သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စာလွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

ပုဂံ  ၂၃  စက်တင်ဘာ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် ပုဂံဒေသရှိ သဗ္ဗညုစေတီတော် ပြုပြင်ထိန်းသိမ်းရေးအတွက် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို  ယမန်နေ့ နေ့လယ် ၃ နာရီက သဗ္ဗညုဘုရား ပထမပစ္စယံရှိ အာရုံခံလိုဏ်အတွင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး၊ မန္တလေးတိုင်း ဒေသကြီးမှဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပုဂံညောင်ဦး လွှတ်တော် ကိုယ်စားလှယ်များ၊ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါအခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကားပြောကြားရာ၌ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ စေတီပုထိုးပေါင်း ၄၀ဝ နီးပါးခန့် ပျက်စီးခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ သဗ္ဗညုဘုရားသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားများအနက်မှ တစ်ဆူဖြစ်ပါကြောင်း၊ သဗ္ဗညုဘုရားသည် ပုဂံတွင် စေတီပုထိုးများအနက် အလွန်ထင်ရှားသည့် ဉာဏ်တော်အမြင့်ဆုံး ဘုရားတစ်ဆူဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်မှုကို သဘောတူကြောင်းနှင့် သဗ္ဗညုဘုရားကို တရုတ်-မြန်မာ ပူးပေါင်းပြုပြင်ထိန်းသိမ်းရန်အတွက် နှစ်နိုင်ငံ သဘောတူစာလွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား ဖြစ်ပါကြောင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပူးပေါင်းကူညီသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပုဂံဒေသမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မူလလက်ရာမပျက်စေဘဲ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပပညာရှင်များ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စီမံခန့်ခွဲရေးဆိုင်ရာများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိန်းသိမ်းရေးဆိုင်ရာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးမြင့်လာနိုင်ခြင်းနှင့်အတူ ခေတ်မီ နည်းစနစ်များကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးကို ပိုမိုအထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏အခြားဒေသများရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာများတွင်လည်း ပူးပေါင်းဆောင်ရွက် စေလိုပါကြောင်း ပြောကြားသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခုလို နှစ်နိုင်ငံအကြား  ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားများ ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက်လည်း အလှူငွေပါဝင်လှူဒါန်းခဲ့ပါကြောင်း၊ အဆွေတော်တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံအကြီးအကဲများ၊ နိုင်ငံသူ/ နိုင်ငံသားများအနေဖြင့်လည်း ကျန်းမာ၊ချမ်းသာ နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးပါကြောင်း၊ အာရှတစ်လွှား ငြိမ်းချမ်းရေးကိုလည်း အကောင်အထည် ဖော်နိုင်ပါစေကြောင်း ပြောကြားသည်။

 

အစီအစဉ်အရ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစာလွှာကို လက်မှတ်ရေးထိုးရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရကိုယ်စား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တရုတ်သံအမတ်ကြီး Mr. Hong Liang က လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံကလည်းကောင်း လက်မှတ်ရေးထိုးခဲ့သည်။

 

အစီအစဉ်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီးက  ၂၀၁၆ ခုနှစ်၊ သြဂုတ်လ၌ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့်  ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်းအမွေအနှစ်ဒေသမှ စေတီပုထိုးများကို ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းကို နိုင်ငံတကာမှ ပူးပေါင်းကူညီဆောင်ရွက် ပေးနေသည်ကို တွေ့ရပါကြောင်း၊ ထိုသို့ပျက်စီးသွားသော စေတီပုထိုးများအနက်မှ ပုဂံရှိ ဉာဏ်တော်အမြင့်ဆုံး ဘုရားတစ်ဆူဖြစ်သော သဗ္ဗညုဘုရားအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပူးပေါင်းပါဝင် ကူညီခွင့်ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း၊  သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရာတွင် မိမိတို့တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ခေတ်မီနည်းပညာများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကုန်ကျစရိတ်များကို ကူညီဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ဤပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်ရေးနှင့် အပြန်အလှန်နားလည်မှုကို မြှင့်တင်ရန်အတွက် အနာဂတ်တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။ 

 

MDN