ရုံးပိတ်ရက်ရှည်ကာလ သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးများဖြင့် စည်ကား

စစ်ကိုင်း ၁၃ အောက်တိုဘာ

ယခုနှစ်ရုံးပိတ်ရက်ရှည်ကာလဖြစ်သော သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာ အခါတော်နေ့ ဖြစ်သည်နှင့်အညီ စစ်ကိုင်းမြို့ရှိ တန်ခိုးကြီးဘုရားများတွင် ဘုရားဖူး ကုသိုလ်ပြု လှူဒါန်းရန် အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာကြသည့် ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

a

 

ခရီးသွားများသည် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်စေတီတော်နှင့် ကောင်းမှုတော် ဘုရားများသို့ သွားရောက်ကာ ဆွမ်းနှင့် ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ တောင်ပေါ်မှ စစ်ကိုင်း ရှုခင်းများကို နောက်ခံထား၍ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြ သည့်အပြင် ဒေသထွက်ကုန် သနပ်ခါးများနှင့် ရိုးရာအစား အစာများကို ဝယ်ယူအားပေးကြရာ ရင်ပြင်တော်ပေါ်တွင် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။

''ကျွန်မတို့ ဝန်ထမ်းတွေအတွက် ဒီနှစ် သီတင်းကျွတ် ရုံးပိတ်ရက်ကလည်း ခရီးထွက်ဖို့ အချိန် လုံလုံ လောက်လောက် ရတဲ့အပြင် နယ်က ဆွေမျိုးတွေကလည်း မန္တလေးနဲ့ စစ်ကိုင်းဘုရားတွေ ဖူးမြော်ချင် တယ်ဆိုလို့ ဒီခရီးစဉ်ကို လာခဲ့တာပါ။ မနေ့ကတော့ မန္တလေးက မဟာမုနိနဲ့ ကုသိုလ်တော်ဘုရားကို ဝင်ရောက်ဖူးမြော်ခဲ့ ပါတယ်။ ဒီနေ့လပြည့်နေ့မှာတော့ စစ်ကိုင်းက ဆွမ်းဦးပုညရှင်နဲ့ ကောင်းမှုတော် ဘုရားကို ဖူးမြော်ဖို့ လာခဲ့တာပါ။ ရုံးပိတ်ရက်ရှည်ခံစားခွင့်ရတဲ့ကာလလေးမှာ စိတ်ပေါ့ပါးလွတ်လပ်မှု ရဖို့နဲ့ကုသိုလ်ပြုနိုင်ဖို့ အခုလိုဘုရားဖူးခရီးစဉ်တွေ ထွက်သင့်ပါတယ်''ဟု ရန်ကုန်မြို့ရေကြောင်းပညာသိပ္ပံမှ ဒေါ်စောသန္တာရွှေက ပြောသည်။

စစ်ကိုင်းမြို့သို့ ဘုရားဖူးလာရောက်ကြသည့် ခရီးသွားပြည်သူများသည် စစ်ကိုင်း မြို့ရှိ ဥမင်းသုံးဆယ်ဘုရားများနှင့် ရှေးဟောင်းဘုရားများအား လှည့်လည် ဖူးမြော်ကြ သည့်အပြင် ဒေသထွက်ကုန် သီးနှံများနှင့် အသုံးအဆောင် ပစ္စည်းများကိုလည်း အမှတ် တရဝယ်ယူကြသည့်အတွက် စစ်ကိုင်းမြို့လုံးအနှံ့ ဘုရားဖူးခရီးသွားများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)