သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀) တွင် ပါဝင်ဆင်နွှဲသူတို့၏ အမြင်များနှင့် ပီတိစကားသံများ

တွေ့ဆုံမေးမြန်း - ဇော်ကြီး

ဓာတ်ပုံ - ဖော်ဇော်

 

ရန်ကုန် ၁  ဖေဖော်ဝါရီ

 

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကယားပြည်နယ် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ဦးဆောင်ကျင်းပသော “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)” အခမ်း အနားကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဖေဖော်ဝါရီ ၇ ရက်အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါပွဲတော်တွင် တိုင်းရင်းသားရိုးရာပြခန်းများ၊ ရိုးရာ အဝတ်အထည်များနှင့် အစားအသောက် အရောင်းဆိုင်များ၊ ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ရာ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား ညီအစ်ကိုမောင်နှများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက် ရှိသည့်အပေါ် ၎င်းတို့၏ အမြင်များနှင့် ပီတိစကားသံများကို မြန်မာ့ သတင်းစဉ်မှ ကောက်နုတ်ဖော်ပြလိုက်သည်။

 

mdn

ကိုကျော်မိုး (တောင်ကြီးမြို့နယ်မှ ပအိုဝ်းတိုင်းရင်းသား) 

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာပစ္စည်းတွေကို လာရောက် ပြသခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ အခြားသော တိုင်းရင်းသားတွေရဲ့ ရိုးရာပြခန်းတွေကိုလည်း လေ့လာသိရှိခွင့် ရတဲ့အတွက် ဗဟုသုတတွေ အများကြီးရတယ်။ တိုင်းရင်းသားတွေအားလုံး တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ တွေ့ရတဲ့အတွက် ရင်ထဲမှာကြည်နူးမိတယ်။ ဒီပွဲတော်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုအတွက် အများကြီး အထောက်အကူ ပြုပါလိမ့်မယ်။

 

mdn

မမူစံထူး(ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်မှ ပအိုဝ်းတိုင်းရင်းသူ)

ဒီပွဲတော်ကို ပြီးခဲ့တဲ့နှစ်ကလည်း ရောက်ဖြစ်ပါတယ်။ ဒီပွဲမှာ ပြည်နယ် ပေါင်းစုံက တိုင်းရင်းသား ပေါင်းစုံကို တွေ့ရတယ်။ သူ့တို့ရဲ့ ရိုးရာဓလေ့တွေ၊ လူနေမှုဘဝပုံစံတွေကို တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ လေ့လာလို့ရတဲ့အတွက် ဒီပွဲတော်ဟာ တိုင်းရင်းသားတွေအတွက် တန်ဖိုးဖြတ်လို့ မရတဲ့ပွဲပါ။  တိုင်းရင်းသားတွေအချင်းချင်း ရိုးရာယဉ်ကျေးမှုတွေကို ဖလှယ်ခွင့်ရတာ အင်မတန်ကောင်းပါတယ်။ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ကြည်မှုတွေ ပိုရလာနိုင်ပါတယ်။

 

mdn

ဦးသာဓု(ခ)ဦးမြင့်ထွေး (ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ)

မနှစ်က မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းကြီးကို ဖွဲ့စည်းလိုက်တယ်။ ကျွန်တော်တို့က ဗမာတိုင်းရင်းသား အသင်းအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်တာပါ။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရှိတဲ့ တိုင်းရင်းသား တွေရဲ့ ရိုးရာဓလေ့တွေကို တစ်ခုစီ သွားရောက်ပြီး လေ့လာမယ်ဆိုရင် မလွယ်ပါဘူး။ အခုတော့ ဒီပွဲတော်ကြီးကြောင့် ဒီနေရာမှာ တစုတစည်းတည်း တွေ့ဆုံခွင့်ရတယ်။ လုပ်ငန်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်ခွင့် ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းဆောင်ရွက်ခွင့် ရတဲ့အတွက် လူမှုစီးပွားဘဝတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်ပါတယ်။ နောက်ဆိုရင် နိုင်ငံတော်က အကောင်အထည်ဖော်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း ကျွန်တော်တို့တွေ အားလုံး နိုင်သလောက်ကူကြမယ်။

 

mdn

မိခင်သက်ထားဇော် (ခ) မိကဇွန်းထော (မွန်တိုင်းရင်းသူ)

မွန်တိုင်းရင်းသူ တစ်ဦးအနေနဲ့ ဖျော်ဖြေရေးအစီအစဉ်မှာ ပါဝင်တာပါ။ ကိုယ့်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုတွေကို ပြသခွင့်ရတဲ့အတွက် မွန်လူငယ် တစ်ဦးအနေနဲ့ ဂုဏ်ယူပါတယ်။ အခြားသော တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုတွေကိုလည်း သိခွင့်ရတဲ့အတွက် ဒီပွဲဟာ တိုင်းရင်းသားတွေရဲ့ စည်းလုံးမှုကို ပြသတဲ့ပွဲလို့ မြင်တယ်။ တိုင်းရင်းသားတွေ အားလုံးကို အခုလို တစုတစည်းတည်း တွေ့ရတဲ့ ခံစားချက်ဟာ ကြည်နူးဖို့ကောင်းတယ်။

 

mdn

ဦးညီညီမောင် (ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း တွဲဖက် အထွေထွေအတွင်းရေးမှူး)

ဒီပွဲတော်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းတွေကို တစ်နေရာတည်းမှာ မြင်တွေ့ရမယ့် ပွဲတော်ဖြစ်တယ်။ အရင်တုန်းက ပြည်ထောင်စုပွဲလို ပုံစံမျိုးပါပဲ။ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ရိုးရာဓလေ့စရိုက်တွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ရခိုင်ရိုးရာဒင်္ဂါးတွေ၊ ရိုးရာအဝတ်အထည်တွေ၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်မယ့် မြောက်ဦးမြို့ရဲ့ ပြကွက်တွေ အပါအဝင် ပြကွက် ၁၀ ကွက်ကို ပြသထားပါတယ်။ ကျောင်းသား ကျောင်းသူ တွေအပါအဝင် အားလုံးလာရောက် လေ့လာသင့်ပါတယ်။ တိုင်းရင်းသားတွေ အားလုံးရဲ့ ရိုးရာဓလေ့တွေကို မြင်တွေ့ခွင့်ရတဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ နားလည်မှုတွေ ပိုရှိလာတယ်။ ဒါတွေဟာ ကျွန်တော်တို့နိုင်င်ငံမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို ဒီပွဲတော်ကြီးကနေ ဖော်ဆောင်ခွင့်ရနိုင်တဲ့အတွက် အင်မတန်မှတန်ဖိုးကြီးပါတယ်။

 

mdn

နန်းစံလိုင်း (တောင်းကြီးမြို့မှ ရှမ်းတိုင်းရင်းသူ)

ဒီပွဲဟာ တိုင်းရင်းသားအားလုံး စုပေါင်းပြီး ပြုလုပ်တဲ့ပွဲဆိုတော့ ရှမ်းတိုင်းရင်းသူ တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာပါ။ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်း ချပြခွင့်ရတဲ့အပြင် အခြားတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို မြင်တွေ့ခွင့်တွေ ရလာတယ်။ ယဉ်ကျေးမှုတွေကို ဖလှယ်ခွင့်ရတဲ့အတွက် အချင်းချင်း စည်းလုံးညီညွတ်မှုကို ရရှိစေတယ်လို့ ခံစားမိတယ်။ ဒီပွဲဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဖော်ဆောင်တဲ့ ပွဲဖြစ်တယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ အခါမှာလည်း အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

 

mdn

မနွေးနွေး(မိုးကုတ်မြို့မှ ဓနုတိုင်းရင်းသူ)

ဒီပွဲတော်မှာ တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို ပြသခွင့်ရသလို ကိုယ့်ဒေသ ထွက်ကုန်တွေကိုလည်း ချပြခွင့်ရတဲ့အတွက် တိုင်းရင်းသားတွေ အားလုံးအတွက် ထူးခြားတဲ့ပွဲပါ။ ဒီပွဲတော်မှာ တိုင်းရင်းသားတွေအားလုံး စုစုစည်းစည်းနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ရတယ်။ ဒါတွေဟာ တိုင်းရင်းသားအားလုံး မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းတွေလို့ မြင်ပါတယ်။ တိုင်းရင်းသားတွေ အချင်းချင်း ရိုးရာယဉ်ကျေးမှုတွေကိုလည်း ဖလှယ်ခွင့်ရတဲ့အတွက် ဒီလိုပွဲတော်တွေကို များများ လုပ်ပေးသင့်ပါတယ်။

 

mdn

ညီချိန်း(လားရှိုးမြို့မှ တိုင်းရင်းသား)

တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို တစ်နေရာတည်းမှာ လေ့လာခွင့် ရတဲ့အတွက် ကျွန်တော်တို့လို လူငယ်တွေအတွက် အများကြီး အကျိုးကျေးဇူးရှိတဲ့ပွဲပါ။ တိုင်းရင်းသားတွေ အချင်းချင်းလည်း မိတ်ဖွဲ့ခွင့်ရတယ်။ ကိုယ့်ရဲ့ ယဉ်ကျေးမှုတွေကိုလည်း ပြခွင့်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေကိုလည်း သိရှိသွားမယ်။ အခြားသော တိုင်းရင်း သားတွေရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေကိုလည်း သိရှိခွင့်ရတဲ့အတွက် တိုင်းရင်းသား အချင်းချင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားချစ်ခင်မှု၊ နားလည်ရင်းနှီးမှုတွေ ရလာစေပါတယ်။ ဒီပွဲတော်မှာ တွေ့မြင်ရတဲ့အတိုင်း တိုင်းရင်းသားတွေ အချင်းချင်း တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိပြီး အချင်းချင်း ကူညီ ထောက်ပံ့မှု တွေပေးကြရင်းနဲ့ ရှေ့ဆက်သွားကြမယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေး ရရှိတော့မှာပါ။