သီချင်းခွေထဲမှာ သေနတ်ကိုင်သရုပ်ဆောင်ခဲ့တဲ့ အမေရိကန် ရက်ပ်ပါတစ်ဦး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

နယူးယောက် ၁ ဖေဖော်ဝါရီ

 

သီချင်းခွေတစ်ခုထဲမှာ သေနတ်ကိုင်ဆောင်ပြီး သရုပ်ဆောင်ခဲ့တဲ့အတွက် ယခင်ကလည်း ပြစ်မှုကျူးလွန်ဖူးသူ အမေရိကန် ရက်ပ်ပါတစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တယ်လို့ အမေရိကန် ရှေ့နေတွေက ဇန်နဝါရီ ၃၁ ရက် ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

 

ချီကာဂိုမြို့က လူသိနည်း အဆိုတော်တစ်ဦးဖြစ်သူ ရီကာဂို ဘာဂိုဟာ Nation လို့အမည်ပေးထားတဲ့ သီချင်းခွေထဲမှာ သေနတ်နှစ်လက်ကို ဒေါသတကြီး ဝှေ့ယမ်းကိုင်ဆောင်ရင်း မူးယစ်ဆေးဝါး ရောင်းချတဲ့အကြောင်း၊ အကြမ်းဖက် အပြုအမူတွေအကြောင်း၊ ဥပဒေကို လေးစားမှုမရှိတဲ့အကြောင်းတွေကို ရက်ပ်စာသားတွေအဖြစ် ထည့်သွင်းသီဆိုခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

 

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်မှုဖြေလျော့မှုအရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်နက် ကိုင်ဆောင်ထားမှုအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဘာဂိုဟာ ယခင်ကလည်း ကိုကင်းနဲ့ ဟီရိုးအင်း မူးယစ်ဆေးဝါးရောင်းချမှု ကျူးလွန်ခဲ့သူဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်တာ ထင်ရှားတဲ့အတွက် သူ့ကို အင်္ဂါနေ့က ထောင်ဒဏ် ၁၈၈ လ ကျခံဖို့ ချီကာဂိုတရားရုံးချုပ် တရားသူကြီး ရောဘတ် ဂတ်ဇ်မန်းက စီရင်ချက်ချခဲ့တာပါ။

 

ရှေ့နေတွေရဲ့ အပြောအရ ဗီဒီယိုပြကွက်မှာပါရှိတဲ့ သေနတ်တစ်လက်ဟာ ပွိုင့် ၄၅ စီမီးအော်တိုမတ်တစ် ပစ္စတိုဖြစ်ပြီး အိမ်နီးချင်း အင်ဒီယာနာ စတိုးဆိုင်ကနေ ခိုးယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူရဲ့ ဗီဒီယိုရိုက်ကူးမှုမပြုလုပ်ခင် အဲဒီသေနတ်ကို ချီကာဂိုပစ်ခတ်မှုတစ်ခုအတွင်းမှာ အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

 

၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်းက ချီကာဂိုဆင်ခြေဖုံးရပ်ကွက်ရှိ ဟိုတယ်ခန်းတစ်ခုမှာ ရိုက်ကူးခဲ့တဲ့ အဲဒီဗီဒီယိုကို အွန်လိုင်းမှာ  ဗုဒ္ဓဟူးနေ့က ချက်ချင်းရှာမတွေ့ခဲ့ဘူးလို့ ရှေ့နေတွေက ပြောဆိုထားပါတယ်။ ဘာဂိုကိုတော့ မကြာမီအချိန်အတွင်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

 

(MDN)

ကိုးကား-AFP