ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက်  အနုပညာရှင်များ၊ ထုတ်လုပ်သူများနှင့် ရုံပိုင်ရှင်များ ဆွေးနွေး

ရန်ကုန် ၆  မတ်

         

ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးစီး၍ အနုပညာရှင်များ၊ ထုတ်လုပ်သူများနှင့် ရုံပိုင်ရှင်များ ဆွေးနွေးညှိနှိုင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

          

ဆွေးနွေးညှိနှိုင်းပွဲအပြီးတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ဒါရိုက်တာ ပန်းချီဦးစိုးမိုး၊  Paradiso Ciremas Co.,Ltd မှ CEO ဦးတင်မောင်ဝင်းနှင့်  ဥက္ကဋ္ဌ ဦးလွင်မိုးတို့က စာနယ်ဇင်းရှင်းလင်းပွဲကို ဆက်လက်ကျင်းပခဲ့သည်။

         

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ဒါရိုက်တာ ပန်းချီဦးစိုးမိုး က “ အဓိက ကတော့ ရုံပိုင်ရှင်ကလည်း ပိုက်ဆံရတဲ့ ကားပဲပြချင်တယ်။ ပိုက်ဆံမရတဲ့ ကား မပြချင်ဘူး။   ကားရှင်ဘက်က ရုပ်ရှင်ရုံကောင်းလိုချင်တယ်။ မကောင်းတဲ့ရုပ်ရှင် မလိုချင်ဘူး။ အဲဒါတွေ ညှိနှိုင်းတာပါ။ မြို့လယ်ခေါင်မှာ   သမ္မတနဲ့ Junction နှစ်ရုံရှိတယ်။ Paradiso က နယ်ရုံတွေမှာပဲ ရှိတယ်။ သူတို့က ရန်ကုန်ရုံတွေက ကျပြီး ပြတဲ့ဇာတ်ကားတွေ စောင့်နေရတယ်။     အခု လက်ရှိ  Paradiso က ရုံ ၅၀ လောက်ရှိပြီ။ ဒီ ၅၀ ကျော်က ဝင်ငွေမကောင်းရင် စိတ်ဓာတ်ကျမယ်။ ဒါကြောင့် ရုပ်ရှင်ရုံတွေအားလုံး၊ ကားရှင်တွေ အားလုံး ဘယ်လိုညှိနှိုင်းကြမလဲဆိုပြီး လက်ချင်းယှက်တဲ့ပွဲလေးပါ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြေလည်အောင် ညှိနှိုင်းပေးတဲ့အတွက်  အောင်အောင်မြင်မြင်နဲ့ ပြီးသွားပါတယ်။

         

“ပဋိပက္ခ မဖြစ်ကြရအောင် ကြိုးစားတာ၊ စီးပွားရေးက အပြိုင်လုပ်တာ၊ ကျွန်တော်တို့ လုပ်ငန်းကိုက ရုံရှင်၊ ကားရှင်၊ သရုပ်ဆောင်အားလုံးညီညွတ်မှ ရုပ်ရှင်လောက တိုးတက်မှာဖြစ်တယ်။ ဒီနေ့အကြမ်းအားဖြင့်ပြောရရင် အားလုံးညီညွတ်ပြီး အစည်းအဝေးမှာတင် ကောင်းတဲ့အဖြေထွက်လာတယ်။ တက်ရောက်လာသူအားလုံး ပြေလည်သွားပြီး အဖြေက အကောင်းဆုံးထွက်တယ်။ နောက်ထပ် အစည်းအဝေးတွေ အများကြီး ကျန်ပါသေးတယ်”ဟု ပြောသည်။

 

558

 

Paradiso Ciremas Co.,Ltd မှ CEO ဦးတင်မောင်ဝင်း က  “ ဒီနေ့ ရလဒ်က ကောင်းပါတယ်။ JCGV ကလည်း သူတို့ရွေးတဲ့ ကားတွေအားလုံးကို မင်္ဂလာက ပြတာ ကန့်ကွက်ခြင်း မရှိဘူး။ ကြိုက်သလိုပြပါပြောသလို မင်္ဂလာဖက်ကလည်း ကိုယ်တိုင် ကန့်ကွက်တာ မရှိဘူး။ ထုတ်လုပ်သူတွေကဏ္ဍမှာလည်း အချို့ပြောတာ အင်မတန်တရား ပါတယ်။  တစ်မြို့မှာ နှစ်ကားပြရင် သူတို့တွေ ဗီနိုင်းတွေလုပ်ရတယ်။ အရောင်းမြှင့်တင်တာတွေ လုပ်ရတယ်။ ကုန်ကျစရိတ်က မြင့်တက်လာတယ်။ ဒါကြောင့် သူတို့က ၂ ကား ပြဖို့ ငြင်းဆန်တာလို့ ပြောပါတယ်။ ဒီနေ့မှာ ထုတ်လုပ်သူအများစုက မင်္ဂလာရုံနဲ့ ရုံတိုက် ရှိတဲ့ မြို့တွေမှာ JCGV ရွေးတဲ့ဇာတ်ကား သို့မဟုတ် မင်္ဂလာရုံ က ရွေးတဲ့ဇာတ်ကားထဲက တစ်ကားကိုပဲ ရွေးပြပါ။ သူတို့ဖက်က ပေးပါမယ်ဆိုပြီး ထုတ်လုပ်သူအများစု က ဒါကို ခွင့်ပြုကြတယ်။ ရုံတိုက်ရှိတဲ့မြို့က လောလောဆယ်  ၆ မြို့လောက်ရှိတယ်။ ဒီထဲမှာ ပိတ်ကား ၂ ခုရှိတဲ့မြို့က  မော်လမြိုင်၊ ပြည်၊ ပဲခူးမြို့တွေ ဖြစ်ပါတယ်။ ဒီမြို့တွေကိုတော့   ဇာတ်ကား ၂ ကားပေးပါဆိုပြီး တောင်းခဲ့ပါတယ်။ အဲဒါကို ထုတ်လုပ်သူတွေက ဒီနေ့ မဆုံးဖြတ်နိုင်သေးပါဘူး။ ၁၆ ရက်နေ့မှာ ရုံရှင်တွေချည်းပဲ ဒီမှာ အစည်းအဝေးလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီကနေ့ ရလဒ်ကတော့ ဝမ်းသာစရာ အများကြီးကောင်းပါတယ် ”ဟု ပြောသည်။

 

ဥက္ကဋ္ဌ ဦးလွင်မိုးက “ ပြတဲ့နေရာနဲ့  ဇာတ်ကားရွေးချယ်တဲ့နေရာမှာ မင်္ဂလာနဲ့ JCGV ဆိုပြီး နှစ်ပိုင်းရှိတယ်။ တစ်ဖက်မှာပြရင် ကျန်တဲ့တစ်ဖက်မှာ မပြဘူးဆိုတဲ့ အပိုင်းတွေရှိခဲ့တယ်။ ဒီနေ့ဆွေးနွေးပွဲမှာတော့ ဝမ်းသာစရာကောင်းတာ က JCGV ကလည်း သူတို့ရုံမှာ ပြတာကို အခြားရုံတွေမှာ ပိတ်ပင်ထားတာမရှိဘူး ပြော သလို မင်္ဂလာရုပ်ရှင် ရုံအဖွဲ့ကလည်း သူတို့အနေနဲ့ ဇာတ်ကားတွေကို ပိတ်ပင်ထားတာ မရှိပါဘူးလို့ ပြောတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ အဖြေတစ်ခုရှာတာပါ။ ရုံပြိုင်တင်လာကြတဲ့မြို့တွေရှိတယ်။ အဓိက ကတော့ ရုပ်ရှင်လောကတိုးတက်ပြီး ရုပ်ရှင်လုပ်ငန်း ဒီ့ထက်ပိုပြီး အောင်မြင်ဖို့ပါ။ အနာဂတ်မှာ ရုပ်ရှင်ဇာတ်ကားတွေ ဘယ်လိုပြသကြမယ်ဆိုတာ အဓိက ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ သူပြမယ်၊ ငါမပြဘူး ထုတ်လုပ်သူတွေက ဟိုရုံမှာ မပြချင်ဘူး၊ ဒီရုံမှာပဲ ပြချင်တယ်ဆိုတဲ့ ဝိဝါဒ ကွဲပြားနေတာတွေကို စပြီး ပြေလည်အောင် အကောင်အထည် ဖော် ညှိနှိုင်းကြတာပါ”ဟု ပြောသည်။

 

သတင်းစဉ်