သာယာဝတီ၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

သာယာဝတီ  ၂၆  ဇွန်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်သွင်က အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သွင်သွင်ခိုင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမည့် လူဦးရေစာရင်းပြုစုပြီးစီးမှု၊ မဲစာရင်းဦးရေမှန်ကန်မှုရှိရေး ဆောင်ရွက်ထားရှိမှု၊ မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ် နိုင်ရန် တင်ပြထားရှိမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ဆန္ဒမဲပေးရမည့် အသက်(၁၈)နှစ် ပြည့်ပြီးသူ များစာရင်းတွင် မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ် စသည့်လိုအပ်ချက်များ ပြင်ဆင်ဖြည့်စွက်ရေးနှင့် မဲရုံအလိုက် တာဝန်ပေးအပ်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ စိစစ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)