ရတနာပုံတက္ကသိုလ်တွင် အမေရိကန်နိုင်ငံ ပညာသင်ဆုလျှောက်ထားခြင်းနှင့် ပညာတော်သင် အခွင့်အလမ်းများဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်

မန္တလေး ၃ သြဂုတ်

 

အမေရိကန်နိုင်ငံ Information Session For U.S Government Sponsored Youth Exchange Programs ပညာသင်ဆုနှင့် Young Southeast Asian Leaders Initiative Program ပညာသင်ဆုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို သြဂုတ် ၂ရက် မွန်းလွဲ ၂နာရီက ရတနာပုံတက္ကသိုလ်ရှိ အမရပူရခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

 

အဆိုပါအခန်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာစီစီခင်၊ ဒေါက်တာတင့်မိုးသူဇာ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စီမံရေးရာဌာနများမှ ဖိတ်ကြားထားသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး အမေရိကန်သံရုံးမှ ပြည်သူ့ရေးရာအရာရှိ John R. Groch, PhD နှင့်  ဒေါ်ကြည်ခိုင်သဲသဲ (YSEALI Coordinator) တို့က ပညာတော်သင် အခွင့်အလမ်းဆိုင်ရာများ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် ဒေါ်ကြည်ခိုင်သဲသဲ(YSEALI Coordinator) က "ဒီကနေ့ ပြုလုပ်တဲ့ပွဲက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ပညာတော်သင် အခွင့်အလမ်းများနှင့်ပတ်သက်ပြီး ပညာတော်သင် လျှောက်ထားရန်အတွက် လိုအပ်တဲ့အချက်အလက်တွေ၊ လျှောက်ထားနိုင်သည့် ဘာသာရပ်ကဏ္ဍတွေ၊ လျှောက်ထားပုံ လျှောက်ထားနည်းများကို လေ့လာခွင့်ရရှိမှာ ဖြစ်တဲ့အတွက် များစွာအကျိုးရှိပါတယ်။ Program တွေကို ဘာ့ကြောင့်လျှောက်ထားသင့်သလဲ၊ ဘယ်လိုလျှောက်ထားရမယ်၊ လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ၊ ဘယ်လိုရွေးချယ်မလဲ၊ Application Form တွေ ဘယ်လိုတင်ရမလဲ ဆိုတာတွေကို အဓိက ရှင်းပြသွားမှာပါ" ဟု ပြောပြသည်။

 

ဆက်လက်ပြီး "ဒီလို Program တွေကို လျှောက်တဲ့အတွက် ပထမဦးဆုံး မိမိတစ်ဦး တစ်ယောက်အတွက် အကျိုးရှိမှာ ဖြစ်သလို ကိုယ့်ရဲ့အတွေ့အကြုံတွေ အကုန်လုံးတိုးတက်လာမယ်။ ဗဟုသုတတွေ၊ ဖန်တီးနိုင်မှုစွမ်းရည်တွေ တိုးတက်မြင့်မားလာမှာဖြစ်ပါတယ်။ အဲဒီကနေ ရရှိလာတဲ့ ပညာရပ်တွေနဲ့ မိမိရဲ့ကျောင်းမှာ၊ တက္ကသိုလ်မှာပြန်ပြီးတော့ ဘာတွေကို ပြန်လည်အသုံးပြုနိုင်မလဲ။ အားလုံးကတော့ အကျိုးရှိတဲ့ ကိစ္စတွေပါ။ လူငယ်ပညာသင်ဆုတွေ ရှိသလို၊ လူကြီးတွေအတွက်လည်း ပညာသင်ဆုတွေ အသီးသီးရှိပြီး ကိုယ့်ရဲ့အခွင့်အလမ်းတွေ ငွေကြေး တစ်စုံတစ်ရာမျှ စိုက်ထုတ်စရာမလိုတဲ့  ဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်တက္ကသိုလ်များကို ကမ္ဘာတစ်ဝှမ်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်အောင် တံခါးဖွင့်ပေးထားခြင်းဖြစ်ပါတယ်။ ယခုအချိန်ထိ အခြေခံအဆင့်၊ တက္ကသိုလ်အဆင့်၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အဆင့်များမှာ မြန်မာပညာတော်သင်အတွက် ထောက်ပံ့ပေးလျှက်ရှိပါတယ်" ဟု ၎င်းက ပြောပြသည်။

 

အဆိုပါ ရှင်းလင်းပွဲတွင် ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးအစီအစဉ်(UGRAD)၊ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် ပညာသင်ဆုအစီအစဉ်(SEAYLP)၊ Jefferson Center (Rgn)-(Mdy) တို့တွင် ကျင်းပ ဆောင်ရွက်နေသည့် ပညာရေးစနစ်များ၊ သင်တန်းများ၊ ပြိုင်ပွဲများ၊ သွားရောက်သင်ကြားလိုသည့် ကျောင်းများရွေးချယ်ခြင်း စသည်တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ ပညာတော်သင်ကိစ္စရပ်ဆိုင်ရာ သိရှိလိုသည်များကို မေးမြန်းကြရာ  Fulbright scholarship Program မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)