ရုရှားနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူအရေအတွက်ဟာ မှတ်တမ်းပမာဏဖြစ်လာ

၁၇ နိုဝင်ဘာ

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးနဲ့ ဆက်နွယ်ပြီး သေဆုံးသူ ၄၄၃ ဦးရှိတဲ့အတွက် မှတ်တမ်းတင်နိုင်တဲ့ အရေအတွက်ဖြစ်လာကြောင်း ဒီနေ့(အင်္ဂါနေ့)မှာ ထုတ်ပြန်ကြေညာအရ သိရပါတယ်။

ပိုးတွေ့ရှိသူဟာ ၂၄ နာရီအတွင်း ၂၂,၄၁၀ ဦးရှိတဲ့အတွက် ပိုးတွေ့ရှိသူ စုစုပေါင်း ၁ ဒသမ ၉၇ သန်း ဖြစ်လာကြောင်း ကျန်းမာရေးအရာရှိတွေက ဒီနေ့ပြောကြားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူစုစုပေါင်း ၃၃,၃၉၁ ဦးသာရှိကြောင်း တရားဝင်ထုတ်ပြန်ထားပါတယ်။

ဗိုင်းရပ်စ်ပိုးဒဏ် အဆိုးဆုံးခံရတဲ့ ရုရှားနိုင်ငံမှာ ရောဂါပိုးကြောင့် သေဆုံးသူအရေအတွက် ထုတ်ပြန်စာရင်းဟာ နည်းလွန်းတဲ့အတွက် အစိုးရက ထိန်ချန်ထားတယ်လို့ စွပ်စွဲဝေဖန်မှုတွေ ရှိပါတယ်။ မတ်လကနေ စက်တင်ဘာလအထိ သေနှုန်းပြစာရင်းဟာ ၁၁၇,၀၀၀ ကျော်နေတဲ့အတွက် ထုတ်ပြန်စာရင်းထက်များနိုင်ကြောင်း ထောက်ပြမှုတွေရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုများနေတဲ့အတွက် ဆားဗီးယားအရှေ့ပိုင်းရှိ ဘူရက်တီယားမှာ တနင်္လာနေ့ကစပြီး ဘားတွေ၊ စားသောက်ဆိုင်တွေ၊ ရှော့ပင်းမောလ်တွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေကို သီတင်းနှစ်ပတ်ပိတ်ရန် အမိန့်ထုတ်ပြန်ထားပါတယ်။ အဲဒီဒေသဟာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းအတွင်း ပထမဆုံး ဆိုင်တွေပိတ်ခိုင်းတဲ့ ရုရှားနိုင်ငံရဲ့ ပထမဆုံး နေရာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးက နိုင်ငံအတွင်းရှိ ဆေးရုံတွေမှာ ၈၄ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူတွေဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားပါတယ်။

မော်စကိုရဲ့ အရှေ့မြောက်ပိုင်းရှိ အိုင်ဗန်နိုဘို ဒေသမှာ ဒေသတွင်းရှိ အအေးတိုက်မှာ အလောင်းတွေ မဆံ့တော့တဲ့အတွက် အအေးခန်းတိုးဖို့ စီစဉ်နေရကြောင်း ကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို မနေ့က ပြောပါတယ်။

ဒေသတွင်းက လွတ်လပ်တဲ့ သတင်းစာ Novaya Gazeta ရဲ့ သတင်းတစ်ပုဒ်မှာ နိုင်ငံတွင်းက တချို့ဒေသတွေရှိ ဆေးဆိုင်တွေမှာ ဆေးဝါးပြတ်လပ်မှုနဲ့ ကြုံတွေနေရသလို အရေးပေါ်ကယ်ဆယ်ရေး ကားတွေက လူနာတိုင်းဆီကို မရောက်နိုင်လောက်အောင် အလုပ်များနေကြောင်း ရေးသားထားပါတယ်။

ဝန်ကြီးချုပ်ကလည်း ဒေသအာဏာပိုင်တွေအား ဗိုင်းရပ်စ်ပိုးတားဆီးနိုင်ရေး စည်းမျဉ်းတွေ မထုတ်ပြန်တဲ့အတွက် မနေ့က ဝေဖန်သွားကြောင်း သိရပါတယ်။

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၁,၉၇၁,၀၁၃ ဦးထဲမှ သေဆုံးသူ ၃၃,၉၃၁ ဦးရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MDN

ကိုးကား - AFP