သဘာဝပတ်ဝန်းကျင်လေ့လာရေး ဂြိုဟ်တုတစ်စင်းကို တရုတ်လွှတ်တင်

တိုင်ယွမ် ၁၀ မေ

 

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က တရုတ်နိုင်ငံဟာ အဆင့်မြင့် ရောင်စဉ်လှိုင်း ပုံရိပ်ဖော် ဂြိုဟ်တု ဂေါင်ဖန်း - ၅ ကို သဘာဝပတ်ဝန်းကျင် စောင့်ကြည့် လေ့လာရေးအတွက် လွှတ်တင်ခဲ့ပါတယ်။ အဲဒီဂြိုဟ်တုကို ရှန်ဇီပြည်နယ်မြောက်ပိုင်းရှိ တိုင်ယွမ် ဂြိုဟ်တု ပစ်လွှတ်ရေး စင်တာကနေ ဒေသစံတော်ချိန် မနက် ၂ နာရီ ၂၈ မိနစ်မှာ Long March 4C  ဒုံးပျံနဲ့ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

 

ဂြိုဟ်တုကို တရုတ်အာကာသသိပ္ပံနဲ့ နည်းပညာ အသင်းက တည်ဆောက်ခဲ့တာဖြစ်ပြီး  ၈ နှစ်အကြာ အသုံးပြုသွားဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။ ဂေါင်ဖန်း - ၅ ဟာ လေထု ညစ်ညမ်းမှုကို စောင့်ကြည့်နိုင်တဲ့ တရုတ်နိုင်ငံထုတ် ပထမဦးဆုံး ဂြိုဟ်တု ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ကနေ လှိုင်းရှည် အနီအောက်ရောင်ခြည်အထိ ရောင်စဉ်လှိုင်းဆိုင်ရာ အချက်အလက်တွေကို ရယူနိုင်စွမ်းရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အဝေးထိန်း စနစ်သုံး ဂြိုဟ်တုတွေထဲကမှ ရောင်စဉ်လှိုင်း ဖမ်းယူနိုင်မှု အမြင့်ဆုံး ဂြိုဟ်တုဖြစ်သလို ကမ္ဘာ့လေထုနဲ့ မြေပြင်ကို လေ့လာနိုင်ဖို့ ရောင်စဉ်လှိုင်း ဖမ်းယူနိုင်မှုမြင့်မားတဲ့ ကမ္ဘာ့ ပထမဆုံး ဂြိုဟ်တုလည်း ဖြစ်တယ်လို့ ဂြိုဟ်တု ဒီဇိုင်ရေးဆွဲခဲ့တဲ့ အကြီးအကဲ တောင်ဇီဒေါင် ကပြောပါတယ်။

 

ဂြိုဟ်တုပေါ်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ တိုင်းတာရေး ကရိယာနဲ့ လှိုင်းတို  အနီအောက်ရောင်ခြည်သုံး ကင်မရာ အပါအဝင် အထောက်အကူပြုပစ္စည်း  ၆ မျိုးကို တပ်ဆင်ထားပြီး ဂြိုဟ်တုဟာ ကုန်းတွင်းပိုင်းရေ၊ မြေမျက်နှာသွင်ပြင်နှင့် သတ္ထုတွင်းများ ပြောင်းလဲလာမှုတို့ကို ခြေရာခံခြင်း၊  တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာမှု၊  သယံဇာတ တူးဖော်မှု၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ လျော့ပါးစေရေးတို့အတွက် ယုံကြည်စိတ်ချရတဲ့ အချက်အလက်များ ထောက်ပံ့ပေးနိုင်မှာဖြစ်ကြောင်း ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အတည်ပြု ပြောကြားထားပါတယ်။

 

တရုတ်နိုင်ငံဟာ ဂေါင်ဖန်း ဂြိုဟ်တု လွှတ်တင်မှုစီမံကိန်းကို ၂၀၁၀ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ယခုနှစ်အတွင်းမှာ ဂေါင်ဖန်း - ၆ ဂြိုဟ်တုကို လွှတ်တင်ဖို့ရှိကြောင်း ဆင်ဟွာ သတင်းအရ သိရပါတယ်။

 

MDN
ကိုးကား - ဆင်ဟွာ