သစ်ပင်များ ပိုမိုစိုက်ပျိုးပါက မြန်မာနိုင်ငံတွင် ကမ္ဘာကြီး ပူနွေးမှု နှင့် ရာသီဥတု ပြောင်းလဲခြင်းဒဏ်ကို လျှော့ချနိုင်မည် ဟုဆို

ရန်ကုန် ဧပြီ ၂၈

တတ်နိုင်သမျှ အားလုံးဝိုင်းဝန်းကာ သစ်ပင်များကို ပိုမိုစိုက်ပျိုးမည်ဆိုပါက မြန်မာနိုင်ငံတွင် ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတု ပြောင်းလဲခြင်းဒဏ်ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း မိုးလေဝသ ပညာရှင်တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က အကြံပြုတိုက်တွန်းပြောဆိုလိုက်သည်။

ဦးဝင်းနိုင်သည် ရာသီဥတု ပြောင်းလဲသည့် အခြေအနေနှင့် ပတ်သက်၍ အွန်လိုင်းထက်တွင် မိုးလေဝသအခြေအနေများကို ခန့်မှန်းပြောကြားပေးနေသည့် ပညာရှင်တစ်ဦးဖြစ်ကာ သစ်ပင်စိုက်ရန်အတွက် အချက်အလက်၊ အကိုးအကာများကို ဖော်ပြကာ လှုံ့ဆော် တိုက်တွန်းပေးနေသူ တစ်ဦးလည်း ဖြစ်သည်။

“ရာသီဥတုပြောင်းလဲတာနဲ့ ကမ္ဘာကြီးပူနွေးတာနှစ်ခုကြောင့်  ကျွန်တော်တို့နိုင်ငံရဲ့အပူချိန်က ၁.၅ ကနေ ၂ ဒီဂရီဆဲလ်စီးယပ်ပေါ့ ပုံမှန်ရှိနေတာထက် မြင့်နေမယ်ဆိုပြီး လာမယ့်ဩဂုတ်အထိက အဲ့ဒီလို ရှိတယ်။ ကျွန်တော်တို့က ဒီဟာကို ဖြေပျောက်နိုင်ဖို့ ကျွန်တော်က သစ်ပင်စိုက်ဖို့ တောက်လျှောက် သတိပေးတာပေါ့။ ပညာပေးတာလည်းပါတယ်။ အဲ့ဒါတွေ လုပ်မှပဲ နောက်လာမယ့် နှစ်တွေက ဒါတွေက လျော့သွားမှာ။ မဟုတ်လို့ ရှိရင် မလွယ်ဘူး ဟု ဦးဝင်းနိုင်က ရှင်းပြသည်။

တောင်ယာစိုက်ယာစိုက်ခင်း သို့မဟုတ် ဟင်းသီးဟင်းရွက် အပင်များပင်ဖြစ်စေ အဆိုပါ အပင်များက အောက်ဆီဂျင် ထုတ်ကာ ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူကာ မြန်မာနိုင်ငံတွင် အပင်များကြောင့် ကာဘွန်ဒိုင်အောက်ဆိုက် စုပ်ယူမှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုမှာ ပမာဏ မကွာသည်ကိုလည်း တွေ့ရကြောင်း ၎င်းကဆိုသည်။ “သိပ်မကွာတော့ အခြေအနေက ကောင်းသေးတယ်။ အာဖရိကတွေလို သဲကန္တရတွေလို မဟုတ်ဘူး။ သစ်ပင်အနေအထားက ပိုရှိနေသေးတယ်။ တတ်နိုင်သလောက် ဝိုင်းပြီးတော့ သစ်ပင်စိုက်လိုက်ရင်တော့ ရာသီဥတု ပြောင်းလဲခြင်းဒဏ်၊ ကမ္ဘာကြီး ပူနွေးမှုဒဏ်ကို လာမယ့် နှစ်နှစ်၊ သုံးနှစ် အတွင်းမှာ လျော့ချနိုင်တဲ့ အနေအထားဖြစ်မယ်။ ဒီနှစ်ဆို တအားသိသာတယ်။ တော်တော်ဆိုးဆိုးဝါးဝါး ပူတာ။ လူတွေ သေဆုံးတာလည်း ပိုများလာတာပေါ့ ဟု ဦးဝင်းနိုင်က ရှင်းပြသည်။ 

Htet Oo Maung