ရှုထောင့်ပေါင်းစုံမှ ကိုင်တွယ်ကြမယ်

၁၃ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်လိုပါက လုံခြုံရေးကဏ္ဍကို မဖြစ်မနေ ထည့်သွင်းသုံးသပ် ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၏ လုံခြုံရေးကို ပုံဖော်ဆောင်ရွက်မည်ဟု ဆိုပါက တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ တချို့သော နိုင်ငံကြီးများ ပြောဆိုနေကြသကဲ့သို့ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များအပေါ် ပစ်မှတ်ထားအရေးယူပါက ဤအဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို မည်ကဲ့သို့ ရယူနိုင်ပါမည်နည်း။ နိုင်ငံတကာအနေဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့တို့၏ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပူးပေါင်းဆောင်ရွက်မှုအား မည်ကဲ့သို့ ရယူမည်ဆိုသည်ကိုသာ အလေးအနက်ထား သုံးသပ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

သို့သော် ရခိုင်ပြည်နယ် ပြဿနာသည် လုံခြုံရေးရှုထောင့်တစ်ခု တည်းမှသာ ကိုင်တွယ်ဆောင်ရွက်မည့်ကိစ္စရပ် မဟုတ်သည်ကိုလည်း အလေးအနက်ထား နှလုံးသွင်းရမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ် ပြဿနာသည် နိုင်ငံတကာရှိ အဖျက်အမှောင့် အင်အားစုတို့က ရုပ်ပျက်ဆင်းပျက် ပုံဖျက်ခံထားရသည့် ပြဿနာဆိုသည့် အချက်ကိုလည်း မဖြစ်မနေ ဆင်ခြင်ကိုင်တွယ်ရမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေးအတွက် လုံခြုံရေးအင်အား တစ်ခုတည်းကိုသာ အားပြုဆောင်ရွက်ပါက လူမျိုးသုဉ်း သတ်ဖြတ်နေသည်ဟူသော လုပ်ကြံစွပ်စွဲမှုတို့ကို ပိုမိုအားကောင်းစေ မည်ဖြစ်ပါသည်။ လူမျိုးရေးအရ ဖိနှိပ်မှုတို့ကို ဆောင်ရွက်နေသည်၊ ဘာသာရေးအရ ခွဲခြားနှိမ့်ချဆက်ဆံနေသည် စသော စသော ထိုးနှက်ဝေဖန်မှုများကိုလည်း မီးလောင်ရာလေပင့် ဖြစ်စေမည်ဖြစ်ပါသည်။

 

ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေး၏ ပစ္စုပ္ပန်ကာလ လိုအပ်ချက်မှာ ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသည်ဆိုသော ဘင်္ဂါလီမျိုးနွယ်တို့၏ အရေအတွက်ကို စနစ်တကျ စိစစ်အတည်ပြုရန်ဖြစ်ပါသည်။ ဤကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတကာသတင်းမီဒီယာတို့၌ တစ်သန်းနီးပါးအထိ စိတ်ကူးပေါက်သလို ပြောဆိုနေကြသော ကိစ္စရပ်သည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကို ထိခိုက်နစ်နာစေပါသည်။ နိုင်ငံတကာအနေဖြင့် အဆိုပါ အတည်ပြုထားသော ကိန်းဂဏန်းတို့နှင့်အညီ ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်တို့ကို လျင်မြန်စွာဆောင်ရွက်နိုင်ရန် ပူးပေါင်းကူညီ ဆောင်ရွက်သင့်ပါသည်။ ကွန်ပျူတာ အခြေခံ မှတ်တမ်းတင်စနစ်တို့ကိုသာ အကောင်အထည်ဖော်နိုင်ပါက ပြန်လည်စိစစ် လက်ခံရေးလုပ်ငန်းစဉ်တို့ကို လျင်မြန်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးအတွက် တိကျသော စာရင်းဇယားတို့ကိုလည်း ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။

 

ဥပဒေနှင့် ညီညွတ်သူတို့အား နိုင်ငံသားအခွင့်အရေး ပေးမည်ဟူသော နိုင်ငံတော်၏ မူဝါဒကို နိုင်ငံတကာက ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုရန် လိုအပ်သကဲ့သို့ တိုင်းရင်းသားပြည်သူလူထုက လက်မခံနိုင်သည့် အမည်ဖြင့် တိုင်းရင်းသားအခွင့်အရေး တောင်းဆိုနေသည့်အပေါ် မထောက်ခံသည်ကိုလည်း နိုင်ငံတကာက ပြတ်ပြတ်သားသား ဖော်ထုတ်ပြသရမည် ဖြစ်ပါသည်။ သို့မှသာ တိုင်းရင်းသားပြည်သူလူထု၏ စိုးရိမ်သောကကို ဖြေဖျောက်ပေးနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ မျက်နှာစာ ပေါင်းစုံရှိသော ရခိုင်ပြည်နယ်ပြဿနာအား ရှုထောင့်ပေါင်းစုံမှ ကိုင်တွယ်ဖြေရှင်း ကြရမည်ဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။