ရတနာပုံဈေးမီးလောင်မှု ကျပ်သိန်းပေါင်းတစ်သောင်းကျော်ဆုံးရှုံး မီးလောင်ရသည့် အကြောင်းအရင်းအား ကော်မတီဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမည်

မန္တလေး  ၂၀  ဇန်နဝါရီ 

မန္တလေးမြို့ ၇၈ လမ်း ၃၄ လမ်းထောင့်ရှိ ရတနာပုံဈေး (sky walk) မီးလောင်မှုမှ ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ရတနာပုံဈေး မီးလောင်ရသည့် အကြောင်းအရင်း စိစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ရတနာပုံဈေး Sky walk ပထမထပ်ရှိ ဆိုင်ခန်းပေါင်း ၁၅၅ ခန်း အနက် ၁၂၅ ခန်း မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးအနေဖြင့်  အဆောက်အဦ တန်ဖိုး ကျပ် ၃၃၇၅ ဒသမ ၈၀ သိန်း နှင့် အတွင်းပစ္စည်းဆုံးရှုံးမှု တန်ဖိုး ကျပ် ၆၆၃၄ ဒသမ ၆၀ သိန်း စုစုပေါင်းဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် သိန်းပေါင်း ၁၀ဝ၁၀ ဒသမ ၄၀ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

‌ေ

 

"ရတနာပုံဈေး မီးလောင်မှု အခြေအနေကိုစုံစမ်းဖော်ထုတ်ဖို့  လုပ်ငန်းကော်မတီကို ဒီနေ့မှာ ဖွဲ့စည်းခဲ့တယ်။ အဲဒီကော်မတီထဲမှာ မန္တလေးတိုင်ဒေသကြီး မီးသတ်ဦးစီးဌာနမှူးက ဥက္ကအနေနဲ့ ဆောင်ရွက်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်လျှပ်စစ် အင်ဂျင်နီယာနဲ့ ရတနာပုံဈေး မြေညီထပ်က ဈေးအကျိုးတော်ဆောင်ဥက္ကဌ စတဲ့ ပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ ကော်မတီ ဖွဲ့စည်းထားပါတယ်" ဟု ရတနာပုံဈေးမီးလောင်ရသည့် အကြောင်းအရင်း စိစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးဈေးနှင့် သားသတ်ဌာန ဌာနမှူး ဦးခင်အောင်က ပြောသည်။

အဆိုပါ ဈေးမီးလောင်မှု ဖြစ်ပွားပြီးနောက် ဇန်နဝါရီ လ ၁၈ ရက် မွန်လွဲ ၁ နာရီတွင် Yatanar mall ရှိ ဆိုင်ခန်းရှင် များ၏ ပစ္စည်းများကို သယ်ယူခွင့်ပြုခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်မှစ၍ မီးလောင်ခဲ့သည့် ပထမထပ်နှင့် ဈေးအတွင်း အထပ်အသီးသီးရှိ  ဆိုင်ခန်းရှင်များ၏  ပစ္စည်းများကို သယ်ယူခွင့်ပေးနေကြောင်း သိရသည်။

"ဈေးအတွင်းမှာရှိတဲ့ ဆိုင်ခန်းရှင်အားလုံးရဲ့ ပစ္စည်းတွေ သယ်ယူခွင့်ပေးနေပါပြီ။ သယ်ယူတဲ့နေရာမှာလည်း လုံခြုံမှုရှိအောင် လည်ဆွဲကတ်တွေ ထုတ်ပေးပြီး စနစ်တကျသယ်ယူခွင့် ပေးခဲ့ပါတယ်။ ဒီပစ္စည်းတွေအားလုံး သယ်ယူပြီးစီးသွားမှ ဈေးတစ်ခုလုံးကို သန့်ရှင်းရေး ပြုလုပ်သွားမှာပါ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 အဆိုပါ ရတနာပုံဈေးတွင် ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့ပြီး level 5 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရကာ ဇန်နဝါရီ ၁၈ ရက် နံနက် ၅ နာရီကျော်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)