သစ်တောဥပဒေ

၁၅ အောက်တိုဘာ

 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကုန်းမြေနိုင်ငံများအနက် နယ်မြေ ဧရိယာအကျယ်ဝန်းဆုံးသော နိုင်ငံဖြစ်ပါသည်။ တိုင်းပြည်အတွင်း သစ်တောဖုံးလွှမ်းမှု ထူထပ်သိပ်သည်းသော နိုင်ငံလည်းဖြစ်ပါသည်။ တိုင်းပြည်လွတ်လပ်ရေး ရရှိခဲ့သော ၁၉၄၈ ခုနှစ်၌ တိုင်းပြည်ဧရိယာ၏ ၇၀ ရာခိုင်နှုန်းခန့်ကို သစ်တောများ ဖုံးလွှမ်းခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံသည် ၁၉၉၀ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အကြား တိုင်းပြည် သစ်တော ဧရိယာ၏ ၁၉ ရာခိုင်နှုန်းဆုံးရှုံးခဲ့ရပါသည်။ ဤကိန်းဂဏန်းသည် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာ စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ခန့်မှန်းချက် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သော Global Forest Resources Assessment 2015 အရလည်း မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ၂၀၁၀ ခုနှစ်တွင် တည်ရှိခဲ့သော သစ်တောဧရိယာ၏ ၈ ဒသမ ၅ ရာခိုင်နှုန်းခန့် ဆုံးရှုံး ခဲ့ရပါသည်။

 

ဆုံးရှုံးသွားသော သစ်တောများအတွက် သစ်တောများ ပြန်လည် ပြုစုပျိုးထောင်စိုက်ပျိုးရန် လိုအပ်သကဲ့သို့ တိုင်းပြည်အတွင်းရှိ သစ်တော များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန် လိုအပ်ပါသည်။ ဤလိုအပ်ချက်နှင့်အညီ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ၁၉၉၂ ခုနှစ် သစ်တောဥပဒေကို ပြန်လည် ပြင်ဆင်အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံ သစ်တောဥပဒေသစ်၌ ရည်ရွယ်ချက်ကိုးရပ်ပါရှိပြီး ဤဥပဒေသစ်၏ အဓိကရည်ရွယ်ချက်သည် သစ်တောများစဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်မှုအား အထောက်အကူ ဖြစ်စေသည့် သစ်တောစီမံအုပ်ချုပ်မှုကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

 

တိုင်းပြည်၏ သစ်တောများ စနစ်တကျထိန်းသိမ်းကာကွယ်ရာ၌ တချို့သော သစ်တောဝန်ထမ်းတို့၏ မသမာသော လုပ်ရပ်တို့ကို ကာကွယ်ဟန့်တားနိုင်ရန် လိုအပ်ပါသည်။ ပြင်ဆင်အတည်ပြုပြဋ္ဌာန်းလိုက်သော သစ်တောဥပဒေအသစ်အရ မသမာမှုဆောင်ရွက်သော သစ်တောဝန်ထမ်းတို့ကို ထိထိရောက်ရောက် အရေးယူမည်ဖြစ်ပါသည်။ မသမာသော သစ်တောဝန်ထမ်းတို့အပေါ် ချမှတ်နိုင်သော ထောင်ဒဏ်ကိုလည်း တစ်နှစ်မှ ၁၀ နှစ်အထိ သတ်မှတ်ထားပါသည်။ သစ်တောဝန်ထမ်းတို့က လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး သစ်တောထွက်ပစ္စည်းများ ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်းနှင့် တရားမဝင်လက်ဝယ်ထားရှိခြင်း ကဲ့သို့သော ကိစ္စရပ်များ၌ မသမာသောနည်းလမ်းတို့ဖြင့် တစ်နည်းနည်း ပူးပေါင်းပါဝင်ပါက ဤသို့ ကျူးလွန်သော သစ်တောဝန်ထမ်းတို့ကို ဥပဒေသစ်အရ ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပါသည်။

 

အဆိုပါ သစ်တောဥပဒေအသစ်၌ ဥပဒေအရ ထိထိရောက်ရောက် အရေးယူမှုများကို ဖော်ဆောင် ထားသကဲ့သို့ ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှု ရရှိနိုင်မည့် နည်းလမ်းတို့ကိုလည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ပေးထားပါသည်။ ဒေသခံပြည်သူတို့က ဒေသ၏ဓလေ့ထုံးတမ်း အရ ထိန်းသိမ်းထားသည့် သဘာဝသစ်တောများနှင့် ဒီရေတောများ အသိအမှတ်ပြုခွင့်အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို ပေးအပ်ထားပါသည်။ သို့သော် အဆိုပါဝန်ကြီးဌာန သည် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်တို့ကိုရယူပြီးမှ အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ နိဂုံးချုပ်အားဖြင့် ဥပဒေအရ ထိထိရောက်ရောက် အရေးယူပိုင်ခွင့်အပါအဝင် ပြည်သူတို့၏ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ရယူထားသည့် သစ်တောဥပဒေကို ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာတင်ပြ အပ်ပါသည်။ ။(မြန်မာ့အလင်း)