ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း

နေပြည်တော် ၂၈ ဧပြီ

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် ၂၀၁၃ ခုနှစ်က စတင်ခဲ့သည့် စီမံကိန်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် ပထမအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် တရုတ်နိုင်ငံက စတင်အဆိုပြုခဲ့သည့် စီမံကိန်းဖြစ်သဖြင့် ပြည်သူများအနေဖြင့် တရုတ်နိုင်ငံက ပြုလုပ်သည့် စီမံကိန်းဟု ထင်မြင်ကြပေလိမ့်မည်။ အမှန်တကယ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ကျော်ခန့်က ကမ္ဘာ့အရှေ့နှင့် အနောက်အကြား ဆက်သွယ်ရေးလမ်းကြောင်းနှင့် ကုန်သွယ်ရေး တံခါးပေါက်များကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့် ရှေးဟောင်းပိုးလမ်းမစီမံကိန်းကို အသစ်တစ်ဖန် မွေးဖွားပေးလိုက်ခြင်းသာဖြစ်သည်။

ရှေးဟောင်းပိုးလမ်းမကြီးသည် ကမ္ဘာ့အရှေ့နှင့် အနောက်အကြား မိုင်ပေါင်းထောင်ပေါင်းများစွာ ဆက်သွယ်ထားသော ကုန်သွယ်ရေးလမ်းမ ကြီးဖြစ်သည်။ ကမ္ဘာသည် ရွာကြီးတစ်ရွာဖြစ်ပြီး ကမ္ဘာ့ရွာကြီးတွင် အချင်းချင်း ထိတွေ့ဆက်ဆံခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်သည် ဟူသော မျက်မှောက်ကာလ၏ အယူအဆသည် လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော် ကာလကတည်းက ဖြစ်တည်ခဲ့သည့်အချက်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။

ရှေးဟောင်းပိုးလမ်းမစီမံကိန်းကို ပြန်လည်ဆန်းသစ်သည့် အမြင်နှင့်အတူ မိတ်ဆက်ပေးနိုင်ခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် ဂုဏ်ပြုအသိအမှတ်ပြုထိုက်သူ ပုဂ္ဂိုလ်ဖြစ်ပေသည်။ ရှေးခေတ်ဦးကာလက နိုင်ငံပေါင်းစုံ ၊ လူမျိုးပေါင်းစုံတို့နှင့် ထိတွေ့ဆက်ဆံပြီး ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုတို့ကို ကူးလူးဆက်နွှယ်ဖလှယ်နိုင်ခဲ့သည့် ပိုးလမ်းမကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မျက်မှောက်ကာလတွင် ဦးဆောင်အကောင်အထည်ဖော် ပြန်လည်အသက်သွင်း လိုက်သောအခါတွင် ကမ္ဘာ့နိုင်ငံ ၆၀ ကျော် ပါဝင်ပတ်သက်လျက်ရှိပြီး အခြေခံအဆောက်အဦ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မည့် ကျယ်ပြန့်သောအစီအစဉ်ကြီးတစ်ခု ဖြစ်လာသည်။

မြန်မာနိုင်ငံအနေဖြင့် ကီလိုမီတာ ၂၀ဝ၀ ကျော် နယ်နိမိတ်ချင်း ထိစပ် နေသည့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ဘက်စုံနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိန်းသိမ်းဆောင်ရွက်နေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှတို့နှင့် ကုန်းမြေတို့ ပေါင်းကူးတံတားသဖွယ် တည်ရှိနေသည့်အပြင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံတို့ကဲ့သို့ စီးပွားရေး ဈေးကွက်ကြီးမားသည့် နိုင်ငံများနှင့်လည်း နီးကပ်စွာ ဆက်ဆံလျက်ရှိသည်။

ထိုသို့သော အခြေအနေအချိန်အခါတွင် မြန်မာနိုင်ငံအနေဖြင့် ရပ်ဝန်း နှင့်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခွင့်ရသည်မှာ အခွင့်အလမ်းကောင်းများကို ရရှိလိုက်ခြင်းပင်ဖြစ်သည်။ ယင်းသို့ပါဝင်ဆောင်ရွက်ရာ ၌ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်အပါအဝင် မိမိတို့ အကြား သဘောတူညီထားတဲ့ လမ်းညွှန်မူဝါဒများကိုကိုင်စွဲပြီး BRI  မှာ ပါဝင်ဆောင်ရွက်တဲ့ နိုင်ငံများအကြား  တူညီဆန္ဒတည်ဆောက်နိုင်ပါက အရည်အသွေးမြင့်မားသော ပူးပေါင်းဆောင်ရွက်မှုကို သေချာစွာဖြစ်ပေါ် စေမယ်လို့ မြန်မာနိုင်ငံအနေဖြင့် ရှုမြင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆင့်မြင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

စီမံကိန်းတွင်ပါဝင်သည့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ဦးစားပေး စီမံကိန်းများနှင့် ကိုက်ညီရန် လိုအပ်ပြီး စီးပွားရေးသာမက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်သိမှုကိုအခြေခံ၍ စီမံကိန်းများ၏ ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ ဒေသခံပြည်သူများ၏ ယုံကြည်ထောက်ခံမှုကို ရရှိဖို့လိုအပ်ပေသည်။ ယခုစီမံကိန်းတွင်ပါဝင်သည့် နိုင်ငံများ၏ ပြည်သူများ ယုံကြည်အောင် ဆောင်ရွက်နိုင်မှသာ စီမံကိန်းရည်မှန်းချက်များ အောင်မြင်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးပြောကြားထားသည်။

သို့ဖြစ်ရာ ရည်ရွယ်ချက်ကောင်းမွန်သော ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး နိုင်ငံများ၏ မျိုးဆက်သစ်များအား လက်ဆင့်ကမ်း အမွေပေးဝေနိုင်ရေးအတွက် ပြည်သူများ ယုံကြည်ထောက်ခံမှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုတို့ကို ခိုင်မာစွာ တည်ဆောက်ရမည်ဖြစ်ပါကြောင်း။

ကြေးမုံ