သဘာဝအခြေပြုဖြေရှင်းနည်းများဖြင့် တစ်ခုတည်းသောကမ္ဘာမြေကို ပူးပေါင်းပါဝင်ထိန်းသိမ်းကြပါစို့

ဒေါက်တာဝင်းထိန် 
(ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

(ယမန်နေ့မှအဆက်)

၂၀၅၀ ပြည့်နှစ်တွင် တိုးတက်လာသော လူဦးရေ အတွက်  စွမ်းအင်လိုအပ်ချက်မှာ   ယခုလက်ရှိ ထုတ်လုပ်နိုင်မှုထက် ၅၀ ရာခိုင်နှုန်း လိုအပ်လာမည် ဖြစ်ကြောင်း UNEP မှ ၂၀၂၁ ခုနှစ်တွင် ခန့်မှန်း ဖော်ပြထားပါသည်။ ရုပ်ကြွင်းလောင်စာအခြေခံ စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းများမှာ လေထုထဲသို့ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို တိုးတက်စေပြီး ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ရာသီဥတုပြောင်းလဲ မှုကိုပါ အားပေးပါသည်။ အဆိုပါစိန်ခေါ်မှုများကို လျှော့ချနိုင်ရေးအတွက် သဘာဝအခြေပြု ပြန်ပြည့် ဖြိုးမြဲစွမ်းအင်ဖြစ်သည့်   လေစွမ်းအင်၊   ရေအား လျှပ်စစ်စွမ်းအင်၊   နေစွမ်းအင်တို့ကို   အစားထိုး ထုတ်လုပ်အသုံးပြုလာကြပါသည်။  တရုတ်နိုင်ငံ သည် ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကြီးမားစွာ ရင်းနှီးမြှုပ်နှံခဲ့ပြီး China Briefing (၂၀၂၂) တွင်   National Energy Administration (NEA) ၏    ဖော်ပြချက်အရ တရုတ်နိုင်ငံ၏ တပ်ဆင်ပြီး ပြန်ပြည့်ဖြိုးမြဲစွမ်းအင် သည် ၂၀၂၁ ခုနှစ်တွင် ၁၀၆၃ Gigawatts (GW)အထိ ရှိခဲ့ပြီး တရုတ်နိုင်ငံ၏ စုစုပေါင်း ဓာတ်အား ထုတ်လုပ်နိုင်မှုပမာဏ၏ ၄၄ ဒသမ ၈ ရာခိုင်နှုန်း ရှိပါသည်။ ဤသို့ဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ် သည့် တရုတ်နိုင်ငံသည် စွမ်းအင်ကဏ္ဍတွင် သဘာဝ ကို အခြေပြုပြီး ကာဗွန်ထုတ်လွှတ်မှုနည်းသော နည်းစနစ်များကိုအသုံးပြုလျက် တစ်ခုတည်းသော ဤကမ္ဘာမြေ ရေရှည်တည်တံ့အောင် ထိန်းသိမ်း လျက်ရှိပါသည်။ 

သစ်တောကဏ္ဍမှာ   ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကမ္ဘာမြေကို ပြန်လည် ထိန်းသိမ်းနိုင်မည့် အထိရောက်ဆုံးသောကဏ္ဍ တစ်ခုဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများတွင်  အကောင် အထည်ဖော်မှုအများဆုံးသော   သဘာဝအခြေပြု ဖြေရှင်းနည်းများမှာ မြေအရည်အသွေး ကျဆင်း နေသောနေရာဒေသတွင် သစ်တောဧရိယာအဖြစ် ပြန်လည်တည်ထောင်ခြင်း၊ ခုတ်လှဲပြီးနေရာတွင် သစ်တောပြန်လည်စိုက်ပျိုးခြင်း၊ လူထုအခြေပြု သစ်တောဧရိယာ  ဖန်တီးခြင်း၊   သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းတို့  ဖြစ်ပါသည်။  ယခုအခါ ဝါးစိုက်ပျိုးရေးကိုလည်း သဘာဝအခြေပြုဖြေရှင်း နည်းများတွင် ပါဝင်လာသည်ကိုလေ့လာတွေ့ရှိရပါသည်။ သစ်တောဂေဟစနစ်များသည် ကမ္ဘာမြေ အတွက် မရှိမဖြစ်သော အဆုတ်နှင့် အလားသဏ္ဌာန် တူပါသည်။    ရာသီဥတုပြောင်းလဲမှု၏    အကျိုး သက်ရောက်မှုကို လျှော့ချပေးရန်အတွက် ကာဗွန် အမြောက်အမြားကို စုပ်ယူပေးခြင်း၊ ကမ္ဘာကြီးပူနွေး လာမှုကို ထိန်းညှိပေးခြင်း၊ မိုးရွာသွန်းမှုကို ဖြစ်ပေါ် စေကာ   ကြည်လင်သောရေကို    ရရှိစေပါသည်။ သစ်တောဂေဟစနစ်များသည်     သဘာဝနည်း အားဖြင့် ကာဗွန်စုပ်ယူနိုင်မှုမှာ သာလွန်ကောင်းမွန် သည့်အတွက်   လေထုအတွင်းရှိ    ကာဗွန်များကို လျှော့ချပေးခြင်းဖြင့် ကမ္ဘာမြေကို ပြန်လည်သန့်ရှင်း စေမည်မှာ သေချာပါသည်။

ညစ်ညမ်းမှုထိန်းချုပ်ကာကွယ်ရေးအတွက် သဘာဝအခြေပြုဖြေရှင်းနည်းများ

ကမ္ဘာတစ်ဝန်းရှိ    မြို့ကြီးများသည်   လေထု ညစ်ညမ်းမှု၊    မြို့ပြအပူဒဏ်ပြင်းထန်မှု၊   ရေထု ညစ်ညမ်းမှုနှင့် ရေလျှံမှုများစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ အဆိုပါပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများထဲတွင် လေထုညစ်ညမ်းမှုနှင့် မြို့ပြ အပူဒဏ်ကြောင့်    အရွယ်မတိုင်မီသေဆုံးမှုနှင့် ကျန်းမာရေးပြဿနာကို မြင့်မားစေပါသည်။ UNEP ၏ ၂၀၂၀ ပြည့်နှစ် ဖော်ပြချက်အရ လေထုညစ်ညမ်းမှု သည် နှစ်စဉ် အရွယ်မတိုင်မီ သေဆုံးမှု ကိုးသန်းခန့် ဖြစ်ပေါ်စေပြီး အခြားပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာ ရေးအန္တရာယ်များကြောင့်    နှစ်စဉ် သန်းနှင့်ချီ၍ သေဆုံးရသည်ဟု  ခန့်မှန်းထားသည်။   ထို့အပြင် ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော ရောဂါအားလုံး၏ လေးပုံတစ်ပုံခန့်သည် ရာသီဥတုပြောင်းလဲမှု၊ လေထု နှင့် ရေထုညစ်ညမ်းမှု၊ အဆိပ်သင့်ဓာတုပစ္စည်းများ နှင့်  ထိတွေ့မှုအပါအဝင်    သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အန္တရာယ်များမှ ဖြစ်ပေါ်လာကြောင်းလည်း ဖော်ပြထားပါသည်။    လေထုညစ်ညမ်းမှုကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့  (World Health Organization-WHO)က ကျန်းမာရေးအတွက် အကြီးမားဆုံးသော ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုဟု သတ်မှတ်ထားပါ သည်။  ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ  မူဘောင်ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change-UNFCCC) ၏ ၂၀၂၂ ခုနှစ် ဖော်ပြချက်တွင် ကမ္ဘာတစ်ဝန်းရှိ လူ ၁၀ ဦးတွင်   ကိုးဦးသည် WHO ၏ လမ်းညွှန်ချက်ထက် ကျော်လွန်သော ညစ်ညမ်းလေထုကို ရှူရှိုက်မိနေကြ ပါသည်။  လူထုအခြေပြု   သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းသည်လည်း လေထုထဲမှ   ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ကို     လျှော့ချပေးနိုင်ပြီး   ညစ်ညမ်းသောလေထုကို သန့်စင်ပေးနိုင်ပါသည်။    မြို့ပြဧရိယာအတွင်း လေထုညစ်ညမ်းမှု၊ အပူချိန် မြင့်မားမှုနှင့် ရေထုညစ်ညမ်းမှုတို့အတွက်    မြို့ပြအပန်းဖြေနေရာများဖန်တီးပေးခြင်း၊    လမ်းလယ် ကျွန်းများတွင်     အလှသစ်ပင်များစိုက်ပျိုးခြင်း၊    ရေဝပ်မြေနေရာများကို    ပြန်လည်ဖော်ထုတ်ပြီး ရေထိန်းသိမ်းနိုင်ရန် ဆောင်ရွက်ခြင်း၊ ရေကန်များ တူးဖော်ပြီး  မိုးရေစီးဆင်းမှုကို    ထိန်းသိမ်းခြင်း၊ မြို့ပြလမ်းများပေါ်တွင် မိုးရေများ စိမ့်ဝင်နိုင်အောင်       ဆောင်ရွက်ခြင်းစသည်တို့ကို  ဆောင်ရွက်ခြင်းဖြင့်  မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို လျှော့ချ ပြီး  ကမ္ဘာမြေကို   ပြန်လည်ထိန်းသိမ်းဆောင်ရွက် နိုင်ပါသည်။

ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးအတွက် သဘာဝအခြေပြုဖြေရှင်းနည်းများ

ကမ္ဘာပေါ်ရှိ သက်ရှိသက်မဲ့အရာအားလုံးသည် တစ်ခုနှင့်တစ်ခု    အပြန်အလှန်ချိတ်ဆက်နေပြီး  ဇီဝမျိုးစုံမျိုးကွဲများသည် အားလုံး၏ အခြေခံအချက် ဖြစ်ပါသည်။ ဤကမ္ဘာပေါ်တွင် ၎င်းတို့မရှိပါက ကမ္ဘာမြေမှ   ဖြည့်စွမ်းပေးနေသည့်   ဂေဟစနစ် ဝန်ဆောင်မှုများဖြစ်သည့် စားနပ်ရိက္ခာ၊ သန့်ရှင်း သော ရေနှင့် လေတို့ကို ရရှိနိုင်တော့မည် မဟုတ်ပေ။ ဂေဟစနစ်များ  ပျက်စီးယိုယွင်းခြင်းနှင့်  ဇီဝမျိုးစုံ မျိုးကွဲများ ကျဆင်းခြင်းသည် ရာသီဥတုပြောင်းလဲ မှုကို ပိုမိုဆိုးရွားစေပြီး လူတို့အတွက် ကျန်းမာရေး၊ သန့်ရှင်းသောလေ၊ ရေနှင့် အစားအစာများကို ပံ့ပိုး ပေးသည့် သဘာဝဖြစ်စဉ်များကို ခြိမ်းခြောက်လျက် ရှိသည်။ ကျန်းမာကောင်းမွန်သောဂေဟစနစ်များသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှု များမှ လူသားများကို   ကာကွယ်ပေးနိုင်ပြီး  သဘာဝ အခြေခံဖြေရှင်းနည်းများသည် ပါရီသဘောတူညီ ချက်တွင်ပါရှိသော  ရာသီဥတုပြောင်းလဲမှုလျှော့ချ ရေးလိုအပ်ချက်များ၏ ၃၇ ရာခိုင်နှုန်းအထိ ပံ့ပိုး ပေးနိုင်ကြောင်း IUCN ၏ Post-2020 Global Biodiversity Framework အတွက် Key Indicator ဆိုင်ရာ  ဆွေးနွေးညှိနှိုင်းချက်တွင်   ဖော်ပြထားပါ သည်။ သဘာဝအခြေပြု ဖြေရှင်းနည်းများအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းနိုင်ရန်   ဂေဟစနစ် များကို  ပြန်လည်ထိန်းသိမ်းခြင်း၊ တရားမဝင်သစ် ထုတ်လုပ်ခြင်းကို တားမြစ်ခြင်း၊  ရေရှည်တည်တံ့ သော စိုက်ပျိုးနည်းစနစ်များကို ဖော်ဆောင်ခြင်း၊ မြို့ပြဧရိယာအတွင်းရှိ လူထုအပန်းဖြေစရာနေရာ များကို ဖန်တီးခြင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ များကို သတ်မှတ်ပြီး ဂေဟစနစ်များကို  ထိန်းသိမ်း ခြင်း  စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။

   ကမ္ဘာ့နိုင်ငံများ၏    ရာသီဥတုပြောင်းလဲမှု
လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ   
အကောင်အထည်ဖော်ဆောင်ရွက်မည့်  လုပ်ငန်း 
အစီအစဉ်တွင် သဘာဝအခြေပြုဖြေရှင်းနည်းများ၏
 အခန်းကဏ္ဍ 

IUCN ၏ Post-2020 Global Biodiversity Framework နှင့်စပ်လျဉ်းသော ဆွေးနွေးချက်တွင်  သုံးပုံနှစ်ပုံသော နိုင်ငံများသည် ပါရီသဘောတူညီ ချက်ပါ ကတိကဝတ်များ   အကောင်အထည်ဖော်နိုင် ရေးအတွက် ၎င်းတို့၏ နိုင်ငံအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်များတွင် သဘာဝ အခြေပြုဖြေရှင်းနည်းများကို ထည့်သွင်းထားပြီးဖြစ် သည်။ ပါရီသဘောတူညီချက် ကတိကဝတ်များအရ နိုင်ငံအများစုသည် ၎င်းတို့၏ အမျိုးသား ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိ စေရေးဆိုင်ရာ အကောင်အထည်ဖော်  ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ် (National Determined Contributions-NDCs) တွင် သဘာဝအခြေပြု ဖြေရှင်းနည်းများကို ပေါင်းစပ်ရေးဆွဲလာကြသည်ကို လေ့လာတွေ့ရှိရပါသည်။    Global Sustainability   အဖွဲ့အစည်းမှ      Seddon et al., (2020) ၏ သုတေသနလေ့လာမှုတစ်ခု၌ နိုင်ငံပေါင်း ၁၀၄ နိုင်ငံ၏ NDCs ၌ သဘာဝနှင့် လိုက်လျောညီထွေ မှုရှိသော အစိတ်အပိုင်းများတွင် သဘာဝအခြေပြု ဖြေရှင်းနည်းများကဲ့သို့သော        ထိန်းသိမ်းရေး လုပ်ဆောင်မှုများ ပါဝင်လာကြောင်း၊ ၇၇ နိုင်ငံမှာ   ရာသီဥတုပြောင်းလဲမှု    လျော့ပါးသက်သာရေးနှင့်    လိုက်လျောညီထွေဖြစ်ရေး   နှစ်ခုစလုံးကိုလည်း ကောင်း၊   ကျန်ရှိ ၂၇ နိုင်ငံတွင်  ရာသီဥတုပြောင်းလဲမှု    လျော့ပါးသက်သာရေး တစ်ခုတည်းကိုသာလည်း ကောင်း ထည့်သွင်းရေးဆွဲထားကြောင်း ဖော်ပြထား ပါသည်။ ရာသီဥတုပြောင်းလဲမှု၏ အကြောင်းတရား များနှင့်   အကျိုးဆက်များကို ဖြေရှင်းလျှော့ချရန် အတွက် သဘာဝဂေဟစနစ်ကို   ထောက်ပံ့ပေးသော   ဆောင်ရွက်ချက်များနှင့် လုပ်ဆောင်မည့် ရည်ရွယ် ချက်များကို နိုင်ငံများ၏ NDCs တွင် အလေးထား ဖော်ပြလာကြပါသည်။

မြန်မာနိုင်ငံတွင် သဘာဝအခြေပြုဖြေရှင်းနည်းများ
 အကောင်အထည်ဖော်ဆောင်ရွက်နေမှု 

မြန်မာနိုင်ငံတွင် သဘာဝအခြေပြုဖြေရှင်းနည်း များကို တွင်ကျယ်စွာအသုံးပြု၍ အကောင်အထည် ဖော်မှုလုပ်ငန်းများစွာ    ဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပါသည်။   ဥပမာအားဖြင့်  မြို့ပြ ဧရိယာ သန့်ရှင်းသာယာလှပရေးအတွက် ပန်းအလှ ပင်များ စိုက်ပျိုးခြင်း၊ လမ်းလယ်ကျွန်းများကို ပန်း အလှပင်များဖြင့် အလှဆင်ခြင်း၊ မြို့ပြနေပြည်သူ များအတွက် အပန်းဖြေစရာ ပန်းဥယျာဉ်၊ ရေပန်း ဥယျာဉ် စသည်တို့ကို ဖန်တီးပေးခြင်း၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့်စပ်လျဉ်း၍   အော်ဂင်းနစ်စိုက်ပျိုးရေး၊ စိုက်ပျိုးရေးဆိုင်ရာ   အလေ့အကျင့်ကောင်းများ၊ သစ်တောသီးနှံ ရောနှောစိုက်ခင်း စသည်တို့ကို ဖော်ဆောင်ပေးခြင်း၊  ရေအရင်းအမြစ်ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍    ရေဝေရေလဲဒေသများရှိ သစ်တောဧရိယာကို   ပြန်လည်ထိန်းသိမ်းခြင်း၊ မြစ်ကြောင်းကမ်းပါးများ ထိန်းသိမ်းခြင်း၊ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုမှ လျှော့ချနိုင်ရေးအတွက် ကမ်းရိုးတန်းဒေသများတွင် ပင်လယ်ဒီရေတောများ ကို ပြန်လည်စိုက်ပျိုးခြင်းနှင့် ပြန်လည်ထိန်းသိမ်း ခြင်း စသည်တို့ကို သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရမဟုတ်သော    ပြည်တွင်းနှင့်   နိုင်ငံတကာ အဖွဲ့အစည်းများမှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး အတွက် အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောနှင့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောတို့ကို လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ပြီး ကမ္ဘာမြေ ပြန်လည်ရှင်သန်လာရေး အတွက် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။  သစ်တောဦးစီးဌာန၏ ဖော်ပြချက်အရ  မြန်မာနိုင်ငံဆိုင်ရာ  သစ်တော မူဝါဒတွင် သဘာဝထိန်းသိမ်းရေးနယ်မြေများကို မြန်မာနိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ ဖွဲ့စည်းရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့ အထိ  ဖွဲ့စည်းတည်ထောင်ပြီးသော   သဘာဝ ထိန်းသိမ်းနယ်မြေ ၄၅ ခုအနက် အာဆီယံဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်နှင့် ယဉ်ကျေးမှုတို့အရ အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park-AHP) ရှစ်ခုနှင့်   ရမ်ဆာ ကွန်ဗင်းရှင်း  (Ramsar Convention)မှ နိုင်ငံတကာ အဆင့် အရေးပါသည့်  ရမ်ဆာရေဝပ်ဒေသအဖြစ်     သတ်မှတ်ခံထားရသည့်   သဘာဝ ထိန်းသိမ်းနယ်မြေ ငါးခုရှိပါသည်။ 

မြန်မာနိုင်ငံ၏ သဘာဝအခြေပြုဖြေရှင်းနည်းများ အကောင်အထည်ဖော်မှုဆိုင်ရာ မူဝါဒနှင့် ဥပဒေများ

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာမြေ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝသယံဇာတ အရင်းအမြစ် များအား သဘာဝအခြေပြုဖြေရှင်းနည်းများနှင့် ရေရှည်တည်တံ့စွာ ထိန်းသိမ်းကာကွယ်အသုံးပြုနိုင် ရေးအတွက် နိုင်ငံတကာ ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်များတွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာလုံးဆိုင်ရာ  ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို      ပြည့်မြောက် အောင်မြင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan-MSDP) ကို ၂၀၁၈ ခုနှစ်တွင် ချမှတ်ခဲ့ပါသည်။ MSDP ၏   ရည်မှန်းချက်များ ပြည့်မီစေရေးနှင့်   ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို   ကဏ္ဍအသီးသီးတွင်   ပေါင်းစပ် အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ (၂၀၁၉)၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ (၂၀၁၉)၊ မဟာ ဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)၊ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာ ဗျူဟာနှင့်လုပ်ငန်းအစီအစဉ်    (၂၀၁၈-၂၀၃၀)၊ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၅-၂၀၂၀)များပါ ပြဋ္ဌာန်းချက် များနှင့်အညီ အကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိပါသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ် ကာကွယ်ရေးအတွက် ပတ်ဝန်းကျင်ဆိုင်ရာ အရည် အသွေးနှင့်စံချိန်စံညွှန်း(၂၀၁၅)နှင့် ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ရေးအတွက် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းများ (၂၀၁၅) စသည်တို့ကို   ပြဋ္ဌာန်း၍   ဤကမ္ဘာမြေ စိမ်းလန်း သာယာရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

အချိန်ရှိခိုက်လုံ့လစိုက်

သဘာဝအခြေပြုဖြေရှင်းနည်းများသည် ရာသီ ဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ် မျိုးသုဉ်းခြင်း၊ လေထုနှင့် ရေထုညစ်ညမ်းမှုနှင့်အတူ သဘာဝဘေးအန္တရာယ် မျိုးစုံကြုံတွေ့နေရသော ဤကမ္ဘာမြေအား ပိုမိုလျော့ပါးသက်သာအောင် စွမ်းဆောင်နိုင်သော  လုပ်ငန်းစဉ်များဖြစ်ပါသည်။ University of Oxford ၏ ၂၀၂၁ ခုနှစ် ထုတ်ပြန်ချက် အရ သဘာဝအခြေပြု ဖြေရှင်းနည်းများသည် ကမ္ဘာကြီး၏ ပူနွေးလာမှုကို ၂၀၅၅ ခုနှစ်တွင် သုည ဒသမ ၁ ဒီဂရီစင်တီဂရိတ်နှင့် ၂၁၀၀ ပြည့်နှစ်တွင် သုည ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ လျှော့ချနိုင် ကြောင်း ဖော်ပြထားပါသည်။ သဘာဝအခြေပြုဖြေရှင်း နည်းများကို ပိုမိုအကောင်အထည်ဖော်နိုင်သည် နှင့်အမျှ   ဤကမ္ဘာမြေ   ကြုံတွေ့ခံစားနေရသော  ပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာစိန်ခေါ်မှု များကို အချိန်တိုအတွင်း လျှော့ချနိုင်လေဖြစ်ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်        အန်တိုနီယို ဂူတာရက်စ်ကလည်း  ကျွန်တော်တို့နေထိုင်သော ဤကမ္ဘာမြေသည် တစ်ခုတည်းသာရှိသောကြောင့် သူ့ကိုကာကွယ်ရန်  အရာအားလုံးကို  လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊  အမြန်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း    တိုက်တွန်းပြောကြားထားပါသည်။  သို့ဖြစ်ပါ၍   ကျွန်တော်တို့နေထိုင်သော  ဤကမ္ဘာမြေကို ပြန်လည်ထိန်းသိမ်းကာကွယ်ရန် အချိန်ရှိခိုက်လုံ့လစိုက်ရန်                 အရေးကြီးလှပါသည်။  

တစ်ခုတည်းသော ကမ္ဘာမြေကို ဝိုင်းဝန်းထိန်းသိမ်းကြပါစို့

ကမ္ဘာမြေ၏ ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှု များသည် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျ စရိတ်များစေခြင်း၊ နှစ်စဉ် သန်းနှင့်ချီသော အရွယ် မတိုင်မီသေဆုံးခြင်းနှင့် ခက်ခက်ခဲခဲ ရရှိထားသော ဖွံ့ဖြိုးတိုးတက်မှု၏     အသီးအပွင့်များကိုလည်း ထိခိုက်စေပါသည်။ ထို့အပြင် ယနေ့ခေတ် လူငယ် များနှင့် အနာဂတ်မျိုးဆက်များ၏ ရှင်သန်နေထိုင် ရေးသည် အဘက်ဘက်ယိုယွင်းနေသော လက်ရှိ ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို   လက်ငင်း ဖြေရှင်းနိုင်မှုအပေါ်တွင် မူတည်နေပါသည်။ ဤ ကမ္ဘာမြေထံမှ ရာစုနှစ်တစ်ခု သို့မဟုတ် ထို့ထက်ပို၍ အကျိုးကျေးဇူးများစွာကို ရရှိနိုင်ရန် ဂေဟစနစ်အရ ကောင်းမွန်သော၊ လူမှုရေးအရ သာတူညီမျှရှိသော သဘာဝအခြေပြုဖြေရှင်းနည်းများတွင် ယခုအခါ ရင်းနှီးမြှုပ်နှံရမည့် အချိန်ဖြစ်ပါသည်။ တစ်ခုတည်း သောကမ္ဘာမြေကို သဘာဝအခြေပြုဖြေရှင်းနည်းများဖြင့် ကာကွယ်ခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းနှင့် စဉ်ဆက်မပြတ် စီမံခန့်ခွဲခြင်းသည် ယခုလက်ရှိ လူသားများအတွက် အကျိုးပြုရုံသာမက နောင်လာ မည့် အနာဂတ်မျိုးဆက်များစွာကိုလည်း အကျိုးပြု နိုင်မည်ဖြစ်ပါသည်။

အချုပ်အနေဖြင့် ဤကမ္ဘာမြေပေါ်တွင် ဖြစ်ပေါ် နေသော ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု တို့ကို ဖြေရှင်းနိုင်သူမှာ  အသိဉာဏ်ပညာ မြင့်မား သော၊ တွေးခေါ်မြော်မြင်တတ်သော ကျွန်တော်တို့ ကိုယ်တိုင်ပင် ဖြစ်ပါသည်။ ကျွန်တော်တို့  လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ၏ ခါးသီးသည့် အတွေ့အကြုံများကို အနာဂတ်မျိုးဆက်များ ဆက်လက်မခံစားရရေး အတွက် ရေရှည်တည်တံ့မှုမရှိသည့်  သုံးစွဲမှုများကို စွန့်လွှတ်ပြီး ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့    (Sustainable  production and consumption) ပါဝင်သည့်     သဘာဝအခြေပြု ဖြေရှင်းနည်းများကို တတ်အားသရွေ့ဆောင်ရွက် သွားကြရပါမည်။     ကျွန်တော်တို့၏      အသိပညာ၊ ဉာဏ်ရည်ဉာဏ်သွေး၊   နည်းပညာနှင့်   ပူးပေါင်း ဆောင်ရွက်မှုများဖြင့် သဘာဝနှင့် ကျွန်တော်တို့ ငြိမ်းချမ်းစွာဖြင့် အတူတကွယှဉ်တွဲနေထိုင်သွားရေး ကို UNEP ၏ Making Peace with Nature (၂၀၂၀)မှ လည်း နှိုးဆော်ထားပါသည်။ သို့ဖြစ်ပါ၍ ဇွန်လ ၅ ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့မှစ၍ သဘာဝကိုအခြေပြုသော ဖြေရှင်း နည်းများဖြင့်  ဤရွာကြီး၊  ဤကမ္ဘာကြီး ပြန်လည် စိမ်းလန်းရှင်သန်ရေး၊ ရေရှည်တည်တံ့ရေးအတွက် ကျရာကဏ္ဍမှ  ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါသည်။       ။

ကျမ်းကိုး
-    Cohen-Shacham, E., Walters, G., Janzen, C. and Maginnis, S. (eds.) (2016). Nature-based Solutions to address global societal challenges. Gland, Switzerland: IUCN. xiii + 97pp.
-    IUCN, 2021. Post-2020 Global Biodiversity Framework
-    Menéndez, Pelayo., Iñigo J. Losada, SaulTorres-Ortega, Siddharth Narayan, & MichaelW. Beck, 2020. The Global Flood Protection Benefits of Mangroves. www.nature.com/scientificreports/
-    Somarakis, G., Stagakis, S., & Chrysoulakis, N. (Eds.). (2019). Thinknature Nature-Based Solutions Handbook. ThinkNature project funded by the EU Horizon 2020 research and innovation programme.