သဲကုန်းမြို့နယ် ရေတာရှည်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဒုတိယအကြိမ်ထုတ်ချေး

သဲကုန်း ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် ရေတာရှည်ကျေးရွာ၌ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း ဒုတိယအကြိမ် ထုတ်ချေးခြင်းအခမ်းအနားကို ဩဂုတ် ၂ ရက် မွန်းလွဲပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချစ်ချစ်စိုးနှင့် စီမံကိန်းတာဝန်ခံများက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းထုတ်ချေးနေမှု အခြေအနေများကို ကျေးရွာစီမံကိန်းကော်မတီဝင်များအား Video Conferencing စနစ်ဖြင့် ချိတ်ဆက်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ အဆိုပါကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်း (၅၅)ဦး၊ မွေးမြူရေးလုပ်ငန်း (၂၅)ဦး၊ အရောင်အဝယ်လုပ်ငန်း (၃၈)ဦး၊ ရေလုပ်ငန်းနှစ်ဦး၊ ကုန်ထုတ်လုပ်ငန်းလေးဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း (၁၈)ဦး စုစုပေါင်း (၁၄၂)ဦးတို့ကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၂၈၃ သိန်းအား ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝထိခိုက်မှုများကို ပြန်လည်တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချလိုသူများ၊ အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်တိုးချဲ့ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချစ်ချစ်စိုးထံမှ သိရသည်။

စိုးမိုးကျော်