သွေးစည်းကြရမည့် သည်ချိန်ခါ

ကိုဗစ်-၁၉သည် လူတစ်ဦးချင်းစီကိုရော ကမ္ဘာကြီးကိုပါ အပြောင်းအလဲများစွာ ဖြစ်ပေါ်စေသည်။ သို့ရာတွင် အပြောင်းအလဲများက အစီအစဉ်တကျမဟုတ်ဘဲ မျှော်လင့်မထားသည့်ပုံစံများ၊ ကမောက်ကမများသာ ဖြစ်သည်။ လူသားတို့ မတွေ့ကြုံခဲ့ဖူးသော မာယာများပြီး နားလည်ရခက်သည့်ကပ်ရောဂါအတွက် ကာကွယ်ဆေးရာ ကုသဆေးပါ မတွေ့ရှိနိုင်သေးသည့်အခါ ရှေးရိုးစဉ်လာ နည်းလမ်းများဖြစ်သည့် အလုံပိတ်တားဆီးခြင်း၊ အသွားအလာကန့်သတ် စောင့်ကြည့်ခြင်း စသည့် နည်းလမ်းများကို တစ်ကမ္ဘာလုံးရှိ နိုင်ငံအသီးသီးတို့တွင် ကျင့်သုံးကြရသည်။ ကူးစက်မြန်သည့် ကမ္ဘာ့ကပ်ရောဂါက ချမ်းသာသည့်နိုင်ငံ၊ ဆင်းရဲသည့်နိုင်ငံမရွေး၊ နိုင်ငံကြီး နိုင်ငံငယ်မရွေး မည်သူ့ကိုမျှ မျက်နှာသာမပေး။ ရောဂါဝေဒနာအပြင် အခြားသော စိန်ခေါ်မှုများစွာတို့ကိုပါ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

 

“ထိုင်းနိုင်ငံက ကျွန်မတို့ပြည်သူတွေ CovID ရောဂါပြဿနာကြောင့် ဒီအပတ်အတွင်းမှာ သောင်းဂဏန်းနဲ့ချီပြီး ပြန်လာကြပါတော့မယ်။ အခက်အခဲကြုံနေလို့ အမိမြေကို အားကိုးတကြီး ပြန်လာကြတာကို ကျွန်မတို့ ဂုဏ်ယူရမှာပါ။ အတတ်နိုင်ဆုံး ကျန်းမာရေးအစီအစဉ်တွေနဲ့ ကြိုဆိုရမှာပါ။ ငါတို့အမိမြေ ပြန်ရောက်ပြီ၊ ငါတို့လုံခြုံပြီလို့ ခံစားစေချင် တယ်။ အရေးကြီးလို့ သွေးစည်းကြရအောင်” ဟူ၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ပြည်သူတို့ထံ သတင်းစကားပါးခဲ့သည်။ ထိုင်းနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည်။ ပုံမှန်ကူးသန်းသွားလာခြင်းမဟုတ်ဘဲ ကပ်ရောဂါဖြစ်ပွားခြင်း၊ စက်ရုံအလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းရခြင်း စသည့်အကြောင်းများကြောင့် လူအစုလိုက်အပြုံလိုက် ပြန်လည် ဝင်ရောက်လာကြမည်ဖြစ်ရာ ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် လွန်ခဲ့သည့်ရက်သတ္တပတ် အနည်းငယ် အတွင်းကပင် ကြိုတင်ပြင်ဆင်စီမံမှုများကို ပြုလုပ်နေခဲ့ရခြင်း ဖြစ်သည်။

 

ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူအားလုံးမှာ နိုင်ငံတော်က သတ်မှတ် စီမံထားသည့် စောင့်ကြည့်ရေးစခန်းများတွင် ၂၁ ရက်ကြာ စောင့်ကြည့်မှုကို ခံယူသွားကြရမည်ဖြစ်ရာ ပြန်လည် ဝင်ရောက်လာမည့်သူများကို စနစ်တကျပြန်လည်လက်ခံရေး၊ နေရာထိုင်ခင်း၊ စားဝတ်နေရေး အပါအဝင် အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေးတို့အတွက် စီမံဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ တစ်နည်းအားဖြင့် အမိမြေက နွေးထွေးစွာ ကြိုဆိုစောင့်ရှောက်နိုင်ရေး၊ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင် ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတည်ဆောက်ရေး အတွက် အားသွန်ကြိုးပမ်းနေရသည့် အချိန်နှင့်တစ်ပြိုင်တည်းမှာပင် အခြားသော မဖြစ်မနေ ရင်ဆိုင်ဖြေရှင်းစရာ စိန်ခေါ်မှုများစွာတို့ကလည်း စောင့်ကြိုနေသည်။

 

မည်သည့်ဘေးအန္တရာယ်၊ မည်သို့သော စိန်ခေါ်တို့ကိုမဆို မိမိတို့၏ စုပေါင်းအင်အားဖြင့်သာ ရင်ဆိုင်ကြရမှာ ဖြစ်သည်။ စုပေါင်းအင်အားသည် သွေးစည်းမှု၊ စည်းလုံးညီညွတ်မှုမှ ထွက်ပေါ်လာသည့် အင်အားဖြစ်ပြီး အောင်မြင်မှုဆီသို့ ဆောင်ကြဉ်းပေးသွားမည့် အင်အားလည်းဖြစ်သည်။ သမဂ္ဂါနံ တပေါ သုခေါ ဟူသော ဘုရားဟော ဒေသနာနှင့်အညီ ညီညွတ်မှုကသာ ချမ်းသာခြင်းကို ဆောင်ကြဉ်းနိုင်မည်ဖြစ်ပါကြောင်း။   ။

မြန်မာ့အလင်း