတင်အသုံးပြုပြီး ကိုဗစ်ရောဂါပိုးပြန့်ပွား ကူးစက်ခြင်းကို ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ အစီအမံနဲ့ ပိုးသတ်ဆေးဖျန်းခြင်းတွေကို TSMC ကိုယ်တိုင် ဆောလျင်စွာ လုပ်ဆောင် ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူအားလုံးထံ လိုအပ်တဲ့ လမ်းညွှန်ချက်တွေ အချိန်နဲ့တစ်ပြေးညီ အသိပေးလုပ်ဆောင်ခဲ့ကြပါတယ်။

 

Essential Goods သတ်မှတ်ပေးဖို့ လုပ်ငန်းတချို့က တောင်းဆိုတာတွေ့ရပါ တယ်။ စားသုံးသူတွေရဲ့ ဝယ်ယူမှုပုံစံဟာ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် မြန်မာနိုင်ငံမှာ ကိုယ်တိုင် Wet-market တွေ၊ Super Market တွေကို သွားဝယ်ရာကနေ အွန်လိုင်း ဝယ်ယူမှု၊ အိမ်အရောက် ပို့ဆောင်မှု၊ Door to Door Delivery ပုံစံကို ပြောင်းလာတော့ မယ်ဆိုတာ ကြိုတင်မှန်းဆပြင်ဆင်လာနေ ခြင်း ဖြစ်ပါတယ်။

 

သွားလာမှုကန့်သတ်တာကို ပထမ တော့ လူတွေ သည်းခံနိုင်ကြပေမယ့် ကာလ နည်းနည်း ရှည်လာတာနဲ့အမျှ စားဝတ်နေ ရေး၊ စီးပွားရေး၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုတွေ ထိခိုက်လာပြီး ခံနိုင်ရည် တွေ လျော့ပါးလာပါတော့တယ်။ နိုင်ငံတော် အနေနဲ့ ကိုဗစ်-၁၉ ကာလနဲ့စပ်လျဉ်းပြီး ဝန်ထမ်းအင်အား တစ်ဝက်စီနဲ့ ရုံးလုပ်ငန်း တွေဆောင်ရွက်စေခြင်း၊ ဘဏ်တိုးနှုန်း လျှော့ခြင်း၊ ထိခိုက်မှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို ချေးငွေစီစဉ်ပေးခြင်း၊ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုး စရိတ်ချေးငွေပမာဏ တိုးခြင်းစတာတွေ၊ CMP လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း တွေ ၂၀၁၉-၂၀၂၀ အတွက် ပေးဆောင်ရမယ့် ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ထမ်း ဆောင်ရမယ့်ကာလ နောက်သို့ရွှေ့ဆိုင်းပေး ခြင်း၊ ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံ တဲ့ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေး ခြင်း၊ လျှပ်စစ်မီတာခကို သတ်မှတ်ကာလ၊ သတ်မှတ်ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်ပေးခြင်း ၊ COVID - 19 Economic Relief Plan အစီအစဉ် ထုတ်ပြန်ခြင်း အစရှိ သဖြင့် အရေးယူလုပ်ဆောင်မှုတွေကို လက်ဦး မှုယူကာ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက် ခဲ့ပြီး အကောင်အထည်ဖော်ရာမှာလည်း အစိုးရ၊ ပုဂ္ဂလိကနဲ့ ပြည်သူတွေ လက်တွဲ ပူးပေါင်းဆောင်ရွက်မှု ပြုကြပါတယ်။

 

၂၀၂၀ ပြည့်နှစ် ဧပြီလ ၈ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်က အဖွဲ့ဝင် ၁၂ ဦးပါတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ပညာရှင်အဖွဲ့ မြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။ ဆွေမျိုးပေါက်ဖော် မေတ္တာနက်ရှိုင်း၍ အပြန်အလှန်ကူညီ ဖေးမပေး၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက်တွဲ တိုက်ဖျက်၊ အခက်အခဲ အတူရင်ဆိုင်ကျော်လွှား ဆောင်ပုဒ်ဖြင့် သူတို့ရောက်လာတာက ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေအကြား နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မှုကို ဖော်ညွှန်းခဲ့ပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံ တွေနဲ့ အခြားနိုင်ငံတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးတက်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ကိုဗစ် - ၁၉ ကာကွယ် တိုက် ဖျက်ရေးဆောင်ရွက်မှုကို ကမ္ဘာကို သိစေခဲ့ပါ တယ်။

 

၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၁ ရက်နေ့မှာ တော့ ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ဆေး လူမှာ စမ်းသပ်ထိုးနှံမှုကို ဧပြီလ ၂၃ ရက်နေ့မှာ စတင်တော့မယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပြီး ယခုအခါ ရောဂါ ကာကွယ်ဆေး နဲ့ ကုသဆေးတွေကို ထုတ်လုပ်ခြင်း၊ စမ်းသပ် ခြင်းလုပ်ငန်းမှာ နိုင်ငံများစွာ ပိုမိုပါဝင်လာပါ တယ်။ မိမိသဘောဆန္ဒနဲ့ စမ်းသပ်မှုမှာ ပါဝင်လာတာ မိသားစုအလိုက်တောင် ရှိနေပြီမို့ မကြာခင် ဈေးကွက်ထဲကို ဆင်းရဲသူတွေပါ သုံးနိုင်မယ့် ဈေးနှုန်းမျိုးနဲ့ ထုတ်လုပ်ပေးနိုင် အောင် ရည်မှန်းချက်ထား ကြိုးပမ်းနေတာ ကြားသိရပါတယ်။

 

သင်္ကြန်ကာလကို ကျော်လာပြီး လုပ်ငန်း ခွင် ပြန်ဝင်ကြပါတယ်။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေကို ပြန်ဖွင့်ရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လမ်းညွှန်ချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ထုတ်ပြန် လိုက်ပြီး အမှန်တကယ်ညီညွတ်မှုကို ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များက စစ်ဆေးပြီးမှ လုပ်ငန်းစခွင့်ပေးခြင်းဖြင့် ကျွန်မတို့ ဒီကမ္ဘာ့ကပ်ရောဂါကြီးရဲ့လှိုင်းကို ကျော်လွှားဖို့ တစ်ဆင့်ကြိုးစားခဲ့ကြပါတယ်။

 

သီလဝါ အထူးစီးပွားရေးဇုန်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ စက်ရုံ၊ အလုပ်ရုံ အလုပ်ဌာနတွေကို ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက ပထမဆုံး စက်ရုံတွေကို စစ်ဆေးတဲ့ ၂၂-၄-၂၀၂၀ ရက်နေ့မှာပဲ စတင် ပါဝင်ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ထိုလုပ်ငန်းစဉ် ကို ရင်းနှီးမြှုပ်နှံသူတွေ၊ ရင်းနှီး တည်ဆောက်သူတွေအနေနဲ့ ဆောလျင်စွာ ပါဝင်စစ်ဆေးခံလိုကြောင်း ဖော်ပြခဲ့တာကြောင့် စစ်ဆေးခံနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ် ကြောင်း သက်သေထူလိုက်နိုင်ပါတယ်။

 

ကြုံတွေ့ခဲ့ရသည်မှာ

 

သီလဝါအထူးစီးပွားရေးဇုန်ဟာ မြန်မာ နိုင်ငံတစ်ဝန်းလုံးမှာရှိနေတဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ၊ မြေနေရာ အကျယ်အဝန်းတွေ၊ စက်ရုံအလုပ်ရုံအရေအတွက်နဲ့ ယှဉ်ကြည့်ရင် မြန်မာ့မြေပုံပေါ်မှာ ဆေးစက်ချတဲ့ အစက် သေးသေးလေးပါ။ စက်ရုံ အလုပ်ရုံပေါင်း ၁၂၀ နီးပါးပဲ ရှိတာပါ။ ဒီအတွေ့အကြုံ သေးသေး လေးက ပေးတဲ့အချက်တွေအရ သီလဝါအထူး စီးပွားရေးဇုန်အနေနဲ့ ကိုဗစ်-၁၉ ကို ဖြတ် ကျော်ရာမှာ ကြုံတွေ့ခဲ့၊ ရယူခဲ့ရတာတွေက တော့-

 

(၁) ပင်လယ်ရေကြောင်း ကုန်သွယ်မှု များစွာ မထိခိုက်သော်လည်း လေကြောင်းနဲ့ နယ်စပ်/ ကုန်းလမ်းက ကုန်ကြမ်းတွေ၊ စက် ပစ္စည်း ကိရိယာ၊ ဆောက်လုပ်ရေးသုံးကုန်တွေ ဝင်တာ ရပ်ဆိုင်းသွားလို့ အခက်အခဲလေးတွေ ကြုံခဲ့ရပါတယ်။ တရုတ်နိုင်ငံဘက်ကဝင်တဲ့ ပစ္စည်းတွေက ခရစ္စမတ်မတိုင်ခင်က ဝင်ထား တာဖြစ်ပြီး အရင်နှစ်တွေလို တရုတ်နှစ်သစ် ကူး ပိတ်ရက်ရှည်မတိုင်ခင် ဝင်ထားတာတွေ လည်း ရှိပါတယ်။ ဒါကြောင့် ကုန်ကြမ်းပြတ်လို့ လုပ်ငန်းရပ်ရတော့မယ်ဆိုတဲ့ အခြေအနေမျိုး မကြုံခဲ့ရပါ၊ ကုန်ကြမ်းတင်သွင်းမှုကို အမြင့် ဆုံးအထိ ခွင့်ပြုထားပြီး တင်သွင်းမှု၊ အမှန် သုံးစွဲမှုအနေအထားကို Bill of Materials (BOM)၊ Export Declaration(ED) တွေကနေ ထိန်းချုပ် တာဖြစ်လို့ အခြားစက်ရုံတွေ၊ စက်မှုဇုန်တွေလို စိန်ခေါ်မှု မကြီးမားခဲ့တာဖြစ်ပါတယ်။ ပို့ကုန် သွင်းကုန် ကွန်တိန်နာ ဝန်ဆောင်မှုအခြေအနေ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် အရှိန်တက်ချိန်ဟုခေါ်ရမယ့် ၂၀၂၀ ပြည့်နှစ် မတ်လ-ဧပြီလ ကာလအတွင်း ပို့ကုန် သွင်းကုန် စုစုပေါင်း လျော့နည်းမှု မတွေ့ခဲ့ရပါ။ သင်္ကြန် ကာလအလွန်မှာ ပိတ်ရက်တွေအတွင်း စုပုံနေ တဲ့ကွန်တိန်နာတွေ စုပေါင်းဝင်ရောက်လာတဲ့ အတွက် လက်ခံစစ်ဆေးပေးရတဲ့ ကွန်တိန်နာ အရေအတွက် တိုးတက်လာကြောင်း တင်ပြ အပ်ပါတယ်။

 

(၂) လုပ်ငန်းတွေ ဆက်လက်လည်ပတ် နေပြီး ရပ်ဆိုင်းမသွားခဲ့တာကြောင့် လုပ်သား များအဖို့ လုပ်ငန်းနေရာ ပျောက်ခြင်း၊ အလုပ် လက်မဲ့ ဖြစ်သွားမှုမရှိခဲ့ပါ။

 

(၃) Supply Chain Chaos တွေက သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံတွေနဲ့ logistics လုပ်ငန်းတွေရဲ့ တိုးတက်မှု အရှိန် အပေါ် သက်ရောက်မှု အနည်းငယ်ဖြစ်စေခဲ့လို့ လုပ်ငန်းတွေရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှု ဖြစ်ကောင်းဖြစ်လာမယ်လို့ ခန့်မှန်းနိုင်ပါ တယ်။ ဇုန်တစ်ခုလုံးအနေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၂ ရာခိုင်နှုန်းခန့်က ပြည်တွင်း ဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ် တဲ့ပစ္စည်းတွေကလ ည်း စားသုံးကုန်၊ စက်မှုသုံး ကုန်၊ စက်မှုသုံး ဓာတ်ငွေ့အမျိုးမျိုး၊ လူနဲ့ တိရစ္ဆာန်ကျန်းမာရေး အာဟာရတွေ၊ ဆေးဝါး တွေ၊ လယ်ယာသုံးပစ္စည်းတွေနဲ့ လယ်ယာ သုံးသွင်းအားစုတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ၊ ပိုးသတ်ဆေး စတာတွေ ဖြစ်ပါတယ်။ သီလဝါအထူးစီးပွား ရေးဇုန်မှာ ပို့ကုန်အခြေပြုလုပ်ငန်း သိပ်မများ သေးတာကြောင့် စုစုပေါင်းအနေနဲ့ စီးပွားရေး အရ သက်ရောက်မှုဟာ အဆိုးဆုံး အခြေအနေ မဟုတ်နိုင်ကြောင်း သုံးသပ်နိုင်ပါတယ်။ လက် တွေ့မှာ သီလဝါအထူးစီးပွားရေးဇုန်ထုတ် ပစ္စည်းတွေက ကိုဗစ်ကာလ မြန်မာ့ဈေးကွက် လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

 

(၄) စက်ရုံတွေရဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှုကိစ္စ၊ အမှိုက်ကိစ္စ၊ လုပ်ငန်းခွင် ကျန်းမာရေးနဲ့ ထိခိုက်မှုကင်းရေးကို အပြည် ပြည်ဆိုင်ရာစံများ၊ နိုင်ငံတကာအဖွဲ့တွေရဲ့ အကြံပေးမှုတွေနဲ့အညီ လုပ်ဆောင်နေတာ ကြောင့် ယခု ကပ်ရောဂါအချိန်မှာ စက်ရုံတွေရဲ့ ကျန်းမာရေးသုံးပစ္စည်းတပ်ဆင်ခြင်း၊ ဖြည့်စွက် ခြင်း၊ ပြုပြင်ခြင်းတွေမှာ များစွာထပ်မံ လုပ်ဆောင်မှုတွေ မလိုအပ်ခဲ့ပါ။

 

(၅) လုပ်ငန်းတွေကို အဆင့်မြင့်နည်း ပညာနဲ့ အီလက်ထရောနစ်စနစ်တို့နဲ့ ဆောင် ရွက်ခြင်းကို သီလဝါအထူးစီးပွားရေးဇုန်မှာ ၂၀၁၆ ခုနှစ်ကပင် စတင်ကျင့်သုံးခဲ့ခြင်း၊ Flat Structure နဲ့ လုပ်ငန်းဆောင်ရွက်ခြင်း စသည်တို့က WFH လုပ်သော်လည်း စိန်ခေါ်မှု တစ်ရပ် မဖြစ်ခဲ့ပါ။ နည်းပညာကို ယခင် ကတည်းက တွင်တွင်ကျယ်ကျယ် သုံးခဲ့လို့ စိန်ခေါ်မှု မကြီးမားခဲ့ခြင်း ဖြစ်ပါမယ်။

 

(၆) လူတွေရဲ့ဝယ်ယူစားသုံးမှု ပုံစံက လျင်မြန်စွာ ပြောင်းလဲလာပါပြီ။ မိမိတို့ နိုင်ငံမှာ အိမ်ချက်ဆိုတဲ့ စိတ်တွေကနေ အခု Delivery Food တွေကို ပြောင်းလဲစားသုံးလာတာကြောင့် အထူးသဖြင့် အမျိုးသမီးများ ပိုမိုဝင်ငွေရှာလာ နိုင်ပြီး GDP တွက်ချက်မှုပါ လုပ်ငန်းတွေမှာ အမျိုးသမီး ထုတ်ကုန်တွေ၊ လုပ်အားမှ ရငွေ တွေ ပိုမိုပါဝင်လာတော့မှာပါ။ (ကာလရှည်မှာ အမျိုးသမီးတွေအတွက် သီးသန့်ဘတ်ဂျက် ရာခိုင်နှုန်းလည်း ပေါ်လာကောင်း ပေါ်လာနိုင် မယ်လို့ မျှော်လင့်ရပါတယ်။)

 

(၇) Zoom Meeting တွေ မည်သို့ပင် စီစဉ်ပေးစေကာမူ အချို့သော လုပ်ငန်းရှင်တွေ နဲ့ ဝန်ဆောင်မှုပေးသူတွေက လူကိုယ်တိုင် လာရောက် စုံစမ်းမေးမြန်းခြင်းကိုသာ စိတ်အားထက်သန်ကာ အသုံးပြုနေခြင်းဟာ OSSC ရှိ ဝန်ထမ်းတွေအတွက် အကာအကွယ် ပစ္စည်းတွေ ဘယ်လိုပင် သုံးစွဲစေကာမူ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်ချက်အဖြစ် ဆက်လက်ရှိနေဆဲပါ။

 

(၈) WFH တွေကြောင့် အင်တာနက် တွေလည်း ပိုသုံးလာပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ စီမံအုပ်ချုပ်မှုဌာနခွဲတွေက ဒီပုံစံကို အဓိက စပြီးအသုံးပြုလာပါပြီ။ web Conference ၊ Virtual Media Conference တွေကလည်း အတော်လေး ပေါ်ပြူလာ ဖြစ်လာနေတာမို့ အစည်းအဝေးခန်းမနေရာ လိုအပ်ချက်တွေ၊ ရုံးခန်းနေရာအကျယ် လိုအပ်မှုတွေ လျော့နည်းလာပါမယ်။ ဒါကြောင့် အလုပ်ရုံ၊ ရုံးခန်းတည်ဆောက်ရေး လုပ်ငန်းရှင်တွေအနေနဲ့ Business Plan ကို စဉ်းစားစရာ တစ်ရပ်ဖြစ်လာပါတယ်။

 

(၉) စက်မှုကုန်စည်ထုတ်လုပ်သူတွေ အနေနဲ့ တစ်လိုင်းသွား (ဇောက်ချထုတ်လုပ်မှု)ပုံစံမှ Products Diversification လုပ်ခြင်း ပြုနိုင်ဖို့အတွက် စာရင်းအင်း အချက်အလက် တွေ၊ နည်းပညာတွေ၊ သွင်းအားစုတွေကို စုဆောင်းပြင်ဆင်ခြင်း၊ logistics လုပ်ငန်း တွေအနေနဲ့ ထောက်ပံ့ပို့ဆောင်ပေးရတဲ့ ဝန်ဆောင်မှုဆိုင်ရာ စာရင်းတွေ၊ နည်းပညာ သစ်တွေ၊ ပို့ဆောင်ရေး ပုံစံသစ်တွေကို ပြန်လည်သုံးသပ်ခြင်း၊ စီမံခန့်ခွဲမှု ပုံစံသစ်တို့ ကို လုပ်ဆောင်သင့်ကြောင်း ကိုဗစ် -၁၉ အချိန်မှာ ဈေးကွက်၊ စားသုံးသူနဲ့ဝန်ဆောင် မှုရယူသူတို့ရဲ့ အပြုအမူနဲ့တုံ့ပြန်မှုတွေ၊ ဖော်ပြချက်တွေအရ လေ့လာသင်ယူနိုင်ခဲ့မှာ ဖြစ်ပါတယ်။

 

ဂုဏ်ယူပါသည် ကိုဗစ်ကာလ အတူကျော်ဖြတ်သူ

 

သီလဝါအထူးစီးပွားရေးဇုန်လို Multi-Purposes Special Economic Zone ရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် လိုအပ် တဲ့ဝန်ဆောင်မှုတွေကို ပေးနေတဲ့ OSSC အမှုထမ်း၊ အရာထမ်းများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေရှိ ပုဂ္ဂလိကဝန်ထမ်းတွေဟာ နိုင်ငံတော်ရဲ့ Trade and Investment Facilitation လုပ်ငန်းစဉ်တွေ အရှိန်မရပ် သွားဖို့ အသက်အန္တရာယ်ကိုပင် သတိမမှုဘဲ စည်းလုံးညီညွတ်စွာ တာဝန်ထမ်းလျက် ရှိပါတယ်။ သူတို့ရဲ့ဝန်ဆောင်မှုဟာ လူနာ တွေအတွက် လိုအပ်နေတဲ့ ဆေးဝါး၊ ဆေးနဲ့ ကျန်းမာရေးသုံးပစ္စည်းတွေ၊ ပြည်သူတွေ လိုအပ်နေတဲ့ လူသုံးကုန်တွေ၊ အစားအစာတွေ၊ စက်မှုလုပ်ငန်းတွေက လိုအပ်တဲ့ကုန်တွေကို လိုတဲ့နေရာကို အချိန်မီရောက်ရှိဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေသူတွေ ဖြစ်ပါတယ်။

 

စက်ရုံ အလုပ်ရုံတွေ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်းက လုပ်သားပေါင်းများစွာနဲ့ မှီခိုသူမိသားစုတွေအတွက် ဘဝလုံခြုံမှုကို ကာကွယ် စောင့်ရှောက်ပေးရာ ရောက်ပါ တယ်။ ဒါ့ကြောင့် Trade and Investment Facilitation လုပ်ငန်းစဉ်မှာ တစ်ထောင့် တစ်နေရာကနေ ပါဝင်နေကြတဲ့ ရင်းနှီးမြှုပ်နှံ သူတွေ၊ ရင်းနှီးတည်ထောင်သူတွေ၊ ပုဂ္ဂလိက ဝန်ထမ်းတွေ၊ TSEZ MC နဲ့ OSSCs က ဝန်ထမ်းတွေ၊ အထူးသဖြင့် တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံတွေ ဝတ်ဆင်ပြီး တာဝန် ထမ်းဆောင်နေတဲ့ အကောက်ခွန် ဝန်ထမ်းတွေ နဲ့ နိုင်ငံစီးပွားရေးယန္တရား ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နိုင်ဖို့ တာဝန်ထမ်း ဆောင်နေသူ အသီးသီးတို့အား ဤဆောင်းပါး ဖြင့် ဖော်ထုတ်ဂုဏ်ပြုလျက် ကိုဗစ်-၁၉ ရဲ့ ဆက်လက် လာလတ္တံသော လှိုင်းတွေကို လည်း လက်တွဲပြီး အတူတကွ ဆက်လက် ကျော်ဖြတ် သွားမယ်ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

 

ချိုချိုဝင်း(ဘောဂဗေဒ)