“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်နှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

ရန်ကုန်  ၂၇   ဇန်နဝါရီ 

မြန်မာနိုင်ငံတိုင်းရင်းသာလုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းကျင်းပမည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်နှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း ကျင်းပခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”ပွဲတော်ကြီးအား ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ တိုင်းရင်းသားလူမျိုးပြခန်းများအနေဖြင့် ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း စသော ပြခန်း ၈ ခန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပြခန်း ၆ ခန်းတို့အပြင် မြန်မာနိုင်ငံတိုင်းရင်း သားလုပ်ငန်းရှင်များအသင်းပြခန်းနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနပြခန်း စုစုပေါင်း ပြခန်း ၁၆ ခန်း ပါဝင်ပြသမည်ပြီး ညီနောင်အသင်းများဖြစ်သော မြန်မာနိုင်ငံသစ်တောထွက်လုပ်ငန်းရှင်များအသင်းမှလည်း ပြခန်း ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကြီးအတွင်း ဆိုင်ခန်းများကို ဇုန် ၃ ဇုန် ခွဲခြားထားပြီး ဇုန် A တွင် အီလက်ထရောနစ်ပစ္စည်းများ၊ ဆေးဝါးများ၊ ပိုးထည်အစရှိသော ပစ္စည်းများပါဝင်ကာ ဆိုင်ခန်းပေါင်း ၁၇၁ ခန်း နေရာချထားမည်ဖြစ်ပြီး ဇုန် B တွင် ၁၀ ပေပတ်လည်အခန်းများ ပါဝင်ကာ အထည်အလိပ်များ၊ တိုင်းရင်းသားရိုးရာအဝတ်အထည်များကို ပြသမည်ဖြစ်သည်။ ထို့ပြင် ဆိုင်ခန်းပေါင်း ၄၄ ခန်းပါဝင်သော စားသောက်ဆိုင်တန်းကိုလည်း ဖွင့်လှစ် ထားမည်ဖြစ်ပြီး အဆိုပါ ဆိုင်ခန်းများတွင် တိုင်းရင်းသားရိုးရာအစားအသောက်ဆိုင်များ ပါဝင်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပွဲတော်အတွင်း ပါဝင်ပြသရောင်းချမည့်ဆိုင်ခန်းပေါင်း ၁၀ဝဝ နီးပါးရှိကြောင်း သိရသည်။

ယခုနှစ်တွင် ထူးခြားစွာ စီစဉ်ထားသော ကယားပြည်နယ်ပြခန်းနှင့်ပတ်သက်၍ ကယားပြည်နယ် တိုင်းရင်း သားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဉီးတေဇာဝင်းထွန်းက “ကျွန်တော်တို့ ကယားပြည် နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအနေနဲ့ ပြည်နယ်အမှတ်တရ ကယားရိုးရာတဲတစ်ခုကို ဆောက်ပြီးတော့ ကယားပြည်နယ်မှာရှိတဲ့ အနုပညာတွေ၊ ဘိုးဘွားအမွေအနှစ်တွေကို ပြသသွားဖို့ရှိပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြားကတော့ VR System ပေါ့။ မျက်မှန်တပ်ပြီးတော့ ကျွန်တော်တို့ပြည်နယ်ကို ရောက်သွား သလိုခံစားရမယ့် VR System ကို ထည့်ထားပါတယ်” ဟု ပြောကြားသည်။

ဖျော်ဖြေပွဲများအနေဖြင့် တိုင်းရင်းသားအလှမယ်ရွေးချယ်ပွဲများ၊ တိုင်းရင်းသားလူမျိုးများ၏ အက၊ အလှ ဖျော်ဖြေမှုများအပြင် ယခုနှစ်တွင် ဘောလုံးပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲများကို ထည့်သွင်း ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။ ဖျော်ဖြေရေးအစီအစဉ်များကို ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ပထမအကြိမ် သွေးချင်းတို့ရဲ့ပွဲ‌တော်ဆီ ကျင်းပစဉ်က လာရောက်ကြည့်ရှုသူပြည်သူ ၁၀ သိန်းနီးပါး ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း