ကဗျာဆရာ မင်းချမ်းမွန်
သစ်ရွက်ပေါ်က ပျားရည်စက်များရသအက်ဆေးစုစည်းမှုစာအုပ်
"၁၉၆၉ ခုနှစ်လောက်ကစပြီး ကဗျာရေးခဲ့တာပါ။ ၂၀ဝဝ ပြည့်နှစ်နောက်ပိုင်းလောက်မှ အက်ဆေးတွေဘက် လမ်းကြောင်းပြောင်းတာပေါ့နော်။ ကျွန်တော်က အက်ဆေးကို နောက်ပိုင်းမှ စိုက်ရက်မတ်တပ်ရေးဖြစ်တာ ပေါ့။ ရေးဖြစ်တဲ့အချိန်မှာ အက်ဆေးတွေက တော်တော်စုပုံနေတယ်။ အဲဒါတွေ ပြန်လည်စုစည်းပြီး စာအုပ် တွေ ထုတ်ဖြစ်တာပေါ့။ ကျွန်တော်ထုတ်တာ အက်ဆေး ၄ အုပ်ရှိသွားပြီ။ အခု အမျိုးသားစာပေဆုရွေးချယ်ခံရ တဲ့ သစ်ရွက်ပေါ်က ပျားရည်စက်များရသအက်ဆေးစုစည်းမှုက စတုတ္ထမြောက်ပါ။ ၂၀၁၈ ခုနှစ်မှာ ထုတ်ခဲ့တာ ပါ။ အရင်က စာပေဗိမာန်ဆု ၃ ကြိမ်လောက်ရဖူးပါတယ်။ ထွန်းစာပေဆုကိုလည်း ကလေးကဗျာနဲ့ ရဖူးပါ တယ်။ ပုဂ္ဂလိကပေးတဲ့စာပေဆုတော့ အကြိမ် ၃၀ လောက် ရဖူးပါတယ်။
အက်ဆေးက ကမ္ဘာမှာ အဆင့်မြင့်စာပေပုံသဏ္ဌန်တစ်ရပ်၊ လေးစားလောက်ဖွယ် အရည်အသွေးရှိတဲ့စာလို့ သတ်မှတ်တယ်။ နိုင်ငံတကာမှာဆိုရင် အက်ဆေးရေးတတ်မှ စာရေးဆရာတန်းဝင်တယ်လို့ သတ်မှတ်တဲ့ အစဉ်အလာရှိတယ်လို့ ကျွန်တော်တို့ ကြားဖူးတယ်။ နောက် အက်ဆေးရေးတာ တစ်ချို့က လွယ်တယ်ထင်ကြ တယ်။ ဒါပေမယ့် မလွယ်ပါဘူးဗျာ။ ဆရာမြသန်းတင့်က အက်ဆေးရေးတဲ့လူကတဲ့ ဘဝအတွေ့အကြုံ ဖူလုံမှု ရှိသင့်တယ်၊ စာအတွေ့အကြုံ ဖူလုံမှုရှိသင့်တယ်။ နောက် အကြောင်းအရာတစ်ခုကနေ တစ်ခုကို ဆက်စပ်ပြီး ရေးသားတင်ပြတတ်တဲ့ အတတ်ပညာရှိဖို့ လိုအပ်တယ်။ နောက်တစ်ခုက လှပတဲ့စကားပြေကို ပြေပြေပြစ်ပြစ် ရေးသားနိုင်တဲ့သူ ဖြစ်ရမယ်။ အက်ဆေးကို အရှည်ကြီးလည်း ရေးစရာမလို၊ ခပ်တိုတိုလေးဘဲ ရေးရမယ်လို့ ဆရာမြသန်းတင့်ကတော့ လမ်းညွှန်မှုပြုခဲ့တယ်။ ဆရာအောင်သင်းပြောတာတော့ အက်ဆေးဆိုတာ အင်မ တန်ခက်ခဲ့ပြီးတော့ အလွန်တစ်ရာလွပ်လတ်ပေါ့ပါးတဲ့ စာပေဖြစ်တယ်တဲ့။
ဆရာဇော်ဂျီတို့ ဆရာသိုက်စိုးတို့ ဆရာမြသန်းတင့်တို့လို ဆရာတွေရဲ့ အက်ဆေးတွေဖတ်ပြီး ကျွန်တော်တို့က တဖြေးဖြေးနှစ်သက်လာတယ်။ နောက်ပိုင်းမှာကျတော့ ဆရာကြည်နိုင်၊ ဆရာမောင်ခိုင်လတ်၊ မောင်ယင်းမာ (ကျုံးကူး) တို့၊ ကျွန်တော်တို့နဲ့ခေတ်ပြိုင်အက်ဆေးရေးတဲ့သူတွေ အများကြီးပါ။ သူတို့ရဲ့ အက်ဆေးတွေဖတ် ပြီး ကျွန်တော်တို့လည်း အက်ဆေးကို ချစ်တတ်သွားတာပေါ့။ အဲဒါကြောင့်လည်း ကဗျာတောင်အရေးနည်းနည်းကျဲပြီး အက်ဆေးကိုပဲ စိုက်ရက်မတ်တပ်ရေးဖြစ်တဲ့အနေအထား ရောက်သွားတာပါ"
ဆရာမင်းချမ်းမွန်၏ အမည်ရင်းမှာ ဉီးသိန်းစိုးဖြစ်ပြီး မွန်ပြည်နယ် ဘီလူးကျွန်း၊ ကညှော်ရွာဇာတိဖြစ်ကာ အဖ ဉီးအေးမောင်၊ အမိ ဒေါ်ဖွားရှင်တို့က ဖွားမြင်ခဲ့သည်။ မွန်တိုင်းရင်းသားတစ်ဉီးဖြစ်ပြီး ကညှော်ရွာ အလက၊ မော်လမြိုင် အထက(၁)နှင့် မော်လမြိုင်တက္ကသိုလ်တွင် ညနေပိုင်းသင်တန်းတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် မင်းချမ်းမွန်(ဘီလူးကျွန်း)အမည်ဖြင့် စာပေလောကသို့ ကဗျာဖြင့် ဝင်ရောက်လာခဲ့သည်။ ရဲရင့်မှိုင်း၊ လူထိပ်၊ ကိုခေတ် စသည့် ကလောင်အမည်တို့ဖြင့် မဟေသီ၊ ရယ်စရာ၊ ပြုံးစရာ ၊ လှိုင်းသစ်မဂ္ဂဇင်း တို့တွင် လစဉ်ဖတ်ညွှန်းနှင့် အခြားစာနယ်ဇင်းများ၌လည်း စာပေရေးရာများ ရေးသားခဲ့သည်။
ယခုအခါ ဆရာသည် SKY NET Entertainment Department, Unit 2 ၌ Executive Producer အဖြစ်တာ ဝန်ထမ်းဆောင်ရင်းဇနီးသည်နှင့်အတူ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြသီတာလမ်း၊ ယုဇနအိမ်ရာအပိုင်း(၁)၊ တိုက် အမှတ် ၃၀၊ အခန်း ၁၀၈ တွင် နေထိုင်လျက်ရှိသည်။


