ရထားသံလမ်း ၂ ကြားပုဆိုးခြုံအိပ်ပျော်နေသူ စက်ခေါင်းကြိတ်မှုဖြစ်ပွား

ပုသိမ် ၁ စက်တင်ဘာ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မီးရထားဘူတာကြီး၌ တာဝန်ပြီးဆုံး၍ စက်ခေါင်းရုံအတွင်း သိမ်းဆည်းရန် မောင်းနှင်လာသော ရထားစက်ခေါင်းက ရထားသံလမ်း ၂ ခု ကြားအိပ်ပျော်နေသူအား စက်ခေါင်းကြိတ်မှု ဖြစ်ပွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ သြဂုတ်လ ၃၁ ရက် ည ၈ နာရီခွဲတွင် အမှတ် ….အစုန်ရထားစက်ခေါင်းအား တာဝန်ကျ လမ်းခွဲကိုင် ဦးစေနိုင်လင်း ဦးဆောင်၍ တာဝန်ရှိသူတို့က ရထားတွဲဆိုင်းက ဖြုတ်သိမ်းပြီး စက်ခေါင်းရုံးသို့ သွင်းရန် စက်ခေါင်းဟွန်းအသံပေးမောင်းထွက်စဉ် ဘူတာကြီးမှ မိုင်တိုင်အမှတ် ၁၉၁/၁၃-၁၄ ကြား၊ အမှတ် ၁ လမ်း၊ MOC ဘဏ်ဘက်ခြမ်းအရောက်တွင် ရထားသံလမ်း ၂ ခုအကြား၌ အကြိမ်ကြိမ်ဟွန်းပေးသော်လည်း ပုဆိုးပုံမှာ လှုပ်ရှားမှုမရှိသဖြင့် သက်မဲ့အဝတ်ထုတ် ပစ္စည်းဖြစ်နိုင်သည်ဟု သတ်မှတ်ပြီး စက်ခေါင်းရုံးအတွင်းသို့ မောင်းနှင်ခဲ့ရာမှ ပုဆိုးခြုံနှင့် အိပ်မောကျနေသူအား ရထားခေါင်းကြိတ်မိသွားခြင်းဖြစ်သည်။ 


ထိုသူမှာ ဆန်းမြင့်ဦး ၂၇ နှစ် ဖြစ်ပြီး ရထားကြိတ်၍ ဒဏ်ရာများရရှိသွားကြောင်း သိရသည်။ 


ထို့ကြောင့် ရထားလမ်းပေါ်တွင် ပုဆိုးခြုံအိပ်မှုနှင့် ရထားကြိတ်ဒဏ်ရာရရှိသူအား ပုသိမ်ရုံပိုင်(တာဝန်ခံ) တာဝန်ကျ ဒုတိယရုံပိုင် ဦးသက်ထွန်းက ဘူတာလုံခြုံရေးတာဝန်ကျ ရဲဒုတပ်ကြပ် မျိုးမင်းဆန်းနှင့် တာဝန်ရှိအသိသက်သေများနှင့်အတူ စစ်ဆေး၍ ပုသိမ်ဆေးရုံသို့ ပို့ဆောင်ကုသပေးပြီး ထိရောက်စွာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ပုသိမ်လှကြည်