သွားနှင့်ခံတွင်းကျန်းမာရေး

နေပြည်တော် ၁၀ မေ

သွားနှင့်ခံတွင်းရောဂါများတွင် အဖြစ်များသောရောဂါများမှာ သွားပိုးစားရောဂါနှင့် သွားဖုံးရောဂါများဖြစ်ပါသည်။ သွားပိုးစားရောဂါ (သွားဆွေးမြေ့ခြင်းနှင့် သွားဖုံးရောဂါများမှာ အခြေခံအားဖြင့် သွားနှင့်သွားဖုံးပတ်ပတ်လည်တွင်ရှိသော သွားချေးလွှာမျ ဘက်တီးရီးယားပိုးများ၏ အဆိပ်များ ဝင်ရောက်ခိုအောင်းခြင်းမှ စတင်ခြင်းဖြစ်ပါသည်။ ရောဂါပိုးဝင်ရောက်၍ ဖြစ်ပွားမှုမှာ လူတစ်ယောက်၏ အလေ့အကျင့်၊ သွားနှင့်ခံတွင်းရောဂါများမှာ ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

သွားပိုစားခြင်းရောဂါ

သွားချေးလွှာထဲမှ ဘက်တီးရီးယားသည် အစားအစာထဲမှ သကြားဓာတ်ကို အက်ဆစ်ဓာတ်အဖြစ်သို့ ပြောင်းလဲစေပါသည်။ သွားထဲမှ သတ္တုဓာတ် (ကယ်လ်စီယမ်၊ ဖော့စဖိတ်) တို့သည် အက်ဆစ်ဓာတ်ထဲတွင် ပျော်ဝင်တတ်ပြီး သွားမျက်နှာပေါ်တွင် အပေါက်ဖြစ်ပေါ်စေပါသည်။

ရောဂါလက္ခဏာများ

• သွားဦးခေါင်းပိုင်းရှိ ကြွေသွားလွှာတွင်ဖြစ်သော သွားပိုးစားရောဂါသည် နာကျင်မှုကိုမဖြစ်စေပါ။

• သွားအနှစ်လွှာ (ဆင်စွယ်နှစ်လွှာ)ကိုရောက်သောအခါ သွားပိုးစားရောဂါသည် နာကျင်မှုကို ဖြစ်ပေါ်စေပါသည်။

• သွားကြောလွှာ (သွေးကြောများ၊ အာရုံကြောများ) ရှိသောအလွှာသို့ ကူးစက်သွားသော သွားပိုးစားရောဂါသည် ပြင်းထန်သောနာကျင်မှုကို ဖြစ်စေပါသည်။ တစ်ခါတစ်ရံ ဘက်တီးရီးယားပိုး အဝင်ခံရသော သွားကြောလွှာသည် သေသွားနိုင်ပြီး သွားလည်း ကွဲအက်ပျက်စီးသွားတတ်ပါသည်။

• ဘက်တီးရီယားကူးစက်ခြင်းသည် သွားဖုံးထိပ်သို့ရောက်သောအခါ သွားဖုံးရိုးတွင် သွားပြည်တည်နာကို ဖြစ်စေပြီး သွားရှိနေသည့်မေးရိုးနှင့် မျက်နှာရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါသည်။ ရောင်ရမ်းခြင်းသည် မျက်နှာပြင်တစ်လျှောက် အနှံ့အပြားသို့ ရောက်ရှိသွားနိုင်ပြီး သွေးကြောများမှတစ်ဆင့် ဦးနှောက်ထဲသို့ ပိုးဝင်ရောက်ခြင်းကြောင့်လည်းကောင်း၊ မျက်နှာအောက်ပိုင်းသို့ ပျံ့နှံ့သွားလျှင် အသက်ရှူရခက်ခဲခြင်းကြောင့်လည်းကောင်း အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

သွားပိုးစားရောဂါ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ

၁။ ဘက်တီးရီးယားလွှာ (သွားချေးလွှာ) ကို ကင်းရှင်းစေခြင်း။ (ဥပမာ - စနစ်မှန်သွားတိုက်ခြင်း၊ အစားစားပြီးတိုင်း အလုတ်ကျင်းပေးခြင်း၊ သွားပွတ်ကြိုးအသုံးပြုခြင်း)

၂။ သွားတွက်သင့်လျော်သော အစားသောက်များကို စားသောက်ပေးခြင်း။ (ဥပမာ - ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ)

၃။ ဖလိုရိုဒ်ဓာတ်ပါသော သွားတိုက်ဆေးကို အသုံးပြုခြင်း

သွားပိုးစားခြင်းရောဂါကုသခြင်း

ကုသမှုများသည် သွား၏အခြေအနေပေါ်တွင်မူတည်ပါသည်။

• အခြေခံကျန်းမာရေးလုပ်သားက အရေးပေါ်ဆေးထည့်ပေးခြင်း/ ရှေးဦးပြုစုခြင်း

• သွားဆရာဝန်ထံသွားပြီး ယာယီသွားဖာထေးခြင်းနှင့် အပြီးသွားဖာထေးခြင်း

• သွာဝန်းကျင်တွင်ဖြစ်သော ပြည်တည်နာအတွက် ဘက်တီးရီးယားကိုသေစေသော ပဋိဇီဝဆေးပေးပြီး သွားနှုတ်ရန်လို အပ်ပါကသွားဆရာဝန်ထံ စေလွှတ်ပေးခြင်း

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN