သားလေးရရှိခဲ့ပြီဖြစ်တဲ့ ဘော်ဘီ

တောင်ကိုရီးယား အမျိုးသားတေးဂီတအဖွဲ့ ikon ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘော်ဘီဟာ လတ်တလော မှာ သူ့ရဲ့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားလေးတစ်ဦးကို မျက်နှာမြင်ခွင့်ရခဲ့ပြီဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်း ရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဘော်ဘီနဲ့ စေ့စပ်ထားတဲ့ သူ့ရဲ့ချစ်သူဟာ စက်တင်ဘာ ၂၇ ရက်က ဘော်ဘီရဲ့ ရင်သွေးလေးကို မွေးဖွား ခဲ့တာပါ။ တစ်ကိုယ်တော်တေးသံရှင်တစ်ဦးအဖြစ်လည်း အောင်မြင်တဲ့ ဘော်ဘီဟာ သူ့ရဲ့ ပထမဆုံး ရင်သွေးလေးရရှိခဲ့ပြီဖြစ်ကြောင်း သူ့ရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ဝိုင်ဂျီအင်တာတိန်းမန့်ဘက် ကလည်း အတည်ပြုခဲ့ပါတယ်။ အေဂျင်စီက ဘော်ဘီဟာ လတ်တလောမှာ ရင်သွေးလေးရရှိခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပေမယ့် အခြားသောအချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လအတွင်း ဘော်ဘီက သူလက်ထပ်တော့မယ့်အစီအစဉ်ကို ပရိသတ်တွေကို အသိပေး ခဲ့ပါတယ်။ ဘော်ဘီက လက်ရေးနဲ့ ရေးသားထားတဲ့ စာတစ်စောင်ကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာ ပေါ်မှာ ဖော်ပြခဲ့ပြီး သူလက်ထပ်တော့မယ့်အစီအစဉ်နဲ့ ဖခင်တစ်ဦးဖြစ်တော့မယ့်အကြောင်းတွေကို ထုတ်ဖော်အသိပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက တေးဂီတလောကမှာ လှုပ်ရှားလာတဲ့ ဘော်ဘီဟာ ရင်သွေးရရှိခဲ့ပြီးနောက် သူ့ဘဝရဲ့ခေတ်သစ်တစ်ခု စတင်တော့မှာဖြစ်ကြောင်းလည်း အဆိုပါစာမှာ ထည့်သွင်းရေးသားဖော်ပြခဲ့တယ်လို့ သိရပါတယ်။

အေးပြည့်