ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး

 

လင်းလက်နေခြည်

 

သမိုင်းကြောင်း

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ၁၉၉၂ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် သမ္မတ ဘောရစ်ရယ်ဆင်က အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများတွင် ဖြစ်ပွားနေသည့် အဂတိလိုက်စားမှုများကို တိုက်ဖျက်နိုင်ရေး အမိန့်ဒီကရီတစ်ခုကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်ဒီကရီအရ အများပြည်သူဆိုင်ရာအရာရှိများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကို တားမြစ်ထားသည်။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ၎င်းတို့၏ ဝင်ငွေ၊ အိမ်ခြံမြေနှင့် အခြား ပိုင်ဆိုင်မှုများ၊ ဘဏ်စာရင်းများ၊ ငွေကြေးပိုင်ဆိုင်မှု စာရင်းများကို ထုတ်ဖော်ကြေညာရသည်။ အဆိုပါ ဆောင်ရွက်ချက်များသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကနဦးဆောင်ရွက်ချက်များပင် ဖြစ်သည်။

 

ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒတ် (Dmitry Medvedev) သည် သမ္မတရာထူးကို ရယူခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် မေလ ၁၉ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအစီအစဉ်တစ်ခုကို လက်မှတ်ရေးထိုး ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကောင်စီ (Anti-Corruption Council) ကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် အမျိုးသားအဆင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်တစ်ခုကို ချမှတ် ကာ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့သည်။

 

ဒီမီထရီလက်ထက် ဆောင်ရွက်ချက်များ

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကောင်စီ၏ ပထမဦးဆုံးအကြိမ်အဖြစ်ကျင်းပသည့် အစည်းအဝေးတွင် “မိမိအနေနဲ့ ရိုးရိုးရှင်းရှင်းနဲ့ စိတ်မကောင်းစရာစကားကို ထပ်ပြောရဦးမယ်။ မိမိတို့နိုင်ငံမှာ အဂတိလိုက်စားမှုတွေ ပျံ့နှံ့နေပြီး ရုရှားလူ့အဖွဲ့အစည်းရဲ့ ပုံမှန်ကြုံတွေ့နေကျအရာ တစ်ခုလိုဖြစ်နေပြီဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ဒီမီထရီချမှတ်ခဲ့သည့် အမျိုးသားအဆင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်၌ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေတစ်ခုကို ပြဋ္ဌာန်း သွားရန် ချမှတ်ထားသဖြင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အဂတိလိုက်စားမှုတန်ပြန်တိုက်ဖျက် ရေးဥပဒေ (On Corruption Counteraction) ကို ဥပဒေအမှတ် 273-FZ ဖြင့် ပြဋ္ဌာန်းခဲ့သည်။

 

ဒီမီထရီအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပထမဦးစားပေးဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ဥပဒေပြဋ္ဌာန်းပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၃ ရက်နေ့တွင် သမ္မတရုံးအမိန့် ဒီကရီ ၄၆၀ ဖြင့် အမျိုးသားအဆင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာကို ချမှတ်ခဲ့ပြီး နှစ်နှစ် တစ်ကြိမ် ပြင်ဆင်ဖြည့်စွက်ခြင်း ပြုလုပ်ခဲ့သည်။ သို့ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ သိသာထင်ရှားစွာ အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် ဒီမီထရီအနေဖြင့် ၂၀၁၁ ခုနှစ် မေလ ၄ ရက်နေ့တွင် Criminal Code နှင့် Code of Administrative Offences တို့ကို ပြင်ဆင်ကာ အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်မှုကို အဆ ၁၀၀ ခန့်အထိ တိုးမြှင့်ပြီး ရူဘယ်သန်း ၅၀၀ အထိ တိုးမြှင့်ခဲ့သည်။

 

ဗလာဒီမာပူတင် လက်ထက်

 

ဒီမီထရီ၏ ဆောင်ရွက်မှုများသည် သိသာထင်ရှားသည့်ရလဒ်များရခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိရေးအဖွဲ့၏ အဂတိလိုက်စားမှု အညွှန်းကိန်းများတွင် ရမှတ်များ သိသာထင်ရှားစွာ တိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ယခင်နှစ်ထက် ရမှတ်တိုးတက်လာကာ နိုင်ငံအဆင့် ၁၁ ဆင့်အထိ တိုးတက်လာခဲ့သည်။

 

ရုရှားနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကြောင်း လေ့လာမည်ဆိုပါက လက်ရှိသမ္မတ ဖြစ်သူ ဗလာဒီမာပူတင်၏ အခန်းကဏ္ဍကိုပါ ထည့်သွင်းသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ပူတင်သည် ၁၉၉၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ လည်းကောင်း ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အထိ လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ လက်ရှိအချိန်အထိ လည်းကောင်း သမ္မတတာဝန် ထမ်းဆောင်နေသူလည်းဖြစ်သည်။

 

ဒီမီထရီလက်ထက်တွင် ဝန်ကြီးချုပ်တာဝန်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခဲ့ပြီး ၎င်းစတင်တာဝန်ယူသည့်အချိန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အရေးကြီးသည့် ပိုင်ဆိုင်မှု ကြေညာခြင်းအခန်းကဏ္ဍကို စတင်မိတ်ဆက်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင် ဘာလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ကာ အများပြည်သူဆိုင်ရာ အရာရှိများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုတွင် အကျိုးစီးပွား ပဋိပက္ခဖြစ်မှုအခြေအနေများကို တားဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး အစိုးရဌာနအဖွဲ့အစည်းများ၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ပိုင်ဆိုင် မှုကို ထုတ်ဖော်ကြေညာရန် ဆောင်ရွက်ခဲ့သည်။

 

ထို့ပြင် ဥပဒေပါပုဒ်မများကို ပြင်ဆင် ဖြည့်စွက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဥပဒေပုဒ်မ ၁၃၀ တွင် အဖွဲ့အစည်းများအားလုံးအနေဖြင့် “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဌာန သို့မဟုတ် တာဝန်ခံများထားရှိရန်၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ စီးပွားရေး လုပ်ငန်းများနှင့် အစိုးရဌာန အဖွဲ့အစည်းများတွင် ကျင့်ဝတ်ချမှတ်ထားရန်၊ အကျိုးစီးပွားပဋိပက္ခ တားဆီး ကာကွယ်ရေးတို့ကို ဆောင်ရွက်ရန်နှင့် စာရင်းအင်းကိန်းဂဏန်းအချက်အလက်များကို လိမ်လည်ခြင်း မရှိစေရေးတို့ ဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။ အထူးသဖြင့် ပူတင်လက်ထက် ၌ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်း (OECD) လာဘ်ပေး လာဘ်ယူမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းသို့ ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာ

 

ရုရှားနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ တွင် အမိန့်ဒီကရီအမှတ် ၄၇၈ ဖြင့် အမျိုးသား အဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီ အစဉ် (၂၀၂၁-၂၀၂၄) ကို ချမှတ်ခဲ့သည်။ အစီအစဉ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးစံနှုန်းများ ချမှတ်ခြင်း၊ အကျိုးစီးပွားပဋိပက္ခ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ သတင်းအချက်အလက်များ လုံခြုံစွာထိန်းသိမ်းခြင်း၊ ပုဂ္ဂလိကကဏ္ဍ အဂတိ လိုက်စားမှုတိုက်ဖျက်ခြင်း၊ အများပြည်သူ ဝယ်ယူမှုကဏ္ဍ၌ အဂတိလိုက်စားမှုတိုက်ဖျက်ခြင်း၊ အရပ် ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့် ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်ခြင်းအပါအဝင် လုပ်ငန်း နယ်ပယ် ၁၆ ခုပါဝင်သည်။

 

အကျိုးစီးပွားပဋိပက္ခ တားဆီးကာကွယ်ခြင်းနှင့် ပိုင်ဆိုင်မှုကြေညာခြင်း

 

အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးအစီအစဉ်တွင် အကျိုးစီးပွားပဋိပက္ခအခြေ အနေများကို တားဆီးကာကွယ်နိုင်ရေးအတွက် အစိုးရဌာနအဖွဲ့အစည်းများအတွင်း ရာထူး တိုးမြှင့်ခြင်းကဲ့သို့သောရပိုင်ခွင့်များနှင့် ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေခြင်းတို့တွင် အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရန်လိုအပ်သော မူဝါဒလုပ်ထုံး လုပ်နည်းများချမှတ်ထားရန် ပြဋ္ဌာန်းထားသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၀ တွင် အစိုးရဝန်ထမ်းများနှင့် စည်ပင်သာယာ ရေး ဝန်ထမ်းများအနေဖြင့် အများပြည်သူအကျိုးစီးပွား သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ရာတွင် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ရောထွေး ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းတာဝန်ထမ်းဆောင်မှုများတွင် ပြည်သူ့ဘဏ္ဍာငွေ၊ ပြည်သူ ပိုင်ပစ္စည်းများနှင့် အခြားဘေးကိစ္စရပ်များတွင် ကိုယ်ကျိုးစီးပွားများ ဦးတည်ဆောင်ရွက်ခြင်းဖြင့် အကျိုးစီးပွားပဋိပက္ခအခြေအနေကို ဖြစ်ပေါ်စေ သည်ဟု ဖော်ပြထားသည်။

 

ပုဒ်မ ၁၁ တွင် အစိုးရဝန်ထမ်းများနှင့် စည်ပင်သာယာရေးဝန်ထမ်းများသည် ယခုကဲ့သို့သော အခြေအနေများကို ရှောင်ရှားနိုင်ရန်အတွက် လိုအပ်သောအစီအမံများ စီမံဆောင်ရွက်ရန်နှင့် ထိုကဲ့သို့သောအခြေအနေများ ပေါ်ပေါက်ပါက သတိပြုမိသည်နှင့် အထက်အဆင့်သို့ စာဖြင့် ရေးသားတင်ပြရန်လိုအပ်ပြီး သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းများအနေဖြင့်လည်း လိုအပ်ပါက အကျိုးစီးပွားပဋိပက္ခ တားဆီးကာကွယ်ရေးအတွက် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ ချမှတ်ထားရန် ပြဋ္ဌာန်းထားသည်။

 

ထို့အပြင် အစိုးရဝန်ထမ်း သို့မဟုတ် စည်ပင်သာယာရေး ဝန်ထမ်းများအနေဖြင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း၊ အခြားစီးပွားရေး လုပ်ငန်းများတွင် အစုရှယ်ယာပါဝင်ခြင်းကဲ့သို့သော စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုရှိနေပါက အဆိုပါစီးပွားရေးလုပ်ငန်းကို ယုံကြည်စိတ်ချရသော အခြားသူတစ်ဦးထံသို့ တရားဝင်လွှဲပြောင်းပေးခြင်းဖြင့် အကျိုးစီးပွား ပဋိပက္ခအခြေအနေကို တားဆီးရန် ပြဋ္ဌာန်းထားသည်။ အကျိုးစီးပွားပဋိပက္ခ အခြေအနေကို စစ်ဆေးဖော်ထုတ်တွေ့ရှိရပါကရာထူးမှ ထုတ်ပယ်ခြင်းကဲ့သို့သော စည်းမျဉ်းစည်းကမ်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် ပုဒ်မ ၁၁ (င) တွင် ပြဋ္ဌာန်းထားသည်။

 

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးတွင် အကျိုးစီးပွားပဋိပက္ခ တားဆီးကာကွယ်နိုင်ရေးအတွက် ပိုင်ဆိုင်မှုကြေညာခြင်း၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသဖြင့် ရုရှားနိုင်ငံ၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ(၈)တွင် အစိုးရ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးဝန်ထမ်းများ အနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များစာရင်းကို သက်ဆိုင်ရာဌာနသို့ တင်သွင်းရန် တာဝန်ရှိသည်။ ပိုင်ဆိုင်မှုကြေညာခြင်းကို ပျက်ကွက်ပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်ပြီး သက်ဆိုင်ရာဌာနများအနေဖြင့် ပိုင်ဆိုင်မှု ကြေညာခြင်းပါ အချက်အလက်များကို လျှို့ဝှက် ထိန်းသိမ်းထားရန်ဖြစ်ကာ လိုအပ်သည့်အချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ကြေညာ ရန်ဖြစ်သည်။

 

ပိုင်ဆိုင်မှုကြေညာခြင်း ညွှန်ကြားချက်

 

ရုရှားနိုင်ငံတွင် အစိုးရဝန်ထမ်းများနှင့် စည်ပင်သာယာရေးဝန်ထမ်းများ၏ ပိုင်ဆိုင်မှုကြေညာခြင်း နှင့်စပ်လျဉ်း၍ အမိန့်ကြေညာချက်တစ်ခုကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်အရ အများပြည်သူဆိုင်ရာဌာနများတွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားသူများ၊ တာဝန်ထမ်းဆောင်ရသူများ နှင့် ၎င်းတို့၏ အိမ်ထောင်ဖက်များ၊ အမွေစားအမွေခံ သားသမီးများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှု၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း တင်ပြသွားရန်ဖြစ်သည်။

 

ပိုင်ဆိုင်မှုကြေညာထားသည့် ဝန်ထမ်းများ၏ အချက်အလက်များကို http://state. Kremlin.ru/ president/income/administration/incomes တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ၏စာရင်းများအရ အများပြည်သူ ဆိုင်ရာ အရာရှိ ၇၉၁၇၃၈ ဦးတို့အနေဖြင့် ပိုင်ဆိုင်မှု ကြေညာထားသည်ကို တွေ့ရသည်။

 

နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး

 

ရုရှားနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းသို့ ၂၀၀၆ ခုနှစ် မတ်လ ၈ ရက်နေ့တွင် အတည်ပြုဝင်ရောက်ထားသည်။ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (TI) နှင့်လည်း နီးကပ်သည့်ဆက်ဆံရေး တည်ဆောက်ထားနိုင်ပြီး TI ရုံးခွဲကို ၁၉၉၃ ခုနှစ်ကတည်းက ရုရှားတွင် ဖွင့်လှစ်ထားနိုင်ခဲ့ကာ အဖွဲ့အစည်းပေါင်း ၁၀၀ နှင့် လက်တွဲ၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် Kaliningrad၊ Saint Petersburg၊ Moscow၊ Yekaterin burg နှင့် Barnaul တို့တွင် TI ရုံးခွဲများ ဖွင့်လှစ်ထားသည်။

 

ရလဒ်များ

 

အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့၏ ၂၀၂၁ ခုနှစ်အတွက် ထုတ်ပြန်သည့် အဂတိ လိုက်စားမှုအညွှန်းကိန်း (Corruption Perception Index - CPI) တွင် ရုရှားနိုင်ငံ၏ ရမှတ်များကို လေ့လာကြည့်ပါက ပုံ(၁)ပါအတိုင်း တွေ့ရသည်။

 

mdn

 

ကမ္ဘာ့ဘဏ်၏ အဂတိလိုက်စားမှုထိန်းချုပ်နိုင်မှု အညွှန်းကိန်းရလဒ်

 

ကမ္ဘာ့ဘဏ်၏ အဂတိလိုက်စားမှု ထိန်းချုပ်နိုင်မှု အညွှန်းကိန်းရလဒ်များကို လေ့လာကြည့်မည် ဆိုပါကလည်း ရုရှားနိုင်ငံသည် အဂတိလိုက်စားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ဆောင်ရွက်နေ သည်ကို ပုံ(၂)တွင် တွေ့ရှိရသည်။

 

mdn

 

နိုင်ငံတကာလေ့လာ

 

မိမိတို့ မြန်မာနိုင်ငံတွင်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပြဋ္ဌာန်းပြီးဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ရုရှားနိုင်ငံ ကဲ့သို့သော စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးစသည်ဖြင့် အဘက်ဘက်မှပြည့်စုံသည့် နိုင်ငံပင်လျှင် အဂတိလိုက်စားမှုများကို တွန်းလှန်တိုက်ဖျက်နေရဆဲဖြစ်သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများ၏ ဆောင်ရွက်မှုများကို အစဉ်လေ့လာ၍ မိမိနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် နမူနာယူသင့်သည်များ ရယူနိုင်ရေး ရေးသားပြုစု တင်ပြလိုက်ရပါသည်။ ။

 

ရည်ညွှန်းကိုးကား

- https://anticor.hse.ru/

- https://www.dlapiper.com/en-us

- https://www.transparency.org/en/

- https://www.unodc.org/unodc/en/

- https://www.worldbank.org/en/who-we-are

- အခြားအချက်အလက်များ