သီးစုံဘေကွန်ထမင်း

ဂျပန်စတိုင် ချက်ပြုတ်နည်းမှာ ပဲငံပြာရည်ကတော့ မပါမဖြစ်တဲ့ အမယ်တစ်မျိုးပါ။ သူက ဟင်းပွဲတွေရဲ့ အရသာနဲ့ ရနံ့ကို ပိုကောင်းစေပါတယ်။

 

ပြင်ဆင်ရန် ( ၃ဦးမှ ၄ဦးအတွက် )

 

•  ထမင်း  ပန်းကန်လုံး ( နှစ်) လုံးစာ

 

•  ဘေကွန် ၁၀ဝ ဂရမ် ( ပါးပါးလှီးထားပါ။)

 

•  ပြောင်းဖူးပြုတ်စေ့ စားပွဲဇွန်း(၆) ဇွန်း (စည်သွပ်ဗူးနဲ့လာတာကိုလည်း အသုံးပြုလို့ရပါတယ်။)

 

•  သခွားသီး တစ်ပိုင်း  ၅၀ ဂရမ်

 

•  မုန်လာဥနီ ၃၀ ဂရမ်

 

•  (celery) တရုတ်နံနံအပင်ကြီး အရိုး  ၅၀ ဂရမ်

 

•  ဆား စားပွဲဇွန်း တစ်ဝက်

 

•  ပဲငံပြာရည် စားပွဲဇွန်း ၂ ဇွန်း

 

•  ဆာကေး စားပွဲဇွန်း ၁ ဇွန်း

 

•  အပူအစပ်အရသာနှစ်သက်ရင် ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်နိုင်ပါတယ်။

 

ပြင်ဆင်ပုံ

 

၁။ ဘေကွန် (ဝက်ပေါင်ခြောက်)ကို ၈ မီလီမီတာအရွယ် အချောင်းပါးပါးလေးတွေ ဖြစ်အောင် လှီးပါ။ ပြောင်းဖူးစေ့ပြုတ်တွေကို ရေစစ်ထားပါ။

 

၂။ သခွားသီးကို အလျားလိုက် ထက်ဝက်ခြမ်း၊ အစေ့တွေကို ဇွန်းနဲ့ ကော်ထုတ်ပြီး ၃ စင်တီမီတာအရွယ် အချောင်းလေးတွေဖြစ်အောင် လှီးပါ။ မုန်လာဥနီနဲ့ ဆလာရီနံနံပင်အရိုးတွေကိုလည်း အရွယ်တူ လှီးပါ။

 

၃။ ဇလုံတစ်ခုထဲမှာ ဆားရည်ဖျော်ထားပါ။ ရေ ၆၀ဝ မီလီလီတာမှာ ဆား စားပွဲဇွန်း တစ်ဇွန်း ထည့်ပါ။ ပါးပါးလှီးထားတဲ့  သခွားသီး၊ မုန်လာဥနီနဲ့ နံနံပင်အရိုးတွေကို ဆားရည်ထဲမှာ နာရီဝက်လောက် စိမ်ထားပြီး အသီးအနှံတွေ ပျော့ပြောင်းလာတဲ့အခါ ဆားရည်ထဲကနေဆယ်ပြီး ရေညှစ်ပါ။ ရေခြောက်သွားစေဖို့အတွက် ပိတ်ပါးစထဲထည့်ပြီး  ရေထပ်ညှစ်ပါ။ လုံးကျစ်နေတဲ့ အသီးအနှံ အချောင်းလေးတွေကို ပိတ်ပါးစထဲက ထုတ်ပြီး  အသာအယာ ပြန်ဖွပေးပါ။

 

၄။ ဒယ်အိုးကို အပူပေးပြီး  ဘေကွန်တွေကို ကြော်ပါ။ ဘေကွန်ချောင်းလေးတွေ ကြွပ်လာတဲ့အခါ  မီးပိတ်ပြီး ဒယ်အိုးထဲက ဆယ်ထုတ်ပါ။ ပဲငံပြာရည် နဲ့ ဆာကေးကို ဘေကွန်ကြော်ပြီးကျန်တဲ့ ဆီထဲ ရောထည့်ပါ။

 

၅။ ထမင်းတွေကို ဇလုံကြီးကြီးတစ်ခုထဲထည့်ပြီး ဆား၊ ဘေကွန်ကြော်ဆီနဲ့ ပဲငံပြာရည်အရော၊ ဘေကွန်တို့ ထည့်ပြီး နှံ့အောင် နယ်ပါ။ ပါးပါးလှီးထားတဲ့ အသီးအနှံတွေနဲ့ ပြောင်းဖူးစေ့လေးတွေကို အပေါ်ကနေ ဖြူးပြီး ပြင်ဆင်ပါ။ အသီးအနှံတွေနဲ့ ထမင်းကို နည်းနည်းမွှေပေးပြီး သုံးဆောင်နိုင်ပါပြီ။ အစပ်အရသာ ကြိုက်သူတွေကတော့  ငရုတ်ကောင်းမှုန့်ထည့်နိုင်ပါတယ်။

 

ကိုးကား- NHK