သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးနှင့် ကြိုတင်စမ်းသပ် စစ်ဆေးမှုခံယူရန် ပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ၁၈ ဇန်နဝါရီ

 

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ကြီးမှူးကျင်းပသည့် သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ရန်နှင့် ကြိုတင်စမ်းသပ်စစ်ဆေးမှုခံယူရန် ပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရန်ကုန်သူနာပြု တက္ကသိုလ်ခန်းမ၌ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာမာလာသန်းနှင့် ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်ရင်ရင်ထွန်းတို့က ဖောင်ဒေးရှင်းအကြောင်းကို မိတ်ဆက်ပြောကြားကြသည်။

 

6

 

ဆက်လက်၍ ကင်ဆာဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဒေါ်ရင်ရင်ဇော်က သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း သိကောင်းစရာနှင့် ကြိုတင်ကာကွယ်နိုင်ရေးကို ဆွေးနွေးပြောကြားပြီး သားအိမ်ခေါင်းကင်ဆာရောဂါကုသမှု ခံယူအောင်မြင်ထားကြသူများ၏ အတွေ့အကြုံဝေမျှခြင်းကို ဆောင်ရွက်ကြ၍ တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး ဖြေကြားကြသည်။

 

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေါက်တာမိုးအောင်ကျော်နိုင်က “ဖောင်ဒေးရှင်းအနေနဲ့ ကာကွယ်လို့ရတဲ့ ကင်ဆာတွေကို ကုသကာကွယ်နိုင်ဖို့နဲ့ ကာကွယ်လို့မရတဲ့ ကင်ဆာတွေကို စောစီးစွာတွေ့ရှိနိုင်ဖို့အတွက် အသိပညာတွေကို ပြည်သူလူထုအတွင်း ပြန့်ပွားအောင်ဆောင်ရွက်မယ်။ ဒါ့အပြင် ကင်ဆာကုသမှုခံယူဖို့ မတတ်နိုင်သူတွေထဲက ဆောလျင်စွာ ပျောက်ကင်းနိုင်ခြေရှိတဲ့သူတွေကို အခမဲ့ဆေးသွင်း ကုသပေးခြင်းကို ဆောင်ရွက်သွားမှာပါ” ဟု ဖောင်ဒေးရှင်း၏ အဓိကရည်ရွယ်ချက်ကို ပြောသည်။

 

“၂၀၁၈ ခုနှစ်မှာ တစ်ကမ္ဘာလုံးက အမျိုးသမီးတစ်သိန်းမှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်းက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနေပါတယ်။ ဒါကို ကာကွယ်နိုင်ဖို့အတွက် အမျိုးသမီးတစ်ယောက်အနေနဲ့ အသက် ၉ နှစ်နဲ့ ၁၄ နှစ်ကြားဆိုရင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ထိုးနှံ့ရပါမယ်။ အိမ်ထောင်ပြုပြီးချိန်ဖြစ်တဲ့ အသက် ၃၀ ဝန်းကျင်ကစပြီး သားအိမ်ခေါင်းကင်ဆာကို ၃ နှစ်တစ်ခါ စစ်ဆေးဖို့ လိုအပ်ပါတယ်။ အဲဒါကို အသက် ၄၉ နှစ်အထိ ဆောင်ရွက်ရပါမယ်။ အသက် ၄၉ နှစ်နောက်ပိုင်း သွေးဆုံးသွားရင် အနည်းဆုံး ၅ နှစ်တစ်ကြိမ် စစ်ဆေးဖို့ လိုအပ်ပါတယ်” ဟု သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဒေါ်ရင်ရင်ဇော်က ပြောသည်။

 

56

 

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၆ နှစ်တာကာလအတွင်း သားအိမ်ခေါင်းကင်ဆာရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်း၊ ဆေးစစ်ကုသမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း လက်လှမ်းမှီသည့် ဒေသအသီးသီးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်း - ဝင်းဝင်းမော်၊ ဓာတ်ပုံ - ရဲထွဋ်(MNA)