သာသနာ့မှတ်တိုင်စိုက်ထူနိုင်ခဲ့သည့် မာရဝိဇယ

 

မိဇာ

 

မာရဝိဇယ - မာရ်ငါးပါးကို အောင်မြင်တော်မူခြင်း (မာရဝိဇယဟူသည် မာရ+ဝိ+ဇယ) ဖြစ်ပြီးမာရ ဆိုသည်မှာ ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်ဆိုတဲ့ မာရ်ငါးပါးကို၊ ဝိ-ဝိသေသန အထူးအားဖြင့်၊ ဇယ- အောင်မြင်တော် မူခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

 

ဒုတိယဝါဆိုလပြည့်ကျော် ၉ ရက် (ဩဂုတ် ၁၀ ရက်) နေ့ဟာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား သွားရောက် ဦးခိုက်ဖူးမြော်ခွင့်ရခဲ့တဲ့ ဘဝ ရဲ့ မှတ်တိုင်တစ်ခု။

 

ခမ်းနားလွန်းလှတဲ့ မုခ်ဦး

ကနဦးတွေ့မြင်ခွင့်ရတာက ကမ္ဘာ့ဉာဏ်တော် အမြင့်ဆုံး ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးရဲ့ ထူးခြားလေးနက်လှတဲ့ ဂုဏ်ထူးဝိသေသ လက္ခဏာတွေထုံမွမ်းထားတဲ့ ခမ်းနားလွန်းလှတဲ့ မုခ်ဦးကိုပါပဲ။ တည်ဆောက်မှု လုပ်ငန်းတွေမပြီးစီးသေးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း ယာဉ်ရပ်နားရာနေရာမှာ ယာဉ်အဝင် အထွက် အဆင်ပြေစေရေးနဲ့ ဘုရားဖူးပြည်သူတွေ အန္တရာယ်ကင်းရှင်းစေရေး စိတ်အားထက်သန်စွာ ကူညီဆောင် ရွက်ပေးနေပြီး ဘုရားဖူးခရီးသွားတွေရဲ့ ရပ်ထားတဲ့ကား၊ ဆိုင်ကယ်တွေဟာလည်း အကြား အလပ်မရှိ အစီအရီ။

 

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်သူ တစ်ရက်လျှင် ၈၀၀၀၀ ကျော်ရှိပြီး အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူး ပြည်သူတွေနဲ့ အထူးစည်ကားနေမှုမြင်ကွင်းက အင်တာနက်၊ ဖေ့စ်ဘွတ်၊ သတင်းစာ စာမျက်နှာပေါ်တွေနဲ့ ရုပ်မြင်သံကြားထုတ်လွှင့် တင်ဆက်မှုတွေမှာ အခုတစ်လော ရေပန်းစားထူးမြတ်လှတဲ့ မြန်မာ့ သမိုင်းမော်ကွန်းတစ်ခုလို့ပဲ ဆိုချင်ပါတယ်။

 

မာရဝိဇယဘုရားကြီးရဲ့ ဉာဏ်တော်အမြင့် ၆၃ ပေနှင့် ပလ္လင်တော်အမြင့်မှာ ၁၈ ပေ စုစုပေါင်း ၈၁ ပေရှိပြီး ဆင်းတုတော် အလေးချိန်က ၁၇၈၂တန်၊ ပလ္လင်တော်အလေးချိန်တန် ၃၅၁၀ စုစုပေါင်း အလေးချိန် ၅၂၉၂ တန်ရှိတယ်လို့လည်း သိရပါ တယ်။

 

ဘူမိဖဿမုဒြာဟန် စကျင်ကျောက်နဲ့ထွင်းထု ပူဇော်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးဟာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ထားပြီး မြန်မာနိုင်ငံရှိ စကျင်ကျောက် ရုပ်ပွားတော် တွေအနက် ကမ္ဘာ့အမြင့်ဆုံးနဲ့ အလေးချိန်အများဆုံး ထူးမြတ်လှတဲ့ ရုပ်ပွားတော်တစ်ဆူဖြစ်တယ်လို့ မှတ်သားရပါတယ်။

 

မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်လင်းတောက်ပနေမှုအား ကမ္ဘာကို ပြသရေး၊ မြန်မာနိုင်ငံ မှာ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှုရဲ့ ဗဟိုချက်အဖြစ် သာသနာပြန့်ပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး အဓွန့်ရှည် တည်တံ့စေရေး၊ နိုင်ငံတော်ကြီး သာယာဝပြောပြီး ပြည်သူပြည်သားတွေ လုံခြုံအေးချမ်းစွာနေထိုင်နိုင်စေရေးနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းသာယာစေရေးဆိုတဲ့ ကောင်းမွန်တဲ့ စိတ်ဆန္ဒရည်ရွယ်ချက်တွေနဲ့ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားသလို နိုင်ငံသူ နိုင်ငံသားတွေနဲ့ ကမ္ဘာသူ ကမ္ဘာသားအားလုံး အေးချမ်းသာယာပါစေလို့ တောင်းဆုပြုခဲ့ပါတယ်။

 

မြတ်ဗုဒ္ဓရဲ့အရိပ်အာဝါသ

ဘုရားဖူးဖို့ မုခ်ဦးကို ဝင်လိုက်တာနဲ့ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးအား အဝေးမှ ဖူးတွေ့ခွင့်ရနေ ပါပြီ။ အချိန်က မွန်းလွဲ ၁ နာရီ၊ ၂ နာရီကြားအချိန် ဆိုတော့ နေအပူရှိန်က တလှပ်လှပ်။ အပြင်က အပူရှိန် ဘယ်လောက်ပြင်းနေပါစေ၊ မြတ်ဗုဒ္ဓရဲ့ အရိပ်အာဝါသအောက်ကို ခိုလှုံရောက်ရှိသွားရင်ပဲ လူတိုင်းရဲ့စိတ်အစဉ်မှာ အေးမြကြည်လင်သန့်ရှင်းမှု တွေက သူ့အလိုလို ဖြစ်တည်လာပါတယ်။

 

မုခ်ဦးမှာလည်း ဘုရားဖူးသူတွေက ဝင်ခွင့် ကတ်ထုတ်သူကထုတ်၊ လုံခြုံရေးစစ်ဆေးမှုခံယူသူက ခံယူနဲ့ တိုးမပေါက် အောင် စည်ကားများပြားလှတဲ့ ဘုရားဖူးပြည်သူတွေကိုကြည့်ရင်း စိတ်နှလုံးအေးမြ မှုတွေနဲ့အတူ ကြည်နူးမိပါတယ်။

 

အဝင်မုခ်ဦးနားမှာပဲ ရဟန်းသံဃာ၊ သီလရှင်၊ သက်ကြီးဘိုးဘွားနဲ့ မသန်စွမ်းဘုရားဖူးသူတွေကို ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း အဆင်ပြေအလွယ်တကူ သွားရောက်ဖူးမြော်နိုင်စေရေး မော်တော် ယာဉ်ငယ်လေးတွေနဲ့ မမောနိုင်မပန်းနိုင် ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲပို့ဆောင်ပေးနေတဲ့ ယာဉ်ငယ်မောင်းသူတွေဟာ ပီတိကိုစား အားရှိပါ၏ အလား၊ ပီတိအပြုံးပန်းတွေဝေလျက်။

 

မိမိတို့ ဘုရားဖူးအဖွဲ့လည်း ဘုရားဖူးသူတွေရဲ့အကြားမှာ တရွေ့ရွေ့ ခြေကျင်လျှောက်လာရင်းနဲ့ပဲ ရှေ့အနည်းငယ် အရောက် ဘယ်ဘက်ခြမ်းမှာ မုစလိန္ဒကန်တော်နဲ့ နဂါးရုံဘုရားကို ဖူးတွေ့ရပါတယ်။ ဝိနည်းမဟာဝါပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ ဇာတက အဋ္ဌကထာစတဲ့ ပိဋကတ်တော်လာ အဆိုတွေ၊ မဟာဗုဒ္ဓဝင်ကျမ်းဂန် တော်တွေနဲ့အညီ မုစလိန္ဒကန်တော်နဲ့ နဂါးရုံဘုရားကို တည်ထားတယ်လို့လည်း သိရပါတယ်။

 

ရှေ့ကိုဆက်လျှောက်လာရင်းနဲ့ပဲ သုဓမ္မာဇရပ်တွေနဲ့ ရေပန်းကြီး၊ ရေပန်းငယ်လေးတွေကို တင့်တယ်လှစွာတွေ့ရပြီး ညာဘက်ခြမ်းမှာ ဖွေးဖွေးဖြူနေတဲ့ ရွှေရောင်တဝင်းဝင်း ကျောက်စာရုံစေတီတော်တွေ၊ ရှေ့ကိုလှမ်းကြည့်လိုက်ရင် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးကို တွေ့ရပါတယ်။

 

ဘုရားဖူးရာ လမ်းတစ်လျှောက်မှာ မြတ်ဗုဒ္ဓရဲ့ အရိပ်အာဝါသ အေးမြမှု၊ စကျင်ကျောက်ရဲ့ အေးမြမှုတွေကြောင့် ဘုရားဖူး သူတို့ရဲ့ စိတ်နှလုံးကို အေးမြကြည်လင်စေပါတယ်။

 

မိမိတို့ ဘုရားဖူးအဖွဲ့ဟာ တိမ်ယံကြားက ထူးခြားကြီးမြတ်သပ္ပာယ်လှတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဖူးမြော်လိုစိတ်ပြင်းပြနေတာကြောင့် ခပ်မြန်မြန်လေးလျှောက်ရင်း အရင်ဆုံး ဦးခိုက်ကန်တော့ကြပါတယ်။

 

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းသံဃာ၊ သီလရှင်၊ ဘုရားဖူးခရီးသွားပြည်သူတွေနဲ့ ဘာသာ ရေးဝတ်အသင်းအဖွဲ့ တွေက ရင်ပြင်တော်အပြည့် သန့်ရှင်းရေးကုသိုလ်ပြုသူကပြု၊ တရား၊ ဓမ္မရွတ်ဖတ်ပူဇော်သူတွေနဲ့ အေးမြတဲ့မေတ္တာ ဓာတ်တွေ ထုံမွမ်းလျက်ရှိနေပါတယ်။

 

 စိတ်နှလုံးငြိမ်းချမ်းမှုကို ဆောင်ကြဉ်း

၅၅၀ ဇာတ်နိပါတ်တော်နဲ့ ပဋ္ဌာန်းဒေသနာ တော်မြတ်အား ရည်စူးပူဇော်ထားတဲ့ ဂန္ဓကုဋိတိုက် ၂၄ ဆောင်တို့မှာလည်း စိတ်အေးချမ်းသာစွာဖူးမြော်လေ့လာနိုင်ပြီး သီလရှင်ဆရာလေးတွေရဲ့ ပဋ္ဌာန်းဒေသနာတော်ကို ညီညာဖြဖြ သံပြိုင် ရွတ်ပွားပူဇော်သံကလည်း မြင်ရသူ၊ ကြားရသူတို့အဖို့ စိတ်နှလုံး ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းလို့နေပါတယ်။

 

တန်ခိုးကြီးဘုရားစေတီ ၃၆ ဆူမှ အောင်မြေ တွေကိုယူပြီး ပေါင်းစုပြုလုပ်ထားတဲ့ ဘုရားရင်ပြင်တော် အောင်မြေပေါ် မှာလည်း အဓိဋ္ဌာန်ပြုသူ၊ ပုတီးစိတ်သူတွေအပြင် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ဗောဓိညောင်ပင်၊ လင်းလွန်းပင်နဲ့ လုမ္ဗိနီ အင်ကြင်းပင်တွေ ရှိရာနေရာတွေမှာလည်း လေ့လာကြည့်ရှုသူတွေနဲ့ မိသားစုလိုက်၊ သူငယ်ချင်းအစုအဖွဲ့အလိုက် အမှတ် တရဓာတ်ပုံရိုက်သူတွေနဲ့ စည်ကားနေပါတယ်။

 

မိမိတို့အဖွဲ့လည်း မာရဝိဇယရုပ်ပွားတော် မြတ်ကြီးရဲ့ မျက်နှာတော်မူရာ ရှေ့မျက်နှာစာမှာ စိုက်ထူပူဇော်ထားတဲ့ ကျောက်စာရုံစေတီတော် တွေရှိရာဆီကို လျှောက်လာခဲ့ပါတယ်။ ကျောက်စာရုံစေတီ စုစုပေါင်း ၇၂၀ တည်ထား ကိုးကွယ်ထားပြီး ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ထားတာကို မြင်တွေ့ရပါတယ်။ ထွင်းထုထားတဲ့ အက္ခရာ တွေက ပါဠိအက္ခရာ၊ ရိုမန်ဘာသာတွေနဲ့ ရေးထိုးထားပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် မန္တလေးမြို့ မဟာ လောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြုပြီး တည်ထားထွင်းထု ထားပါတယ်။

 

ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတို့ရဲ့ ဆဋ္ဌသင်္ဂါယနာမူဖြစ်တဲ့ ပိဋကတ်ဓမ္မကျမ်းစာ ကျောက်ချပ်ရေ ၁၄၄၀ နဲ့ ပင်မကျောက်စာ စေတီတွင် မော်ကွန်းကျောက်စာလေးချပ် စုစုပေါင်း ကျောက်စာချပ်ရေ ၁၄၄၄ ချပ်ကို ဖူးမြော်ခဲ့ရပါတယ်။

 

မော်ကွန်းတင် ကမ္ပည်းကျောက်စာရုံစေတီ

ကျောက်စာရုံစေတီတော်တွေရဲ့ အလယ်ဗဟို တည့်တည့်မှာ မော်ကွန်းတင်ကမ္ပည်းကျောက်စာ ရုံစေတီတည်ထားပြီး ကျောက်စာချပ်ကြီး လေးချပ် ရှိကာ ကျောက်စာတစ်ချပ်စီတိုင်းရဲ့ မျက်နှာတစ်ဖက်တစ်ချက်စီမှာ လှူဒါန်းခဲ့မှုအစုစုနဲ့ လှူဒါန်းစီမံ ဆောင်ရွက်ခဲ့မှုတို့ကို ရေးသားထွင်းထုထားပါတယ်။

 

သမိုင်းမော်ကွန်းကျောက်စာဟာ အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေရှိပါတယ်။ အခြား ကျောက်စာရုံ စေတီတွေကတော့ အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိပြီး ကျောက်စာချပ်တွေ က အလျား ၄၅ လက်မ၊ အမြင့် ၆ ပေ ၃ လက်မနဲ့ ဒု ၇ ဒသမ ၂ လက်မရှိတယ်လို့ မှတ်သားစေ့ငုမိပါ တယ်။

 

သုဓမ္မာဇရပ်တွေကို ကျွန်းတိုင်တွေအသုံးပြုပြီး မြန်မာမှု၊ မြန်မာ့ဟန်လက်ရာတွေနဲ့ ရှေးမူမပျက် မွမ်းမံတည်ဆောက် ထားတာကို တွေ့ရပါတယ်။ ဘုရားရင်ပြင်တော်ပေါ်ကို သွားရောက်ဖူးမြော်ရာမှာလည်း သက်သောင့်သက်သာ ဖူးမြော်နိုင်စေရေး သက်ကြီးဘိုးဘွားတွေ၊ နာမကျန်းသူတွေအတွက် စက်လှေကား ထားရှိပေးထားပါတယ်။

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ် စံပယ်တော်မူရာ သဲဖြူကုန်းတော်မြတ်တစ်ခုလုံးကို ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီနဲ့ ပန်းယွန်း စတဲ့ မြန်မာမှုလက်ရာတွေနဲ့ ပူဇော်ထားရာ မြန်မာ့အလှအနုပညာရပ်တွေကို တစုတစည်းတည်း လေ့လာ နိုင်ပါသေးတယ်။

 

ရတနာပုံခေတ် မြန်မာ့ဟန်၊ မြန်မာ့မာန်တွေနဲ့ ထုံမွမ်းထားတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေဟာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့အတူ ကမ္ဘာတည်သရွေ့ ထွန်းလင်းတောက်ပနေမှာ ဧကန်မလွဲပင်။

 

ဗုဒ္ဓဥယျာဉ်တော်ကို လာရောက်ကြတဲ့ ဘုရားဖူးလာပြည်သူတွေ သုံးဆောင်နိုင်စေရေး နေ့စဉ်မပြတ် သက်သတ်လွတ် သီးစုံဒံပေါက်တွေကို ခုနစ် ရက်သားသမီးတွေရဲ့ စုပေါင်းလှူဒါန်းမှုနဲ့ စတုဒိသာ ကျွေးမွေးနေမှုမြင်ကွင်းဟာ မြန်မာတို့ရဲ့ စေတနာ သဒ္ဓါတရားထက်သန်မှုကို ဖော်ညွှန်းနေပါတယ်။ အလှူခံဌာနမှာလည်း ကုသိုလ်အရေး လက်မနှေးကြတဲ့ မြန်မာတို့ရဲ့ ချစ်စဖွယ် စိတ်ရင်းစေတနာအရင်းခံနဲ့ သဒ္ဓါတရားနည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းနေသူနဲ့ သာဓု အနုမောဒနာ အကြိမ်ကြိမ်ခေါ်ဆိုသူတွေ ရဲ့ စိတ်ချမ်းမြေ့ပီတိဖြစ်စရာ မြင်ကွင်းတစ်ခုကိုလည်း တွေ့မြင်ရပါတယ်။

 

သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီး

ရင်ပြင်တော်ပေါ်ရှိ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးမှာလည်း ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ဝသုန္ဓရေ ဤမြေပံသု သီလာထုကိုသက်သေတည်ကာ ခေါင်းလောင်းထိုးကုသိုလ်ပြုသူတွေရဲ့ မျက်နှာထက်မှာ ပီတိအပြုံး တွေဝေလို့နေပါတယ်။ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးရဲ့ အသံကို ကမ္ဘာတည်သရွေ့ တည်တံ့စေသား၊ ကြားရ ပါစေသား။

 

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ရာသီဥတုနဲ့ အခြားသဘာဝဘေးဒဏ်ခံနိုင်ရည်ရှိစေရေး Steel Rebars တွေ ထည့်သွင်းပြီး သမားရိုးကျနည်းလမ်းတွေ၊ ခေတ်မီနည်းလမ်းတွေနဲ့ Composite နည်းပညာတွေပေါင်းစပ်ကာ တည်ထား ကိုးကွယ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်းရှိ မြန်မာတို့ရဲ့ ယဉ်ကျေးမှု အနုသုခုမလက်ရာတွေ အစဉ်တည်တံ့ နေစေရေး ထိန်းသိမ်းစောင့်ရှောက်ကာ တန်ခိုးကြီးဘုရားစေတီပုထိုးတွေ၊ သာသနိကအဆောက်အအုံတွေကို သဘာဝ ဘေးဒဏ်နဲ့ လူတို့ရဲ့ပယောဂကြောင့် ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်ရေးအတွက် နိုင်ငံသားတစ်ဦးချင်း တစ်ယောက်ချင်း စီတိုင်းက မိမိတို့ပိုင်ဆိုင်သမျှ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာတည်သရွေ့ ကြာရှည်စေလိုတဲ့စိတ်ရင်း စေတနာနဲ့ ထိန်းသိမ်းစောင့်ရှောက်သွားကြရမှာ ဖြစ်ပါတယ်။

 

သာသနာ့မှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ဓမ္မအမွေ အဖြစ်ပေးအပ်နိုင်ခဲ့ပြီဖြစ်တာကြောင့် နောင်လာနောက်သားတွေအနေနဲ့ တန်းဖိုးမဖြတ်နိုင်တဲ့ ဓမ္မအမွေကို သက်ဝင် ယုံကြည်စွာ ဆည်းကပ်ပူဇော် လက်ဆင့်ကမ်းထိန်းသိမ်းပြီး ဗုဒ္ဓသာသနာ ကမ္ဘာတည်သရွေ့နေလို၊ လလို ထွန်းလင်း စေရေး ကမ္ပည်းမော်ကွန်းတည်ပါစေသော်ဝ်။    ။