သွေးတိုးတက်စေနိုင်တဲ့ လက်နက်ပုန်းတွေ သင်သတိထားမိရဲ့လား

၂၃ စက်တင်ဘာ

 

သွေးတိုးစာတွေမစားပါနဲ့ ဆိုလို့ ဟင်းထဲ ဆားလျှော့ချက်တယ်။ ငါးပိ၊ ငါးခြောက် မစားဘူး၊ အငန်လျှော့စားတယ်ဆိုပေမယ့် သွေးပေါင်တက်နေတုန်းပဲဆိုတော့ သွေးပေါင်တက်စေတဲ့ တရားခံတွေက ရှိနေတာသေချာပါပြီ။ နေထိုင်မှုပုံစံနဲ့ စိတ်ဖိစီးမှုကလွဲရင် အစားအသောက်ကို အရင်ဆင်ခြင်ရမှာပါပဲ။ ကိုယ် စားနေတဲ့ အစားအသောက်တွေထဲက ကိုယ်မသိလိုက်တဲ့ အငန်ဓာတ်များတာတွေ ပါနေနိုင်ပါတယ်။

ပေါင်မုန့်

ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုမြင့်မားပြီး ခွန်အားပြည့်စေတာကြောင့် အရေးပါတဲ့အာဟာရတစ်ခုပါ။ ဒါပေမယ့် ပေါင်မုန့်တွေက အရသာငန်မနေရင်တောင် အငန်ဓာတ်ပါဝင်မှုနဲ့ ဆိုဒါတွေကြောင့် သွေးဖိအားမြင့်တက်စေနိုင်ပါတယ်။ သကြားလျှော့၊ အငန်လျှော့တဲ့ ပေါင်မုန့်တွေကလွဲလို့  ဈေးကွက်မှာဖြန့်ချိထားတဲ့ ပေါင်မုန့်အများစုမှာတော့ ထုတ်လုပ်မှုမှာတည်းက ဆားပါဝင်မှုများတတ်ပါတယ်။


ပီဇာ


ပေါင်မုန့်လိုပဲ ပီဇာမှာ အငန်ဓာတ်ပါဝင်မှု များပါတယ်။ အငန်လျှော့စားနေတဲ့ သူတစ်ယောက်ဆိုရင်တော့ ပီဇာကိုပါရှောင်ပါတော့။ ခရမ်းချဉ်သီးအနှစ်တွေနဲ့ ဆော့စ်အတော်များများမှာ အငန်ဓာတ်များတယ် (အကင်ဆော့စ်ဆိုပိုဆိုးပါတယ်)၊ ချိစ်မှာလည်း အငန်ပါတယ်၊ ပီဇာမှာထည့်တဲ့ topping တွေ (ပြုပြင်စီမံထားတဲ့ အသားပြား/ကြက်အူချောင်းစတာတွေပါဝင်နိုင်)မှာလည်း အငန်ဓာတ်က ပါနေမှာဆိုတော့ ပစ်မလွဲတရားခံဖြစ်နေပါတယ်။


အေးခဲအသား


စူပါမားကတ်တွေမှာ ရေခဲရိုက်ပြီး ကြာကြာထားထားတဲ့အသားတွေ၊ ဈေးထဲက ရေခဲရိုက်ငါးတွေမှာ အငန်ပါနေတတ်ပါတယ်။ ဆားသိပ်မထည့်ဘဲ ငန်နေတတ်တဲ့ ငါးတွေ စားဖူးကြတယ်မဟုတ်လား။ နောက်တစ်ခုက ပြုပြင်စီမံထားတဲ့ ကြက်အူချောင်း၊ဟော့ဒေါ့၊ အသားပြားတွေ၊ နိုင်ငံခြားကဝင်တဲ့ အသားတွေ မှာ ဆိုဒီယမ်ပါဝင်မှုမြင့်ပါတယ်။


ဟင်းရည်


အနီးစပ်ဆုံးပြောရရင်တော့ ဟော့ပေါ့ဟင်းရည်ပေါ့။ အသားပြုတ်ရည်ဆိုပေမယ့် ဆိုင်တော်တော်များများက အရသာဖျော်စပ်ထားပြီးသား ဖြစ်တာများပါတယ်။ အချိုအငန်ပါပြီးသား ဟင်းရည်ကို ကြာကြာကျိုပြီး တအိုးလုံးကုန်အောင်သောက်ကြတဲ့အခါ ဆော့စ်လေးကလည်းပါဦးမယ်ဆိုတော့ တချီတည်းနဲ့ အငန်ဓာတ်တွေတပုံကြီးရသွားနိုင်ပါတယ်။ ဒါမှမဟုတ် တုန်ယမ်းဟင်းချို၊ ၁၂ မျိုးဟင်းချို စတဲ့ ဟင်းရည်မှန်သမျှကိုလည်း ပမာဏသတိထား စားသောက်သင့်ပါတယ်။


သရေစာမုန့်


အာလူးကြော်၊ တို့ဖူးကြော်တို့လို snack မုန့်တွေ မှာလည်း အချို၊အငန်အရသာတွေထည့်ထားတာများလို့ သိပ်မစားသင့်ပါဘူး။ ဘယ်နှထုပ်စားမိလဲ၊ အရသာပြင်းလား၊ လေးလား ဆိုတာလည်း သတိထားပါ။


ကြက်ကြော်


ကြက်သားမှာ သဘာဝအတိုင်းကိုက ဆိုဒီယမ်အနည်းငယ်ပါဝင်တတ်ပါတယ်။အရသာတွေနဲ့ ကြာကြာနှပ်ထားတဲ့အပြင် မုန့်နှစ်ကပ်ပြီး ကြော်လိုက်တဲ့အခါ အရသာရှိတဲ့ ဆားပုလင်းဖြစ်လာပါတော့တယ်။

 

ပြောပြပြီးပြီဆိုတော့ သတိထားသာ စားကြတော့နော်။ ဒါတွေကို လုံးဝရှောင်ရမှာမဟုတ်ပေမယ့် လျှာမှာမငန်သရွေ့ အငန်မများဘူးထင်နေမှာစိုးလို့ပါ။ လျှာပေါ်မှာ မငန်လည်း ဗိုက်ထဲရောက်မှ သွေးပေါင်တက်လာနိုင်တာကြောင့်ပမာဏချင့်ချိန်စားပါ။  သွေးတိုးရဲ့နောက်ဆက်တွဲဆိုတာ ခေါင်းမူးရုံနဲ့ ရပ်မသွားလို့ပါပဲ။ ကြောက်စရာကောင်းတဲ့ သွေးတိုးရောဂါဟာ နှလုံး၊ ဆီးချို စတဲ့ ရောဂါကြီးတွေအတွက် တံခါးတစ်ချပ်ဖြစ်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။

 

ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”