ရုရှားခရီးသည်တင်လေယာဉ်တွင် ပေါက်ကွဲစေတတ်သောပစ္စည်းများ ရှိ မရှိ အမေရိကန်ရဲတပ်ဖွဲ့ စစ်ဆေး

၇ ဒီဇင်ဘာ

 

နယူးယောက်ရဲတပ်ဖွဲ့က အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီအပြည်ပြည်ဆိုင်ရာလေဆိပ်၌ မော်စကိုနိုင်ငံမှ အဲရိုဖလော့ ရုရှားလေကြောင်းလိုင်းတွင် ပေါက်ကွဲစေတတ်သောပစ္စည်းများ ရှိမရှိ စစ်ဆေးနေကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာန Sputnik က ယနေ့တွင် ဖော်ပြထားသည်။

 

ရဲတပ်ဖွဲ့က ထိုလေယာဉ်ပေါ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများရှိနေသည်ဟူသော အကြောင်းကြားစာတစ်စောင် ရရှိခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုရှိ ရုရှားသံရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်ကို Sputnik သတင်းဌာနက ကိုးကားဖော်ပြသည်။

 

ယင်းလေယာဉ်ပေါ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ရဲတပ်ဖွဲ့က ရှာဖွေမှုများလုပ်ဆောင်နေကြသည်ဟု သိရသည်။

 

ထိုရှာဖွေမှုနှင့်ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်ဆိုင်ရာ သတင်းမရရှိသေးကြောင်းနှင့် ယင်းလေယာဉ်မှာ မော်စကိုသို့ပျံသန်းရန် နှောင့်နှေးနေကြောင်း ရုရှားသံရုံးက ပြောကြားသည်။

 

ဆိပ်ကမ်းအာဏာပိုင်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ခရီးသည်များအားလုံး ထိုလေယာဉ်ပေါ်မှဆင်းလာသည်ဟု  မီဒီယာကို ပြောကြားခဲ့သည်။

 

အဆိုပါ အဲရိုဖလော့လေယာဉ်သည် ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ဂျွန်အက်ဖ်ကနေဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို