သေဆုံးသွားသည့် လင်းပိုင်သားပေါက်ငယ်အား ဆေးစိမ်ကာ ပြသသွားမည်

မန္တလေး ၃၀ ဇွန်

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ စိန်ကျွန်းကျေးရွာနှင့် ရွာသာအေးရွာကြားတွင် ဇွန်လ ၂၆ ရက်နေ့က မွေးပြီးစ လင်းပိုင်သားပေါက်ငယ် တစ်ကောင် သောင်တင်သေဆုံးခဲ့သည့် လင်းပိုင်အား ဆေးစိမ်ကာ ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ဧရာဝတီလင်းပိုင်သားပေါက်ငယ်မှာ အလျား ၃ ပေ ၃လက်မ၊ လုံးပတ်အရွယ် ၁ ပေ ၁၁ လက်မ၊ အထီးဖြစ်ပြီး ဧရာဝတီမြစ်တွင် လှိုင်းလေကြီးနေစဉ် မွေးဖွားပြီးစအချိန်၌ မိခင်နှင့် ကွဲကာ သေလုမြောပါးဖြစ်၍ သောင်တင်နေသောကြောင့် ဒေသခံမော်တော်သမားတစ်ဦးက စက်လှေထဲက သံခွံစည်ပိုင်းထဲ ထည့်၍ ထိန်းသိမ်းစောင့်ရှောက်ထားစဉ် သေဆုံးသွားခြင်းဖြစ်သည်။ 

 

" လင်းပိုင်ကို ဖော်မလင်ဆေးရည်စိမ်ပြီး ပြသမှာပါ၊ အဓိက ကတော့ ကျောင်းသားလေးတွေ အများပြည်သူတွေ လေ့လာကြည့်ရှုရအောင်လို့ပါ ။ ပြသတာကတော့ ဧရာဝတီလင်းပိုင်သင်္ဘောပေါ်ရှိ လင်းပိုင်းထိန်းသိမ်းရေးပြခန်းမှာ ပြသထားရန် ပြင်ဆင်နေပါတယ် " ဟု မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်း က ပြောသည်။

 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလထဲက ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဧရိယာအတွင်း ဧရာဝတီလင်းပိုင် အကောင်ရေ ၂၆ ကောင်ရှိခဲ့ရာ တစ်ကောင်သေဆုံးခဲ့သည့်အတွက် ၂၅ ကောင်သာ ကျန်ခဲ့သည်။ ဒါပေမယ့် မေလထဲက လင်းပိုင်သားပေါက်တစ်ကောင်တွေ့ရှိရသည့်အတွက် ထိန်းသိမ်းရေးဧရိယာအတွင်း ဧရာဝတီလင်းပိုင် ၂၆ ကောင်ရှိ ပြန်ဖြစ်သွားပြီလို့ သိရသည်။

 “အဓိက က ဒီရာသီက လင်းပိုင်ပေါက်ပြီးတော့ လှိုင်းလေကြောင့် မိဘနဲ့ ကွဲတတ်တာတွေ ဖြစ်တတ်တော့ သားပေါက်လေးတွေ တွေ့ရင် သေသေချာချာ ရေစိုအဝတ်နဲ့ အုပ်ထားပေးရပါမယ်။ ကိုယ်လုံးကိုပဲ အုပ်၊ နှာရှုပေါက်ကို တော့ ဖွင့်ထားပေးဖို့ လိုတယ်။အဲကောင်လေးကို ရေလယ်ကို ဒါမှမဟုတ်၊ လင်းပိုင်အုပ်ရှိတဲ့ နေရာမှာအမြန်ဆုံး ပြန်လွှတ်ပေးသင့်ပါတယ်။ " ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့( မြန်မာနိုင်ငံအစီအစဉ်)မှ လင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ ဦးကျော်လှသိန်းကပြောသည်။

 

မန္တလေး မှ ဗန်းမော်အထိ ဧရာဝတီမြစ်ကြောင်းအတွင်း ယခုနှစ် စစ်တမ်းကောက်မှုအရ ဧရာဝတီလင်းပိုင်ကောင်ရေ ၇၆ ကောင်ရှိကြောင်း သိရသည်။

 

သူရိန်လင်း