သာသနာကို အများအကြည် ညိုပျက်အောင်ပြုမူသည့် ရဟန်းသာမဏေများကို စိစစ်အရေးယူသွားမည်

မန္တလေး ၁၈ စက်တင်ဘာ 


ဘာသာ၊ သာသနာကို အများအကြည်ညိုပျက်အောင်ပြုမူသည့် ရဟန်းသာမဏေများကို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။


လက်ရှိတွင် ရဟန်းသံဃာအချို့မှာ မူးယစ်နေခြင်း အလှူခံနေခြင်းများ တွေ့ရှိလာရသဖြင့် သာသနာတော်ကို စောင့်ရှောက်သည့် အနေနှင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။


"တချို့ သံဃာတွေက သင်္ကန်းဝတ်နဲ့ မူးယစ်နေတာတွေ၊ အလှူခံနေတာတွေ တွေ့နေရတယ်။အဲ့တာကြောင့် သာသနာကို စောင့်ရှောက်တဲ့အနေနဲ့ အရေးယူမှာပါ။ အရေးယူတဲ့နေရာမှာ ရဟန်းတွေသိရမယ့် တရားတွေ အကုန်လိုက်မေးမယ်။ မေးလို့မှမရဘူးဆိုရင်တော့ လူဝတ်လဲပြီး ရဲလက်အပ်ရမှာပေါ့" ဟု ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဝိဓူရက မိန့်ကြားသည်။


စိစစ်အရေးယူမှုများကို ကျောင်းတိုက်တာပြင်ပတွင် ဘာသာ၊ သာသနာ အများကြည်ညိုပျက်စေရန်၊ အထင်သေးစေရန် ပြုမူလုပ်ဆောင်နေကြသည့် ရဟန်း၊ သာမဏေများကို စိစစ်အရေးယူသွားမည်ဖြစ်သည်။


မန္တလေးဘူတာကြီးတွင် စိတ်ကျန်းမာရေးချို့တဲ့ပြီး ပိုလီယိုရောဂါ စွဲကပ်နေသူ သင်္ကန်းဝတ်ပုဂ္ဂိုလ်တစ်ဦးနှင့် စိတ်ကျန်းမာရေးချို့တဲ့နေသူ ကိုရင်တစ်ပါးကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဆုံးမဩဝါဒပေးခဲ့ရကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။


သူရိန်လင်း