ရုံးပိတ်ရက်ရှည်တွင် ငပလီကမ်းခြေ၌ အပန်းဖြေသူများဖြင့်စည်ကား

သံတွဲ ၂ မတ်

 

တပေါင်းပွဲတော်၊ တောင်သူလယ်သမားနေ့နှင့် စနေ၊တနင်္ဂနွေနေ့ များသည် အစိုးရရုံးပိတ်ရက် ကာလများဖြစ်သဖြင့် အနယ်နယ် အရပ်ရပ်မှ အပန်းဖြေခရီးသွားသူများ၊ ခရီးသွား ကားကြီး၊ ကားငယ်များဖြင့် လာရောက် အပန်းဖြေကြသဖြင့် ငပလီကမ်းခြေတွင် ယခင်နှစ်ကထက် ပိုမိုစည်ကားလျက်ရှိကြောင်း တွေ့ရသည်။

 

အဖွဲ့လိုက်လာကြသည့် ခရီးသွားအများစုမှာ ဝန်ထမ်းများဖြစ်ပြီး လအကုန် လစာထုတ်ရက်လည်း ဖြစ်သဖြင့် ခရီးသွားရသည်မှာ ပိုမိုအဆင်ပြေပါကြောင်း ခရီးသွားဝန်ထမ်းတစ်ဦးက ပြောသည်။

 

ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်သူ၊ မိသားစုလေးဦးဖြင့် လာရောက်အပန်းဖြေသည့် ကိုဇော်မင်းထွန်းက “ယခင်ကတည်းက ငပလီကမ်းခြေကို လာရောက်လည်ပတ်ချင်ပါကြောင်း၊ ဝန်ထမ်းဖြစ်သဖြင့် ယခုလို ပိတ်ရက်ရှည်ရရှိသည့် ကာလနှင့်တိုက်ဆိုင်ကာ လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မဇာဇာအောင် က ယခုလို သဲသောင်ပြင်၊ ပင်လယ်ပြင်၊ စိမ်းလမ်းစိုပြည်နေတဲ့ အုန်းတောကြီးတွေဖြင့် သာယာလှပတဲ့ ငပလီကမ်းခြေမှာ သဘာဝ ပင်လယ်လေကို ရှုရှိုက်အပန်းဖြေ ရေကူးရင်း လတ်ဆတ်တဲ့ ပင်လယ်စာတွေကို ဈေးနှုန်းချိုသာစွာဖြင့် စားသောက်ရသည့်အတွက် များစွာ အားရကျေနပ်မိပါကြောင်း နောက်နှစ်များမှာလဲ ယခုလိုပိတ်ရက်များနှင့် တိုက်ဆိုင်ပါက ရောက်အောင်လာခဲ့မည်ဖြစ်ကြောင်း ဖြေကြား ပေးခဲ့ကြသည်။

 

ငပလီကမ်းခြေတွင် အပန်းဖြေအနားယူသူများ များပြားသလို သံတွဲမြို့အတွင်းရှိ တန်ခိုးကြီး သမိုင်းဝင် ဗျာဒိတ်တော်ရ ရွှေဆံတော်စေတီ၊ ရွှေနံတော်စေတီနှင့် ရွှေအံတော် စေတီတော်မြတ်များကိုလဲ လာရောက် ဖူးမြော်ကြည်ညို ကုသိုလ် ယူကြသူများဖြင့်လည်း စည်ကားလျှက်ရှိကြောင်း သိရသည်။

 

သန့်ဇင်