သဘာဝ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက်

နေပြည်တော်၊ မေ ၅
သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာရေး၊ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ဘက်စုံကဏ္ဍစုံမှ အားပေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နေပြည်တော် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အုပ်စုရှိ စူပါနှံကောက် (RS-CS) မျိုးစေ့ထုတ်စိုက်ခင်း၌ ဒေသခံ တောင်သူလယ်သမားများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတကာ၌ ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းနှင့်အတူ ဓာတ်မြေဩဇာနှင့် သွင်းအားစုဈေးနှုန်းများ ကြီးမြင့်လာလျက်ရှိနေရာ စိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့်လည်း ရင်းနှီးမြုပ်နှံမှု မြင့်မားလာလျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများဈေးကောင်းရရှိနေခြင်း ဈေးကွက်ဝယ်လိုအားများ တိုးတက်နေခြင်းကလည်း တောင်သူလယ်သမားများအတွက် အခွင့်အလမ်းကောင်းအဖြစ် ရှိနေခြင်းကြောင့် သွင်းအားစု စရိတ်သက်သာစေမည့် နည်းလမ်းများ လိုက်နာကျင့်သုံးရန် လိုကြောင်း၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ကို ဆောင်ရွက်ခြင်းဖြင့် လယ်ယာဘေးထွက် ပစ္စည်းများမှ တိရစ္ဆာန်အစာဖြည့်ဆည်းပေးနိုင်မှုနှင့်  တိရစ္ဆာန်အညစ်အကြေးမှ သဘာဝ မြေဩဇာအဖြစ် အသုံးပြုမှုများပါဝင်သည့် လှည့်ပတ်သုံးစွဲနည်းစနစ်အား အသုံးပြုပြီး တောင်သူများ ဝင်ငွေတိုးတက်ပွားရေး ကြိုးပမ်းလုပ်ကိုင်နိုင်မှု အခွင့်အလမ်းများကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုများ၊ နေပြည်တော်ကောင်စီနယ်မြေ၏ သီထပ်စွမ်းအားမြှင့်တင်ရေးနှင့် ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။ 
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တောင်သူများကို သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ပြီး စူပါနှံကောက်မျိုးစေ့ထုတ်စိုက်ခင်းနှင့် သဘာဝမြေသြဇာ မြေဆွေးထုတ် လုပ်သုံးစွဲနေမှု၊ နို့စားနွား၊ ကျွဲနှင့် ဘဲများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းကျေးရွာရှိ ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်း၏ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ၊ ငွေရောင်ငါးကြင်း၊ ငါးကြင်းဖြူနှင့် မြက်စား ငါးကြင်းကောင်ရေ (၈၆၀၀၀) ရောနှောမွေးမြူထားရှိမှု၊ ငါးသားဖောက်များ ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်းရှင်များကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသော မွေးမြူထုတ်လုပ်မှုဖြစ်စေရန်၊ အစားအစာဘေးအန္တရာယ်ကင်းစင်မှု စံချိန်စံညွှန်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ 
ယင်းနောက် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် အော်ဂဲနစ်စိုက်ပျိုးရေးခြံသို့ ရောက်ရှိပြီး စားသုံးသူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု၊ တောင်သူများအား အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာများနှင့် ရင်းနှီးလာစေရန် နည်းပညာ ဖြန့်ဝေပေးနေမှု၊ သီးနှံသစ်တော ရောနှောစိုက်ခင်းအဖြစ် ပျဉ်းကတိုး၊ သဒီ ၊ မဒမ၊ မလွှ၊ ဒီဒူး၊ ပုန်းမဲဇာ၊ ရုံးပင် ၊သဖန်း၊ ကတွတ် စသော ဒေသပေါက် သစ်ပင်များနှင့် ဝါးပင်များကြားတွင် ငှက်ပျော၊ စွန်ပလွန်၊ ဆူးပုတ်၊ ကင်ပွန်းချဉ်ပင်များ ရောနှောစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်