သာကေတမြို့နယ် ဖျားနာကုဆေးခန်း မိုးလုံလေလုံအားကစားကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်

ရန်ကူန် ၁၃ ဇွန်

 

သာကေတမြို့နယ် ဖျားနာကုဆေးခန်းကို မေ ၁၇ ရက်က ထူပါရုံရပ်ကွက် အ.ထ.က(၁) ကျောင်းရှိ အောင်ဆန်းခန်းမတွင် ဖွင့်လှစ်ပြီး သာမန်ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါရှိသူနှင့် ထိတွေ့ခဲ့သူများကို အဓိကထား၍ အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်။

 

ယခုအခါ ဇူလိုင်လအတွင်း အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ သာကေတမြို့နယ်ရှိ ဖျားနာကုဆေးခန်းကို ဇွန် ၁၀ ရက်မှစတင်ပြီး မြို့နယ် မိုးလုံလေလုံ အားကစားကွင်းသို့ စတင်ပြောင်းရွှေ့လျက်ရှိပြီး ဇွန် ၁၃ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ် ဖျားနာကုဆေးခန်းတာဝန်ခံ ဒေါက်တာမြတ်မိုးလွင်ထံမှ သိရသည်။

 

အဆိုပါဆေးခန်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ပြီး ဆရာဝန် ၇ ဦး၊ သူနာပြု ၇ ဦးနှင့် လုပ်အားပေးများပါဝင်သည့် အဖွဲ့ဖြင့် အပတ်စဥ် အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ အလှည့်ကျ ကုသပေးလျက်ရှိသည်။ ဆေးခန်းဖွင့်သည့်နေ့မှ ဇွန် ၁၀ ရက်ထိ လူနာ ၂၉ ဦး လာရောက်ပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဖျားနာကုဆေးခန်း ၁၇ ခုရှိရာ ၆ ခုမှာ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

အောင်သူရ