သွားဖုံးရောဂါ

နေပြည်တော် ၁၀ မေ

သွားပတ်လည်ရှိ သွားချေးလွှားများမှ ဘက်တီးရီးယားများ၏ အဆိပ်များကြောင့် သွားဖုံးများ၊ သွားမြစ်ဝန်းကျင် တစ်သျှူးများ၊ သွားဖုံးရိုးများတွင် နဂိုအရောင်မှ နီမြန်လာပြီး ရောင်လာခြင်း၊ သွေးထွက်လာခြင်းဖြစ်သည်။

သွားဖုံးရောဂါဖြစ်စေသောအချက်များ

၁။ ဆေးလိပ်သောက်ခြင်း

၂။ ကွမ်းစားခြင်း

၃။ ဆီးချိုရောဂါအခံရှိနေခြင်း

၄။ အမျိုးသမီးများ၏ အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးချိန်များတွင် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း

၅။ ဆေးဝါးကြာရှည် စွဲသောက်နေသူများတွင် ၎င်းဆေးဝါး၏ဆိုးကျိုးကြောင့်ဖြစ်ခြင်း

၆။ ခုခံအားကျဆင်းခြင်းမှုကူးစက်ရောဂါ (ဥပမာ - AIDS)များတွင် ဆက်နွယ်၍ဖြစ်ခြင်း

၇။ သွားနှင့်ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း

၈။ သွားတိုက်နည်းစနစ် မမှန်ခြင်း

ရောဂါလက္ခဏာများ

၁။ သွားဖုံးများ နီရဲပြီးရောင်ရမ်းနေခြင်း/ နာခြင်း

၂။ သွားဖုံးများကို ထိလိုက်သောအခါ နာပြီး သွေးထွက်ခြင်း

၃။ အစားဝါးသောအခါ နာခြင်း

၄။ ခံတွင်းအနံ့ဆိုးများမပျောက်ခြင်း

၅။ သွားများလှုပ်ခြင်း

၆။ သွားကျဉ်မှုကို ခံစားရခြင်း

၇။ သွားဖုံးများနိမ့်ကျခြင်း သွားအမြစ်များပေါ်လာခြင်း (သွားရှည်ထွက်လာခြင်း)

၈။ သွားကြားတွင်အစားညပ်ခြင်း၊ သွားဖုံးများယားယံလာခြင်း

ကာကွယ်နိုင်မည့်နည်းလမ်းများ

၁။ စနစ်မှန်သွားတိုက်နည်းဖြင့် အနည်းဆုံးတစ်နေ့နှစ်ကြိမ် သွားတိုက်ပေးခြင်းဖြင့် သွားချေးလွှာများကို ဖယ်ရှားပါ။

၂။ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို မျှတစွာ စားပေးခြင်းဖြင့် သွားမြစ်ဝန်းကျင် တစ်ရှူးများအားကောင်းလာစေပါသည်။

၃။ ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးခြင်း၊ ကွမ်းစားခြင်းများသည် သွားဖုံးနှင့် သွားရောဂါများကို ပိုမိုဆိုးရွားစေသဖြင့်ရှောင်ကြဉ်ပါ။

၄။ သွားဆရာဝန်ထံ (၆) လ တစ်ကြိမ်ပြသ စစ်ဆေးမှုခံယူပါ။

သွားဖုံးရောဂါကုသခြင်း

၁။ သွားချေးလွှာနှင့် သွားချေးကျောက်များကို သွားဆရာဝန်ထံ၌ ကုသမှုခံယူပြီး ဖယ်ရှားခြင်း။

၂။ သွားဖုံးပြည်တည်နာအတွက် ဘက်တီးရီးယားကိုသေစေသော ပဋိဇီဝဆေးနှင့် အကိုက်အခဲပျောက်ဆေးပေးပြီး သွားဆရာဝန်ထံ စေလွှတ်ပေးခြင်း။

ကိုယ်ဝန်ဆောင်မိခင်များ၏ ခံတွင်းကျန်းမာရေး သတိပြုရန်အချက်အလက်များ

• ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းအတက်အကျ ဖြစ်သောကြောင့် အစာစားခြင်း၊ သွားတိုက်ခြင်း စသည့် သာမာန်ကိစ္စများ ပြုလုပ်စဉ်မှာပင် သွားဖုံးမှ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်းတို့ဖြစ်တတ်ပါသည်။

• ထိုကဲ့သို့ ကြုံတွေ့ရပါက သွားကိုက်ခြင်းကို ရပ်တန့်ရန်မလိုပါ။ ခါတိုင်းထက်ပိုမိုဂရုပြု၍ သွားကိုဆက်လက်တိုက်ရန်လိုပါသည်။

• ရက်သတ္တပတ် တစ်ပတ်ကျော်သည်အထိ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း ရှိနေသေးလျှင် သွားဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်များနှင့် ပြသ ဆွေးနွေး ကုသမှုခံယူပါ။

• ကိုယ်ဝန်ဆောင်မိခင်တွင် သွားချေးလွှာ၊ သွားချေးကျောက်များရှိနေပါက သွားချေးလွှာများမှ ဘက်တီးရီးယား အဆိပ်များသည် မိခင်၏သွေလည်ပတ်မှုမှတဆင့် အချင်းကို ဖြတ်ပြီး သန္ဓေသားသို့ ရောက်ရှိသွားပါသည်။

• ဘက်တီးရီယားပိုဝင်ရောက်မှုကြောင့် အချင်း၏အမြှေပါးများရောင်ရမ်းပြီး သန္ဓေသားကြီးထွားမှုကို နှောင့်နှေးစေပါသည်။ 

• ဆိုးရွားသောရလဒ်အဖြစ် ကိုယ်ဝန်ဆိပ်တတ်ခြင်း၊ ပေါင်မပြည့်ဘဲမွေးဖွားခြင်း၊ လမစေ့ဘဲမွေးဖွားခြင်း၊ မွေးရာပါရောဂါများပါလာခြင်းတို့ ဖြစ်တတ်ပါသည်။ 

• ကိုယ်ဝန်ရှိသည်နှင့်တပြိုင်နက် သွားနှင့် ခံတွင်းကျန်းမာရေးကို စစ်ဆေးထားသင့်ပါသည်။

• ထို့ကြောင့်ကိုယ်ဝန်ဆောင်ကာလ၏ (၄) လမြောက်ကာလမှ (၇) လမြောက်ကာလအတွင်း သွားချေးကျောက်များကို သွားဆရာဝန်ထံ၌ ကုသမှုခံယူပြီး ဖယ်ရှားပစ်ရပါမည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN