သစ်အခြေခံပစ္စည်း ရှားပါးမှုကြောင့် အုတ်အရောင်းအဝယ် ကောင်းမွန်နေ

ရေတာရှည်   ၁၆  မတ်

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် သစ်အခြေခံပစ္စည်းများ ရှားပါးခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် အဆောက်အအုံများ ဆောက်လုပ်ရာ၌ အုတ်များကို အဓိကအစားထိုး သုံးစွဲလာသဖြင့် အုတ်အရောင်းအဝယ်ဈေးကွက်မှာ ဝယ်လိုအား မြှင့်တက်လျက်ရှိကြောင်း သိရသည်။

 

မြို့ပြနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ တံတားများ၊ လူနေအိမ် အဆောက်အအုံများ တည်ဆောက်ရာတွင် အုတ်ကိုအားထား သုံးစွဲကြခြင်းကြောင့် အုတ်လုပ်ငန်း လုပ်ကိုင်ကြသူများအနေဖြင့် ဒေသခံလုပ်သားများစွာကို လုပ်ငန်းခွင်၌ ငှားရမ်းကြသည်ဖြစ်ရာ နေ့စားအလုပ် လုပ်ကိုင်ကြသူများအနေဖြင့် အိမ်အသုံးစရိတ်အတွက် အိုးမကွာ အိမ်မကွာ ရှာဖွေရရှိသည့်အတွက် များစွာအဆင်ပြေလျက်ရှိနေကြသည်ကို တွေ့ရှိရသည်။

 

“အုတ်မှာတာတွေက နေ့တိုင်းလိုလိုများတယ်။ ဒါပေမဲ့ကိုယ့်ဖက်က အုတ်ထွက်နှုန်းက လိုသလောက် မရောင်းပေးနိုင်ဘူး ဖြစ်နေတာ။ ဖိုတစ်ဖိုမီးကျက်သွားပြီးဆိုရင် ချက်ချင်းပေးလို့မရဘူးလေ။ ဘေးနံထောင်တွေကိုခွာပြီး လေးငါး ရက်လောက်စောင့်ပြီး ဖိုအေးသွားမှ ပို့လို့ရတာ။ နောက်တစ်ခုက လုပ်သားကများတော့ မြေဖန်က မနိုင်ပြန်ဘူး။ မြေဖန်နိုင်ရင်တော့ အုတ်ထွက်နှုန်းမြင့်လာရင် လိုသလောက်ရောင်းပေးနိုင်တယ်”ဟု ဆွာမင်းလမ်း ကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာအနီးတွင် အုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးချစ်ထွေး က ပြောသည်။

 

အုတ် လုပ်ငန်းများလုပ်ကိုင်ရာတွင် စက်အုတ်နှင့် လက်အုတ် နှစ်မျိုးရှိပြီး စက်အုတ်မှာအရေအသွေးကောင်း မွန်ပြီး ကွင်းအထိုင်ဈေး အုတ်တစ်လုံးလျင် ၅၀ ကျပ်နှုန်းနှင့် ပို့ဆောင်ရသည့် ခရီးအကွာအဝေးပေါ် မူတည်၍ အုတ်တစ်လုံးလျင် ၅၈ ကျပ်၊ ၆၇ ကျပ်အထိ ပေါက်ဈေးရှိနေသည်။

 

ကိုလွင်(ဆွာ)