ရုံးပိတ်ရက်များအတွင်း အပန်းဖြေ ခရီးသွားကြသူများ၏ ရင်တွင်းစကားသံများ

နေပြည်တော် ၂ မတ်

တပေါင်းလပြည့်နေ့မှစပြီး ရုံးပိတ်ရက်၄ရက်ရသည့်အတွက် မိသားစုအလိုက် သော်လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်း အုပ်စုအလိုက်သော်လည်းကောင်း ပြည်ပသို့ သွားရောက်အပန်းဖြေမှုများနှင့် တစ်နိုင်ငံလုံးရှိ အပန်းဖြေရာနေရာ အသီးသီးသို့ သွားရောက် အပန်းဖြေနေကြသည့် သတင်း၊ ဓာတ်ပုံများကို သတင်းမီဒီယာများတွင် ယခုရက်များအတွင်း ဆက်တိုက်နီးပါး တွေ့မြင်နေရသည်။ 

 

 

နေပြည်တော်မှ အဝေးသို့ သွားရောက်လည်ပတ် အပန်းဖြေကြသူများရှိသလို မိမိနေထိုင်ရာအနီး ဝန်ကျင်း၌ အပန်းဖြေ သူများဖြင့်လည်း နေပြည်တော် ဗုဒ္ဓဂယာ၊ ဥပ္ပါတသန္တိစေတီတော်၊ ရေပန်းဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ ငလိုက်အပန်းဖြေစခန်း၊ ငလိုက်သာဆင်စခန်းတို့ အပါအဝင်နေရာများနှင့် အပန်းဖြေရာနေရာများတွင် ကုသိုလ်  ယူသူ၊ အပန်းဖြေ အနားယူသူများကို မြင်တွေ့နေရသည်။ 

ပိတ်ရက်များ ဆက်တိုက်ရသည့်အတွက် စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းမှုများ ပြေပျောက်စေရန်အတွက် အပန်းဖြေ ကြသူများ၏ ပျော်ရွင်ဖွယ်ရင်တွင်း စကားသံများကို ပြန်လည်ဖော်ပြအပ်ပါသည်။ 

 

 

 

ဒေါ်နုဝါလှိုင်

ခရေအိမ်ရာ

နေပြည်တော်  

ကျွန်မတို့က နေပြည်တော်မှာ နေတာပါ။  အဒေါ်တွေက ရန်ကုန်ကနေရောက် နေကြတော့ သူတို့လည်း ဒီငလိုက်ဆင်စခန်းကို ရောက်ဖူးချင်ကြတယ်လေ။ ဒါကြောင့် သူတို့ကိုလိုက်ပို့ရင်းနဲ့ ရောက်ဖြစ်တာပါ။ တစ်ခါမှ မရောက်ဘူးပါဘူး။ ရုပ်မြင်သံကြားမှာ တော့ကြည့်ဖူးပါတယ်။ ဒီဆင်စခန်းကို ရောက်တော့ တောလမ်း သဘာဝလေးအတိုင်း ဝင်လာရတော့ စိတ်ထဲမှာ အေးချမ်းသွားတယ်။ အမေနဲ့ သားလည်းပါတဲ့အတွက် အလွန်ပျော်မိတယ်။ ကျွန်မတို့လို မိသားစုရှိတဲ့သူတွေ သားသမီးတွေရဲ့ ကျောင်းပိတ် ရက်တွေမှာဒီကို  လာရောက်လည်ပတ် စေချင်တယ်။ ပျော်ရွင်အေးချမ်းမှုရမယ်လို့ ပြောချင်ပါတယ်။ 

 

 

ဒေါ်တင်တင်ထွေး

အငြိမ်းစားကျောင်းဆရာမ

အင်းစိန်မြို့နယ်  

အန်တီ့ညီမက ပုဗ္ဗသီရိမြို့နယ်မှာ နေတာပါ။ သူက ငလိုက်ဆင်စခန်းကို တီဗွီက နေကြည့်ပြီးတော့ သာယာတယ်ဆိုပြီး အန်တီ့ကို အတင်းခေါ်တာပါ။ သူငယ်ချင်း လည်းရှိတော့ အန်တီလည်းဒီကို လာဖြစ်သွားတာပါ။ အန်တီတို့က နှစ် ၃၀ လုံးလုံး နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့တာပါ။ တခြားသူငယ်ချင်းတွေကို ပြောခဲ့တယ်။ ငါရှေ့ပြေးသွား လိုက်မယ်လို့ပြောပြီး ရောက်လာတာပါ။ တခြားသူငယ်ချင်းတွေက နေပြည်တော်မှာ လည်စရာသိပ်မရှိဘူးလို့ ထင်ကြတယ်။ အန်တီကတော့ ဆင်စခန်းအပြင် ဘုရားတွေ အများကြီးလည်း ဖူးပြီးပြီ။ နောက်တစ်ခါ သူငယ်ချင်းတွေကိုခေါ်ပြီးထပ်လာအုံးမှာပါ။ 

 

 

 

ဒေါ်ခင်အေးမြင့်

ပုဗ္ဗသီရိမြို့နယ် 

ဒီငလိုက်သာဆင်စခန်းကို နယ်ကသူငယ်ချင်းတွေရောက်လာတော့ သွားပြီး လေ့လာအပန်းဖြေကြမယ်ဆိုပြီး ရောက်လာတာပါ။ တစ်ခါမှလည်း မရောက်ဖူးပါဘူး။ ဒီရောက်တော့ သာယာတာတွေ့တော့ ကျန်တဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး  လာဖို့ လှမ်းပြောနေတာပါ။ ဒီမှာ တောရိပ်တောင်ရိပ်တွေနဲ့ဆိုတော့ တော်တော်သာယာတယ်။ ကမ်းခြေလေး လည်းရှိတော့ အပန်းဖြေရတာ တော်တော်လေး စိတ်ချမ်းသာမှု ရပါတယ်။ အခြားသူတွေကိုလည်း လာရောက်အပန်းဖြေကြဖို့ သတင်းစကားပါးဖြစ်မှာပါ။

 

 

မဝါဝါလွင်

ဝန်ထမ်း 

သမီးက ဇာတိက မုံရွာကပါ။ နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေပါတယ်။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဖြစ်ပါတယ်။ ရုံးပိတ်ရက် ရက်ရှည်ဆို ပေမဲ့အိမ်မပြန်ဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်ကတည်း ငလိုက်သာဆင်စခန်း ကို လာမယ်ဆိုပြီး အားခဲထားတာရှိတယ်။ တစ်ခေါက်မှလည်း မရောက်ဘူးဘူးလေ။ ဒီရောက်တော့ အရမ်းပျော်သွားတယ်။ ဆင်လည်းစီးတယ်။ ဆင်တွေကိုလည်း အစာ ကျွေးတယ်။ ဒီရောက်တော့ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး လာလည်ကြဖို့ ပြောလိုက်တယ်။ နေပြည်တော်မှာ လည်စရာတွေ အများကြီးရှိတယ်။  လာကြပါလို့လည်း ဖိတ်ခေါ် ချင်ပါတယ်။ 

 

 

မနုနုအောင်

တောင်ငူ  

သမီးက ပထမ ဘားအံကို သွားဖို့ပါ။ နောက်တော့ အလုပ်ကိစ္စလေးရှိတာကြောင့်  မသွားဖြစ်တော့ဘူးလေ။ အစက နေပြည်တော် ငလိုက်ဆင်စခန်းမှာ ဒီလောက် ပျော်စရာကောင်းပြီး သာယာမယ်လို့မထင်ဘူး။ ဒီရောက်တော့ အတော် ပျော်သွားတယ်။ လာလည်ဖြစ်တာ မှန်သွားတယ်လို့ ပြောလို့ရပါတယ်။ ပိတ်ရက်ရှည်တွေ ရောက်တိုင်း လည်ပတ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်ကဆိုရင် ပြင်ဦးလွင် ရောက်ပါတယ်။ ဒီတစ်ခေါက် ဆင်စခန်းရောက်တာပါ။

  

 

ဦးမင်းစိုး

ယာဉ်မောင်း-၄

နေပြည်တော် တောင်ပိုင်း သစ်ထုတ်လုပ်ရေးဒေသ

ငလိုက်ဆင်စခန်း 

ငလိုက်ဆင်စခန်းကို လာတဲ့သူတွေကို တစ်ယောက်ကို ဝင်ကြေး ၁၀ဝ၀ ကျပ် ကောက်ခံပါတယ်။ ကားပါကင်ကြေးရယ်လိုတော့ ကောက်ခံတာမရှိပါဘူး။ ငလိုက်ဆင်စခန်းကို ရောက်ရင် အမောပြေ၊ အပန်းပြေအနေနဲ့ ဆင်စီးလို့ရပါတယ်။ ဆင်စီးတာကိုတော့ တစ်ယောက်ကို ၃၀ဝ၀ ကျပ် ယူပါတယ်။ တောထဲတစ်ပတ် ပတ်ပေးပါတယ်။ ဒီနေ့ဆိုရင်တောင်သူ လယ်သမားနေ့ဖြစ်လို့ လူဝင်များပါတယ်။ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနဲ့ လာရောက် အပန်းဖြေသူများပါတယ်။ ကြားရက်တွေမှာတော့ လူဝင်နည်းပါတယ်။ ဆင်စခန်းကို မနက်၆နာရီကနေ ညနေ၆နာရီအထိတော့ ဖွင့်ပေးထားပါတယ်။ မနက်၆နာရီဆိုရင် ဆင်တွေကို ကောက်တယ်။ လာတဲ့သူတွေက ဆင်စာကျွေးကြတယ်။ အပန်းဖြေတဲ့သူတွေ စားသောက်လို့ရအောင် စားသောက်ဆိုင်လေး လည်းဖွင့်ပေးထားပါတယ်။ ငလိုက်အပန်းဖြေဟိုတယ်နဲ့ ဆင်စခန်းနဲ့က ရေခြားနေပါ တယ်။ ဟိုတယ်မှာ တည်းတဲ့သူတွေလည်း စက်လှေစီးပြီးတော့ ဒီဆင်စခန်းကိုလာ ရောက်လည် ပတ်ကြပါတယ်။ အနယ်နယ် အရပ်ရပ်လူတွေလည်း ငလိုက်ဆင်စခန်းကို လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 

သတင်း-မီမီဖြိုး၊ ဓာတ်ပုံ-အေးသန်း