သဘင်ပညာရှင်များနဲ့ ပြည်သူများသာ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားမယ်ဆိုရင် သဘင်အနုပညာဟာ တိမ်ကောပျောက်ကွယ်မသွားနိုင်ပါဘူးဟု မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်း နာယက ပြောကြား

ရန်ကုန် ၂  ဇွန် 

 

 

သဘင်ပညာရပ်များ ရှင်သန်နိုင်ရေးနှင့် သဘင်ပညာရှင်များ ရပ်တည်နိုင်ရေး ဆိုသည့် ရည်ရွယ်ချက်ဆောင်ပုဒ်ဖြင့် ဝါရင့်သဘင်ပညာရှင်များနှင့် ရိ်ုးရာအနုပညာ မြတ်နိုးသူများဖြင့် ပေါင်းစုဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်း၏  မြန်မာ့သဘင်ရှုခင်း(၂၀၁၈)တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။

 

 

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်း၏ ၃ နှစ်ကျော်သက်တမ်း ကာလ အတွင်း သဘင်လောက အကျိုး၊ ပြည်သူလူထုအကျိုးသယ်ပိုးနိုင်မှုကို  မီဒီယာများအား ရှင်းလင်းတင်ပြခဲ့ပြီး သဘင်ပညာရှင်များက မြန်မာ့ရုပ်သေးရုပ်စုံ တင်ဆက်မှု အပါအဝင်  ရိုးရာ သဘင် အဆို ၊ အက၊ အတီးများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

 

 

တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် သဘင်ပညာရှင်ကြီးများ၏ စကားသံများမှာ-

 

 

 

 

မန္တလေးသိန်းဇော်

ဥက္ကဋ္ဌ

မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်း

 

“တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့  သဘင်ပညာရပ်တွေကို လက်လှမ်း မီသလောက် ဆက်လက်ရှင်သန်နိုင်ရေးကို အားစိုက်လုပ် ဆောင် ပါတယ်။ သဘင်ပညာရှင်တွေရဲ့ လူမှုရေးကဏ္ဍတွေထက်သဘင်ပညာနဲ့ပတ်သက်တဲ့ ဇာတ်ရုံတွေ ပေါ်ပေါက်ရေးကို လှုံဆော်မယ်၊တင်ပြမယ်၊ တောင်းဆိုမယ်၊ဇာတ်ခုံပေါ်မှာ ဇာတ်ပညာတွေ၊ ဆို၊ ငို၊ ပြော ပညာတွေ အားနည်းလာတာတွေနဲ့ ပတ်သက်ပြီး ပရိသတ်ကို လှုံဆော်မယ်၊  သဘင်အနုပညာရှင်တွေကိုလည်း တိုက်တွန်းမယ်၊ အားပေးမယ်၊ မြန်မာ့သဘင်၊ဂီတအနုပညာတွေ မတိမ်ကောအောင် မပျောက်ကွယ် စေရအောင် အားပေးမှုတွေလည်း သူ့တန်ဖိုးနဲ့သူ ညီမျှစွာရှိနေအောင်ကြိုးစားသွားမယ်။

 

 

မြန်မာ့သဘင်မှာ ခေတ်အလိုက်ပြောင်းလဲမှုကို လက်ခံနိုင်တာရှိသလို ထိန်းသိမ်းရမယ့် အရာတွေက အများကြီးပါ။ အရိုးကို အရွက်မဖုံး ရအောင် ကမ္ဘာကနေ လည်း ယဉ်ကျေးမှုကို ယူသင့်တာယူရမယ်။ ပေါင်းသင့်တာ ပေါင်းရမယ်။ မြန်မာဆိုတဲ့ သင်္ကေတကို ညိုးနွမ်းပျောက်ကွယ်သွားအောင် လက်ခံလို့မဖြစ်ပါဘူး။ အနုပညာသမား တွေက ငွေကြေးတစ်ခုတည်းမကြည့်ဘဲ မြန်မာ့ရိုးရာအမွေအနှစ်တွေကိုထိန်းသိမ်းပြီး မျှတစွာလုပ်ဆောင်ရင် သဘင်အနုပညာဆိုတာ ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်။ 

 

 

 

 

ပန်တျာ မြကြည်

နာယက

မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်း

 

မြန်မာ့နိုင်ငံ သဘင်ဖောင်ဒေးရှင်းကို သဘင်ထုအတွက် တတ်စွမ်းသမျှ ပံ့ပိုးဖို့၊ သဘင်ပညာ ထိန်းသိမ်းဖို့၊ သဘင်အနုပညာရှင်တွေ ရပ်တည်နိုင်ဖို့၊ တတ်စွမ်းသမျှ ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတာပါ။သဘင်ဖောင်ဒေးရှင်းအနေနဲ့ သဘင်အနုပညာ မပျောက်ကွယ်သွားဖို့အတွက် ရှေးမူမပျက်ရှိနေတဲ့ သဘင်ပညာတွေကို ထိန်းသိမ်း သွားမယ်။ သဘင်ဖောင်ဒေးရှင်းကနေ သဘင်ပညာသည်တွေကို မွေးထုတ်ပေးမယ်။ သဘင်နဲ့ပတ်သက်တဲ့ အဆို၊ အငို၊ အပြောတွေ ပြည်သူအများသိအောင် စွမ်းနိုင်သမျှ ကြိုးစားနေမှာပါ။

 

 

 

 

ဦးရဲထွဋ် 

နာယက

မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်း

 

မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို အင်မတန်မှ မြတ်နိုးတယ်၊ တန်ဖိုးထားတယ်၊ လေးစားတယ်။ မြန်မာလူမျိုးဆိုတာ နှစ်ပေါင်း ထောင်ချီပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဂီတ၊ ကိုယ်ပိုင်အနုပညာရှိတဲ့လူမျိုးပါ။ ကမ္ဘာမှာ မြန်မာလူမျိုး ရယ်လို့ ကြွားကြွားဝံ့ဝံ့ ရပ်တည်နိုင်အောင် ခိုင်မာတဲ့မြန်မာ့ဇာတ်သဘင်အနုပညာတွေ ကို ထိန်းသိမ်းပြီး ဘိုး၊ ဘွားတွေက ဆောင်ရွက်ပေးခဲ့တယ်။ သဘင်အနုပညာဆိုတာ အင်မတန် ဂုဏ်ယူစရာ ကောင်းပါတယ်။ မြန်မာ့ဇာတ်သဘင်မှာ အဆို၊အက၊ အရေး၊ အတီး၊ အပြော စတဲ့ ပညာရပ်တွေပါသလို အသက်မဲ့တဲ့ အရုပ်ကြိုးဆွဲပြီးကတဲ့ ရုပ်သေး အက တွေပါပါတယ်။ အရုပ်ကြိုးဆွဲပြီးကတဲ့ ရုပ်သေးအနုပညာဆိုတာ ကမ္ဘာမှာ မရှိပါဘူး။

 

 

ကျွန်တော်တို့ တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် အနုပညာ တွေရှိပါတယ်။ သက်ရှိသဘင်ပညာရှင်တွေက သာမန်ကပြဖျော်ဖြေမှု မဟုတ်ဘဲ ပြည်သူတွေကို အသိပညာတွေ၊ သင်ခန်းစာတွေပေးတယ်။ ကောင်းတဲ့လမ်းကြောင်း တွေ အပေါ် ခေါ်ဆောင်ပေးတယ်။ သဘင်အဖွဲ့အစည်းဆိုတာ အမျိုးသားယဉ်ကျေးမှု ကြီးကို ပိုမို ကောင်းမွန်အောင်လုပ်ဆောင်တာ ဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှုရဲ့ ဘိုးဘွား အမွေအနှစ် ရတနာအဖြစ် ဇာတ်သဘင်ဆိုတာ ရှိခဲ့တယ်။ ဇာတ်သမားလာရင် မှတ်သားစရာ ပါရမယ်၊ ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ရမယ်။ မှတ်သားစရာဆိုတာ လူ့လောကရဲ့ လောကဓံကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲ ဆိုတဲ့ စိတ်ဓာတ်တွေရစေဖို့ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့သဘင်ပညာရဲ့ တန်ဖိုးတွေပါ။

 

 

ရှေးခေတ်သဘင်ပညာရှင်ကြီးတွေက ဝမ်းရေးအတွက် ပြည်သူတွေကို အသိပညာပေး အနေနဲ့ ကပြဖျော်ဖြေတင်ဆက်ခဲ့သလို ပြည်သူတွေထဲက ပြည်သူတွေကို အဆို၊ အက၊ အရေး၊ အတီးဆိုတဲ့ သဘင်ပညာကို သင်ပေးတယ်။ လွတ်လပ်ရေးရပြီး တိုးတက် ပြောင်း လဲလာတဲ့ ခေတ်တွေမှာ နိုင်ငံတော်ကနေ ပန်တျာကျောင်းတွေဖွင့်ပြီး သဘင် ပညာတွေကို သင်ပေးတယ်။ သဘင်ပညာရှင်ကြီးတွေကလည်း လက်ဆင့်ကမ်းအမွေ အနေနဲ့ သဘင် အနုပညာတွေကို ကပြဖျော်ဖြေတင်ဆက်ပေးခဲ့ပြီး မြန်မာ့သဘင် ပညာကို ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။ အခုခေတ်ရေစီး ကြောင်းအရ နိုင်ငံတကာကနေ ယဉ်ကျေးမှုတွေ စိမ့်ဝင်ထိုးဖောက်လာတဲ့အခါမှာ သဘင်ပညာရှင်များနဲ့ ပြည်သူများက သဘင်အနုပညာကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် သွားမယ်ဆိုရင် သဘင်အနုပညာဟာ တိမ်ကောပျောက် ကွယ်မသွား နိုင်ပါဘူး။ကျွန်တော်တို့အနေနဲ့ မျှော်လင့်ချက်တွေ အများကြီးထားတယ်။ မြန်မာ့ သဘင်ဟာ အရိုးကို အရွက်ဖုံးမယ့် အနေ အထားမျိုးရှိနေတယ်။ မြန်မာ့သဘင် ရဲ့ဝမ်းစာစစ်စစ်ကို သဘင်နယ်ပယ်ကနေ ရစေချင်တယ်။

 

 

 

 

ဦးနန်းဝင်း

အတွင်းရေးမှူး

မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်း

 

မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ သဘင် ပညာရပ်များ ရှင်သန်နိုင်ရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သဘင်အခြေခံသင်တန်းတွေဖွင့် လှစ်တယ်။ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဇာတ်စာ၊ ဇာတ်စကားတွေ ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဇာတ်သဘင်ဆိုတာတွေကို အခါအားလျော်စွာ နိုင်ငံတကာနဲ့ ချိတ် ဆက်ပြီး သဘင်ပညာတွေ ပူးပေါင်းဖလှယ်တယ်။

 

 

ယနေ့တွေ့ဆုံပွဲကို မြန်မာ့သဘင်လောက၏ သမိုင်းတန်ဖိုးနှင့်တကွ မျက်မှောက် ခေတ်သဘင်လောက အရွေ့များကြောင့် မြန်မာ့သဘင် စင်မြင့်မှ  ဆို၊ငိ်ု၊ပြောဇာတ် သဘင်ပညာများ တိမ်မြုပ်ပျောက်ကွယ်လာကြောင်း  ဇာတ်အဖွဲ့၊ ဆိုင်းအဖွဲ့များ ခေတ် အမြင်အတွေး ခေတ်သစ်နည်းပညာများဖြင့် ရိုးရာ သဘင်ကိ်ု မြှင့်တင်ထိန်းသိမ်း လုပ်ဆောင်ကြရန်အတွက် သက်ရှိယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ရိုးရာ သဘင်ကို ဝိုင်းဝန်းစောင့်ရှောက်ကြရန် လှုပ်ရှားမှုတစ်ရပ်  အနေဖြင့် ကျင်းပခြင်း ဖြစ် ကြောင်းသိရသည်။

 

 

 

သတင်း - ဝင်းဝင်းမော်၊ မီမီဖြိုး

ဓာတ်ပုံ - လှမိုး