သစ်ပင်ကို နှစ်စဉ်စိုက်ကြသည့်အခါ

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများအတွက် နိုင်ငံတစ်ဝန်း အနယ်နယ် အရပ်ရပ်တွင် သစ်ပင်ပျိုးပင်များ သန်းနှင့်ချီ၍ ပြုစုပျိုးထောင် နေကြသည်။ ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလအဖြစ် သတ်မှတ် ကာ နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပျိုးခဲ့ကြသည်။ ရပ်ကွက် ကျေးရွာအလိုက်၊ အဖွဲ့အစည်းအလိုက်၊ ရုံးဌာနများအလိုက် စိုက်ကြ ပျိုးကြသည်။ ပရဟိတအသင်းအဖွဲ့များ၊ သစ်ပင် ချစ်သူများ၊ သဘာဝပတ်ဝန်းကျင်ချစ်ခင်သူများ စသည်ဖြင့် အဖွဲ့ လိုက်ရော၊ ပုဂ္ဂလိက တစ်ဦးချင်းအနေဖြင့်ရော သစ်ပင်စိုက်ပျိုး ခဲ့ကြသည်။

 

‘‘သစ်တောနဲ့သစ်ပင်၊ ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး’’ ဟူသည့် သစ်တောဦးစီးဌာန၏ တိုက်တွန်းနှိုးဆော် သည့် ဆောင်ပုဒ်ကလေးက နှစ်စဉ် ဇူလိုင်လကို သစ်ပင်စိုက်ပျိုး ပွဲများဖြင့် လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွဖြစ်စေသည်။ သို့ဖြစ်ရာ နှစ်စဉ် သန်းနှင့်ချီသည့် စိုက်ပျိုးပြီးသစ်ပင်များ စိုက်သမျှသာ ရှင်သန်ခဲ့မည်ဆိုလျှင် မြို့များ၊ ရွာများ တစ်နိုင်ငံလုံး စိမ်းလန်းစိုပြည်၊ လမ်းမ လမ်းသွယ်တို့မှာလည်း အေးရိပ်ဝေဆာ သာယာနေပေတော့မည်။ သို့ရာတွင် စတင်စိုက်ပျိုးစဉ်ကပင် စနစ်တကျ မစိုက်ပျိုးခဲ့၍၊ စိုက်ပျိုးပြီးနောက် ဆက်လက်ပြုစု ပျိုးထောင်ခြင်း အလျှင်းမရှိခဲ့၍ စသည့်အကြောင်းများကြောင့် စိုက်သမျှအဖတ်မတင်။ သူ့အလိုလိုရှင်သန်နိုင်သည့် အပင်ကသာ ရှင်သန်ကြီးထွားခဲ့ပြီး မရှင်နိုင်သည့်အပင်က မရှင်ခဲ့။

 

ဇူလိုင်လပြီးသည်နှင့် သစ်ပင်စိုက်ပျိုးသူတို့က သစ်ပင်များကို မေ့ထားလိုက်ကြပြီ။ ထို့အပြင် သစ်ပင်စတင်စိုက်ပျိုးခဲ့စဉ်ကပင် နေရာမကျသည့် သစ်ပင်များ ဓာတ်ကြိုးနှင့်မလွတ်၍၊ ဖုန်းကြိုး နှင့်မလွတ်၍ စသည့်အကြောင်းများကြောင့် သစ်ကိုင်းများကို အကျည်းတန်လှစွာ ခုတ်ချ၊ ချိုင်ချခံကြရသလို ရေနုတ်မြောင်း တူးဖော်ရန်၊ လမ်းချဲ့ရန်၊ အဆောက်အအုံတစ်ခုခု ဆောက်လုပ် ရန် စသည့်အကြောင်းများကြောင့်လည်း နှစ်ပေါင်းများစွာ ရှင်သန် လာခဲ့သည့် သစ်ပင်များ ခုတ်လှဲခံကြရသည်။ သစ်ပင်တို့၏တန်ဖိုး ကို အလေးအနက်မထားသူတို့က ခုတ်ပြီး ပြန်စိုက်၍ရသည်ဟု လွယ်လွယ်တွေးကာ လွယ်လွယ်ခုတ်လှဲလေ့ရှိကြသော်လည်း အခုတ်ခံရသည့် သစ်ပင်၏သက်တမ်း ၁၀ နှစ်၊ ၁၅ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ တို့ကိုမူ ပြန်၍မရနိုင်။ မူလအပင်၏အရွယ်သို့ ရောက်ရှိ ရန် နောက်ထပ် နှစ်ပေါင်းများစွာစောင့်ပြီးမှသာ ပြန်လည်ရရှိ နိုင်မည်။

 

စင်စစ်အားဖြင့် သစ်ပင်များသည် မြို့ရွာများ၏ အလှ ကျက်သရေဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုကို ထိန်းသိမ်းပေးသည့် သဘာဝ၏ အဖိုးတန်ရတနာ များဖြစ်သည်။ သီးပင်၊ စားပင်၊ အရိပ်ရပင်၊ ပန်းပင် စသည်ဖြင့် မြို့ရွာများကို အလှတန်ဆာဆင်၍ လမ်းဘေးဝဲယာ၊ ရုံးဝင်း၊ ကျောင်းဝင်း၊ အိမ်ဝင်းတို့တွင် တစ်ပင်ချင်းစိုက်ပျိုးကြသလို စိမ်းလန်းစိုပြည်ရေးဧရိယာများ၊ သစ်တောဥယျာဉ်ငယ်များအဖြစ် တစ်အုပ်တစ်မစီ ချိတ်ဆက်စိုက်ပျိုးခြင်းအားဖြင့် စိမ်းလန်းစိုပြည် သည့်ပသာဒကို ခံစားကြရမည်ဖြစ်သည့်အပြင် မိုးရေနှင့် မြေအောက်ရေတို့ကို ထိန်းသိမ်းနိုင်ခြင်း၊ ပတ်ဝန်းကျင်ကို အပူ လျှော့ပေးနိုင်ခြင်းစသည့် အကျိုးရလဒ်များကို ထိထိရောက် ရောက် ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် စိုက်ပြီးသစ်ပင်များ ရှင်သန်အောင်ပြုစုရာတွင်လည်း လွယ်ကူနိုင်မည်ဖြစ်သည်။

 

အနှစ်ချုပ်၍ ဆိုရပါက မိုးရာသီသစ်ပင်များ စိုက်ပျိုးကြရာ တွင် ရေရှည်အတွက်ပါ မျှော်တွေး၍ နေရာရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပြီးသစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေးအတွက် စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက်ခြင်း၊ လမ်းဘေးဝဲယာနှင့် နေရာအနှံ့အပြားတွင် တစ်ပင်ချင်း စိုက်ပျိုးသလို သစ်တောဥယျာဉ်ငယ်များ၊ စိမ်းစို ဧရိယာများအဖြစ် တစ်အုပ်တစ်မ စိုက်ပျိုးခြင်းတို့ဖြင့် နှစ်စဉ် စိုက်သမျှ သိန်းသန်းချီသည့် သစ်ပင်ပျိုများ ရှင်သန်ဖွံ့ဖြိုးကာ နိုင်ငံတစ်ဝန်း အလှဆင်နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း