သြစတြီးယား ဗီယင်နာမြို့ လူနေအဆောက်အဦအတွင်း ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား နှစ်ဦးသေဆုံး

၂၈ ဇွန် 

 

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လူနေတိုက်ခန်းအတွင်း ဓါတ်ငွေ့ပေါက်ကွဲမှုဟု ယူဆရသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် တစ်ဦးသေဆုံးကာ အခြားတစ်ဦးလည်း သေဆုံးခဲ့သည် ဟု အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

 

ထိုဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် ထိုအဆောက်အဦ၏ တိုက်ခန်းအထပ် အများအပြား ပျက်စီးသွားကာလူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး  ကပ်လျက်ရှိသည့် အဆောက်အဦတစ်လုံးကို တစ်စိတ်တစ်ပိုင်း ထိခိုက်ခဲ့ကြောင်း အာဏာပိုင်များက ကနဦး သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။

 

ယမန်နေ့က အဆောက်အဦ အပျက်အစီးများတစ်လျှောက် ကြိုးစားရှာဖွေမှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ ယင်းအဆောက်အဦတွင်  အသက်၂၉ နှစ်အရွယ် မိခင်တစ်ဦး သေဆုံးခဲ့သည်ကို တွေ့ရှိခဲ့ပြီး နောက်ထပ် ပျောက်ဆုံးနေသူများမှာ ထိုအပျက်အစီးအောက်တွင် ယခုထိတိုင် ပိမိနေနိုင်ကြောင်း ဖော်ပြထားသည်။
ဒုတိယမြောက် သေဆုံးသူအမျိုးသားတစ်ဦးကို ယမန်နေ့ညနေပိုင်းက တွေ့ရှိခဲ့သည်ဟု  အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

 

ထိခိုက်သေဆုံးသူများ ထပ်မံရှိနိုင်သေးကြောင်း  ထိုရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဆိုသည်။ ယင်းပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းရင်းကို ယခုထိ အတိအကျ မသိရသေးသော်လည်း ဓါတ်ငွေ့ဘွိုင်လာအိုးချွတ်ယွင်းကာ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပွားနိုင်ခြေ အများဆုံးဖြစ်ဖွယ်ရှိကြောင်း  ဖော်ပြထားသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို