သာစည်၊ ကျိုက်ထို၊ ဒလ၊ နောင်ချိုနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ  

နေပြည်တော်  ၉  ဇူလိုင်

 

ဇူလိုင် ၈ ရက် နံနက် ၈ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြင့်ဝင်းမောင်းနှင်ပြီး သားဦး လိုက်ပါလာသည့် HIJET ယာဉ်ကိုရပ်တန့်ရှာဖွေရာ ငွေကျပ် ၁,၁၉၈ ဒသမ ၀၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း ၇၉ ဒသမ ၈၇ ကီလို၊ မြန်မာငွေကျပ် ၁၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းတွင် ဇေယျာချစ် မောင်းနှင်ပြီး ဘရန်(ခ)ချစ်ကိုကို လိုက်ပါလာသည့် Harrier ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၁၄,၃ဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၈၆,၀၀၀ ပြား၊ မြန်မာငွေကျပ် ၈၇,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း။

 

ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ပိတောက်လမ်း၊ အိမ်အမှတ်(၁၁၄၉)နေ အေးချမ်းကိုကို (ခ)အေးကို၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဇနီးဖြစ်သူ မခင်မာသန်းအားတွေ့ရှိပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၆၀၀ ကိုလည်းကောင်း။ 

 

အလားတူ ထိုနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၈/၀)အနီးတွင် စိုင်းစံမြင့်(ခ) မာန်အောင်မောင်းနှင်ပြီး အောင်သောင်း လိုက်ပါလာသည့် DONG FENG ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ် ၂၃,၅၈၄ တန်ဖိုးရှိ ဘိန်းဖြူ  ၂၆ ဒသမ ၁၈ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၈၀၀,၀၀၀ ၊ မြန်မာငွေကျပ် ၁၀ သိန်းနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အားလည်းကောင်း။

 

ထို့အတူ မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ တာလေမြို့၊ တာချီလိတ်-ကျိုင်းတုံသွား ကားလမ်းတွင် ရှားဟီ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ် ၁,၆၅၂ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ၊ ဘိန်းစိမ်း ၃ ဒသမ ၅ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ၎င်းနေထိုင်သည့် တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာရှိ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀,၀၀၀ အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  ရဲပြန်ကြားမှ သိရသည်။

 

သတင်းစဉ်