သဘာဝတောတောင်စိမ့်စမ်းတို့ဖြင့် ခြယ်သထားသော “ပုပ္ပါးတောင် ဥယျာဉ်”

 

 

သိန်းညွန့် PZL

 

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတစ်လွှားဂေဟစနစ် ထိန်းသိမ်းကာကွယ်နိုင်ရေး၊ ကြက်မောက်တောင်ဆည် ရေဝေရေလဲဒေသဖြစ်သည့် ပုပ္ပားတောင်ရပ်ဝန်း ထိရောက်စွာ ကာကွယ်ထိန်းသိမ်းရေးအလို့ငှာ ရည်ရွယ် အကောင်အထည်ဖော်လျက်ရှိသော “ပုပ္ပားတောင်ဥယျာဉ်”နယ်မြေသည် ဧကပေါင်း ၃၁၇၆၃ ဧက ကျယ်ဝန်းသည်။

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်မြို့၏ အရှေ့​မြောက်ဘက် ၁၀ မိုင်ခန့် အကွာ၌ သစ်တောဦးစီးဌာနက “ပုပ္ပားတောင်ဥယျာဉ်” ကို ၁၉၈၂ ခုနှစ် မေလအတွင်း စတင်တည်ထောင်ခဲ့ပါ၏။ ယင်းမှာ ကြက်မောက်တောင် ကြိုးဝိုင်းသစ်တော တစ်ခွင်လုံးကို လွှမ်းခြုံကာ “ပုပ္ပားတောင် ဥယျာဉ်” အဖြစ် ၁၉၈၉ ခုနှစ် ​ဩဂုတ် ၂၄ ရက်က သတ်မှတ်ကြေညာခဲ့အပြီး ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၇ ရက်မှစတင်ကာ အများပြည်သူများ ဝင်ရောက်စေ့ငု လေ့လာနိုင်ရေးအတွက် ဥယျာဉ်ကိုစတင် ဖွင့်လှစ်ပေးခြင်းဖြစ်ပေသည်။

 

သဘာဝအပင်များ ရေရှည် ရှင်သန်ရန် ရည်ရွယ်

 

ပုပ္ပားတောင် ဝန်းကျင်တစ်ခွင်ကို ခြုံငုံကြည့်လိုက်ပါက “ပုပ္ပားမျောက် မြီးရှည်” အပါအဝင် ကျေးငှက်သာရကာ၊ လိပ်ပြာ၊ သစ်ခွပင်အလှ၊ ပရဆေးပင်များ ပေါကြွယ်ဝ၍ သဘာဝအပင်များ ရေရှည် ရှင်သန်ပေါက်ပွားစေရန်လည်း ရည်ရွယ် မျှော်မှန်းထားပါသည်။

 

mdn

 

သဘာဝ စိမ့်စမ်းရေထွက်များ တည်ရှိရာဒေသ

 

အထူးသဖြင့် စေတီပုထိုး၊ နတ်ကွန်း နတ်နန်းများဖြင့် ရိုးရာဓလေ့များ ထုံမွမ်းရာဒေသဖြစ်သည့်နှင့်အညီ ဒေသခံပြည်သူများအကြား ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး အသိပညာများကို ဟန်ချက်ညီညီ ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက်ပါ စနစ်တကျ စီမံချက် ချမှတ်ဖော်ဆောင်လျက်ရှိပါ၏။ သဘာဝစိမ့်စမ်းရေထွက်များ တည်ရှိရာဒေသ ဖြစ်ပေရာ ဒေသခံကျေးရွာပြည်သူများ ရာသီမရွေး သောက်သုံးရေအတွက် ရတက်မအေး မဖြစ်ကြရန်အတွက်လည်း ဤဥယျာဉ်က ထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိပါသည်။

 

“ပုပ္ပားတောင်မကြီး” သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၉၈၁ ပေ မြင့်မားကာ တောတောင်လျှိုမြောင် များလည်း ပေါများလှပါ၏။ မီးတောင် ဟောင်းဖြစ်သော ပေ ၄၉၈၁ ပေရှိ “မှန်ပြတောင်” သည် အမြင့်ဆုံးဖြစ်ကာ ဒုတိယအမြင့်ဆုံး “စပါးပုံတောင်” မှာ ၄၈၀၁ ပေရှိပါ၏။ တတိယ အမြင့်ဆုံး “ဆေးမွန်တောင်” သည်ကား ၄၅၀၁ ပေ ရှိပါသည်။

 

ဥယျာဉ်၏ ဧရိယာ ၉၄ ဒသမ ၅၆ ရာခိုင်နှုန်းကို သစ်တောများ လွှမ်းခြုံ

 

ဂြိုဟ်တု ဓာတ်ပုံမှတ်တမ်းတင်ချက်အရ ဥယျာဉ်၏ ဧရိယာ ၉၄ ဒသမ ၅၆ ရာခိုင်နှုန်းကို သစ်တောများ လွှမ်းခြုံထားကြောင်း သိမှတ်ရပြီး ရွက်အုပ်ပိတ်တောနှင့် ရွက်အုပ် ပွင့်တော ဧကအများဆုံး ဖုံးလွှမ်း ထားခြင်းဖြင့် “ပုပ္ပားတောင် ဥယျာဉ်” သည် သာမောဖွယ်ရာ စိမ်းလန်းစိုပြည်သော “အိုအေစစ်” ကလေးသဖွယ် တည်ရှိနေပါသည်။

သစ်ခွမျိုးစိတ်ပေါင်း ၈၆ မျိုးကို လှပဝေဆာစွာ တွေ့မြင်ခံစားနိုင်

 

သဘာဝသစ်ပင်များအဖြစ် ကတွတ်၊ ကြက်တက်၊ ကြို့၊ ကြောင်ထောက်၊ ကြက်ရိုး၊ ကင်ပလင်း၊ ကညင်၊ ကရမက်၊ ကံ့ကော်၊ တမလန်း၊ ယမနေ၊ ရင်ခတ်၊ ရေသပြေ၊ ဘုံမဲဇာ၊ မဒမ၊ သဖန်း၊ ဥနှဲ စသည့်သစ်ပင်မျိုး ၃၀၀ ခန့် ပေါက်နေ သကဲ့သို့ ဆေးဘက်ဝင် အပင်မျိုးစိတ်များ ၃၆၀ ကျော်၊ သစ်ခွမျိုးစိတ်ပေါင်း ၈၆ မျိုး ကိုလည်း ဥယျာဉ်တစ်နံတစ်လျား လှပဝေဆာစွာ တွေ့မြင်ခံစားနိုင်ကြပါ၏။

 

အထူးသဖြင့် “ပုပ္ပားတောင်ဥယျာဉ်” ဒေသတွင် ပုပ္ပားမျောက်မြီးရှည် အကောင် ၁၀၀ ခန့်ကို တွေ့ရှိ မှတ်တမ်းတင်ထားနိုင်ပေရာ “မျောက်မြီးရှည်” မျိုးစိတ် အများဆုံး တွေ့ရှိရသောဒေသလည်းဖြစ်ပါသည်။ ပုပ္ပားမျောက်မြီးရှည်သည် မြန်မာနိုင်ငံ၏ ဒေသရင်းမျိုးစိတ် (endemic) လည်းဖြစ်ပါ၏။  အခြားသိရှိပြီး မျိုးစိတ်များနှင့် အမွေးအရောင်၊ အမြီးအရှည်နှင့် အရိုးအဆစ် ပုံသဏ္ဌာန်အားဖြင့်လည်း ကွဲပြားခြားနား​ကြောင်း သိမှတ်ရပါ၏။

 

ပြည်ပသုတေသီများ၏ ကွင်းဆင်း သုတေသနပြုချက်အရ “ပုပ္ပားမျောက် မြီးရှည်” များသည် မျိုးသုဉ်းပျောက်ကွယ် မည့် အန္တရာယ်နှင့် ကြုံတွေ့ရဖွယ် နီးစပ်နေကြောင်း ဖော်ပြထားပါသည်။

 

mdn

 

 

နိုင်ငံတော်နှင့်အတူ တိုင်းရင်းသား ပြည်သူများကပါ တာဝန်သိသိ ပါဝင်

 

အချုပ်အားဖြင့် တောတောင်စိမ့်စမ်း သဘာဝရှုခင်းအဖုံဖုံနှင့် ဘူမိရုပ်သွင် ထူးခြားလှသော “ပုပ္ပားတောင်ဥယျာဉ်” ဝန်းကျင်ရေရှည်တည်တံ့ရေးအတွက်လည်းကောင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် ရေခံမြေခံကောင်းသော ဒေသတစ်ခုအဖြစ်လည်းကောင်း နိုင်ငံတော်နှင့်အတူ တိုင်းရင်းသား ပြည်သူများကပါ တာဝန်သိသိ ပါဝင်ကြခြင်း “ပုပ္ပားတောင်ဥယျာဉ်” ၏ အလှတန်ဆောင်ကို ပို၍ တောက်ကြွား သစ်လွင် တောက်ပလာနိုင်မည် ဖြစ်ပါသတည်း။ ။