သြစတြေးလျ၌ မိုးကြိုးပစ်မှုကြောင့် ကျောင်းသား ၁၃ ဦးနှင့် ကျောင်းဆရာနှစ်ဦး ဆေးရုံ‌ရောက်

ဘရစ်ဘန်း ၈ ဒီဇင်ဘာ 

ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲခန့်က သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်ရှိ ဘောလုံးကွင်းတစ်ခု၌ မိုးကြိုးပစ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အဲဒီဘောလုံးကွင်းမှာ ကစားနေကြတဲ့ မူလတန်းကျောင်းသား ၁၃ ဦးနဲ့ သူတို့ရဲ့ဆရာနှစ်ဦး ဆေးရုံတင်ခဲ့ရတယ်လို့ ဒေသဆိုင်ရာ လူနာယာဉ်ဝန်ဆောင်မှုအသင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပါတယ်။

အသက် ၁၀ နှစ်နဲ့ ၁၂ နှစ်ကြားအရွယ်ရှိ အဆိုပါ မူလတန်းကျောင်းသားတွေဟာ သူတို့ရဲ့စာသင်ကျောင်းနားမှာရှိတဲ့ ဘောလုံးကွင်းတစ်ခုမှာ ဘောလုံးကစားနေကြစဉ် ယခုလိုမိုးကြိုးပစ် ခံခဲ့ရတာပါ။ 

မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ပြီးနောက် ကျောင်းသားများနဲ့ ကျောင်းဆရာတစ်ဦးတို့ရဲ့ ခြေထောက်တွေမှာ ထုံထိုင်းပြီး စပ်ဖျဉ်းဖျဉ်းခံစားရကာ ကျောင်းဆရာတစ်ဦးမှာ ရင်ဘတ်နာကျင်မှုဒဏ် ခံစားခဲ့ရတဲ့အတွက် လောလောဆယ် နီးစပ်ရာဆေးရုံမှာပဲ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ကလေးငယ်တွေဟာ မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာ တော်တော်လေး ခံစားခဲ့ရသော်လည်း ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက် လက္ခဏာကိုတော့ မတွေ့ရှိပါဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားပါတယ်။

မိုးကြိုးပစ် ခံခဲ့ရတဲ့ကလေး ၁၃ ဦးနဲ့ ကျောင်းဆရာနှစ်ဦးကို ဆေးဝါးကုသမှုခံယူဖို့ နီးစပ်ရာဆေးရုံကို ပို့ဆောင်ထားပြီး ကျန်ကျောင်းသားများဟာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စာသင်ခန်းထဲ ပြန်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ