ရှပ်ရှင်ဇာတ်လမ်းများကပေးတဲ့ ဘဝသင်ခန်းစာ

ကောင်းမွန်

 

သင်တို့၏ ပုံပြောနိုင်သည့်စွမ်းရည် တိုးတက်ဖြစ်ပေါ် လာစေရန် လေ့ကျင့်ပါ

ကျွန်ုပ်တို့ဟာ ဟောလိဝုဒ်လို့ ပြောဆိုကြတဲ့အခါ ရုပ်ရှင်ဇာတ်ကားတွေက တင်ဆက်တဲ့ စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့၊ ပြဇာတ်ဆန်တဲ့၊ ရယ်မောဖွယ်ရာကောင်းတဲ့ ဇာတ်လမ်းတွေကို ဦးစွာ အမှတ်ရလေ့ရှိကြပါတယ်။

ဇာတ်ညွှန်းရေးဆရာတစ်ဦးဖြစ်သူ ရောဘတ်မက်ကီးက ရုပ်ရှင်ဇာတ်လမ်းတွေဟာ အမှန်တကယ်တော့ ဘဝကိုတီထွင်ဆန်းသစ်တဲ့ အနေအထားနဲ့ ပိုမိုအားကောင်းတဲ့၊ ပိုမိုရှင်းလင်းပြတ်သားတဲ့၊ အဓိပ္ပာယ် ပိုမိုပြည့်ဝတဲ့ အတွေ့အကြုံမျိုးအဖြစ် အသွင်ပြောင်းလဲထားခြင်းဖြစ်တယ်လို့ ပြောကြားဖူးပါတယ်။ ရုပ်ရှင် ဇာတ်လမ်းတွေဟာ လူတို့ရဲ့ ထိတွေ့ဆက်ဆံမှုလို့လည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။

ရုပ်ရှင်သရုပ်ဆောင်တွေဟာ ကြီးကျယ်ကောင်းမွန်တဲ့ ဇာတ်လမ်းတွဲတွေရဲ့တန်ဖိုးကို ကောင်းမွန်စွာ နားလည်ကြသလို အဲဒီဇာတ်လမ်းတွေကို သက်ဝင်လှုပ်ရှားလာအောင် ပြုလုပ်ဖို့အရေးကြီးတဲ့အချက်ကို ကောင်းစွာသဘောပေါက်ကြပါတယ်။

မူလဆောင်းပါးရှင်ဟာ စီးပွားရေးခေါင်းဆောင်တွေ၊ အရောင်းကိုယ်စားလှယ်တွေကို သင်ကြားရတဲ့အခါမှာ ၎င်းတို့အနေနဲ့ ဇာတ်လမ်းတွေကိုအသုံးပြုပြီး လေ့ကျင့်ဖို့၊ ဦးဆောင်ဖို့၊ ပြန်လည်အသုံးချဖို့ မှာကြားလေ့ရှိပါတယ်။ အချို့သောပုဂ္ဂိုလ်တွေအတွက် ဇာတ်လမ်းပုံပြင်ပြောကြားခြင်းဟာ မွေးရာပါ အတတ်ပညာတစ်ရပ်လို တတ်ကျွမ်းနေတတ်ပြီး ဇာတ်လမ်းပုံပြင်ပြောကြားတာကို ထမင်းစား၊ ရေသောက်သလိုမျိုး လုပ်ဆောင်နိုင်ကြ ပါတယ်။ နံနက်ခင်း လက်ဖက်ရည်ဝိုင်းမှာ ဆုံကြတဲ့အခါမှာ အများက ယင်းကဲ့သို့ပုဂ္ဂိုလ်မျိုးတွေရဲ့ နောက်ဆုံးပေါ် ပုံပြင်ဇာတ်လမ်းဆန်ဆန် အတွေ့အကြုံတွေကို ကြားသိလိုကြပါတယ်။

ဇာတ်လမ်းပုံပြင်ကို ကောင်းစွာပြောကြားပါ

တစ်ဦးတည်းသော ပရိသတ်ဖြစ်စေ၊ ထောင်နဲ့ချီ တဲ့ ပရိသတ်ဖြစ်စေ၊ ကောင်းမွန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အဆင်မပြေစွာ နားထောင်ရခြင်းထက် သာမန်ရိုးစင်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောင်မြောက်စွာ ကြားနာရ တာကို ပိုမိုနှစ်သက်တတ်ကြပါတယ်။

လုပ်ငန်းကုမ္ပဏီ အမှုဆောင်တွေ ပြောကြားမယ့် မိန့်ခွန်းတွေအတွက် လမ်းညွှန်မှုပေးရခြင်းဟာ မူလဆောင်းပါးရှင်ရဲ့ လုပ်ငန်းပိုင်းမှာ စိတ်လှုပ်ရှားဖွယ် အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။ တစ်ချိန်မှာ ကုမ္ပဏီ လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ဆက်ရမယ့် ပုဂ္ဂိုလ်တစ်ဦးက စာရင်းအင်းအချက်အလက် စာရွက် စာတမ်းတွေကို မူလဆောင်းပါးရှင်ထံယူလာပြီး အဆိုပါ ကိန်းဂဏန်းတွေဟာ ၎င်းတင်ဆက်လိုတဲ့ အကြောင်းအရာပင်ဖြစ်ကြောင်း ပြောကြားပါတယ်။

မူလဆောင်းပါးရှင်က ဘယ်အတွက်ကြောင့် ၎င်းရဲ့ ပရိသတ်အနေနဲ့ အဆိုပါ ကိန်းဂဏန်းတွေကို မိန့်ခွန်းအဖြစ် ကြားသိသင့်တယ်၊ မိန့်ခွန်းရဲ့ မည်သည့် အစိတ်အပိုင်းဟာ ပရိသတ်အတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်လိမ့်မယ်၊ မိန့်ခွန်းရဲ့ အဓိကအင်္ဂါရပ်ဖြစ်တဲ့ဇာတ်လမ်း၊ တစ်နည်းအားဖြင့် မိန့်ခွန်းပြောကြားသူနဲ့ နားထောင်သူ ပရိသတ်တွေအကြား လူသားဆန်ဆန် ဆက်သွယ်မှုအပိုင်းကို ဘယ်ပုံဘယ်နည်း ရှာဖွေဖော်ထုတ်သွားမယ်ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။

ယင်းနောက် မှာတော့ အဆိုပါပုဂ္ဂိုလ်နဲ့ မူလဆောင်းပါးရှင်တို့ဟာ စိတ်လှုပ်ရှားဖွယ်ရာ တစ်ချက်မှမရှိတဲ့ စာရင်းအင်း၊ ကိန်းဂဏန်းတွေဟာ ဘယ်အကြောင်းအရာတွေကို ကိုယ်စားပြုကြောင်း စိတ်ဝင်စားဖွယ် တင်ဆက်နိုင်ရေးအတွက် ပြင်ဆင်ခဲ့ကြရပါတယ်။

များသောအားဖြင့်လူတို့ဟာကျွန်ုပ်တို့ပြောကြားလိုက် တဲ့ စကားလုံးတွေထက် ၎င်းတို့ နားထောင်နေတဲ့အချိန်မှာ စိတ်ထဲမှာ ပေါ်လွင်ထင်ဟပ်လာတာတွေကိုသာ ပိုမို အမှတ်ရလေ့ ရှိကြပါတယ်။

အထောက်အကူပြု ဇယားအချပ်များအပေါ် လုံးလုံး လျားလျား အားကိုးသင့်-မသင့်

စာဖတ်သူတို့အနေနဲ့ ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ရာမှာ အထောက်အကူပြု ဇယားအချပ်များအပေါ် လုံးလုံးလျားလျား မှီခိုအားထားခြင်း မပြုသင့်ပေ။

မကြာသေးမီက မိန့်ခွန်းပြောကြားမှုအတွက် လေ့ကျင့်ပေးတဲ့ သင်ခန်းစာတစ်ရပ်မှာ မူလဆောင်းပါးရှင်က သင်တန်းသားတစ်ဦးအား ၎င်းတင်ဆက်ခဲ့တဲ့ အကြောင်းအရာကိုသားနားလှတဲ့လေးရောင်ခြယ်ဂရပ်တွေ ရဲ့ အထောက်အကူမပါဘဲ တစ်ကြိမ်ပြန်လည်တင်ဆက်ဖို့ အကြံပြုခဲ့ပါတယ်။ အဲဒီသင်တန်းသားကလည်း မြင်ကွင်း အထောက်အကူပြုဂရပ်တွေကို အသုံးမပြုဘဲ ၎င်းပြောကြားလိုတဲ့ အကြောင်းအရာကို ပြန်လည်တင်ဆက်ခဲ့ရာမှာ ပရိသတ်အားလုံးက ဒုတိယအကြိမ် ပြန်လည်တင်ဆက် မှုဟာ ပထမအကြိမ်ထက် ပိုမိုထိရောက်ပြီး ပိုမိုစိတ်ဝင်စား ဖွယ်ကောင်းကြောင်း တညီတညွတ်တည်း မှတ်ချက် ပြုခဲ့ကြပါတယ်။

သို့ဖြစ်၍ တင်ဆက်မှု ပြုလုပ်တဲ့အခါမှာ အထောက်အကူပြု ပစ္စည်းကိရိယာတွေကို အသုံးမပြုဖို့ တိုက်တွန်းခြင်း လားဟု မေးခွန်းထုတ်နိုင်ပါတယ်။

ယင်းကဲ့သို့ ဆိုလိုခြင်းလည်း မဟုတ်ပါ။ သို့ရာတွင်စာဖတ်သူတို့အနေဖြင့် မိမိတို့ ပြောကြားလိုတဲ့ အကြောင်း အရာနဲ့ပတ်သက်ပြီး ဘယ်လိုအချက်တွေက အဓိကကျပြီး ယင်းအချက်တွေကို ဘယ်လိုအကောင်းဆုံး တင်ဆက်မယ်ဆိုတာကို ရှေးဦးစွာဆုံးဖြတ်ဖို့ လိုပါတယ်။ မိမိတို့ တင်ဆက်လိုတဲ့ အကြောင်းအရာအပေါ်မူတည်ပြီး လိုအပ်လာတဲ့အခါ အထောက် အကူပြုပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။

ကုမ္ပဏီလုပ်ငန်းအုပ်စုတစ်စုက ၎င်းတို့အနေနဲ့ ပါဝါပွိုင့် တင်ဆက်မှုအကွက် (Power Point slide) (၄၀) လောက် အသုံးပြုပြီး တစ်ကွက်နဲ့တစ်ကွက်အကြား ဘယ်လိုအကြောင်းအရာကို ထည့်သွင်းပြောကြားဖို့ စဉ်းစားရခြင်းထက် မိမိတို့ တင်ဆက်လိုတဲ့ အကြောင်း အရာအလိုက် အထောက်အကူပြုစေမယ့် ပစ္စည်းတွေကို အသုံးပြုခြင်းက ပိုမိုကျိုးကြောင်းဆီလျော်ကြောင်းမှတ်ချက်ပြုခဲ့ဖူးပါတယ်။

ပရိသတ်နဲ့ ဆက်သွယ်ခြင်း

စာဖတ်သူတို့အနေနဲ့ ပရိသတ်နဲ့ အတတ်ပညာ ပိုင်းအရသာမက ခံစားမှုပိုင်းအရပါ ဆက်သွယ်ခြင်းပြုသင့် ပါတယ်။ သို့ဖြစ်၍ အကြောင်းအရာတစ်ခုကို တင်ဆက်တဲ့အခါ မိမိတို့ရဲ့ မှတ်စုမှတ်တမ်းတွေကိုသာ တစ်ချိန်လုံးလိုလို ကြည့်မနေသင့်ဘဲ နားထောင်နေသူတွေနဲ့လည်း ထိတွေ့နေမှု ပြုသင့်ပါတယ်။

ပါဝါပွိုင့်တင်ဆက်မှုကို အသုံးပြုတော့မယ်ဆိုရင်လည်း တင်ဆက်မှုအကွက်တွေမှာ ဖော်ပြလိုတဲ့အကြောင်း အရာတွေကို တတ်နိုင်သမျှ အနည်းဆုံးသာ ဖော်ပြသင့်ပါတယ်။ ပရိသတ်ဟာ သင်တို့တင်ဆက်မယ့် ဇာတ်လမ်း အကြောင်းအရာကို နားထောင်လိုခြင်းသာဖြစ်ပြီး ပါဝါပွိုင့်တင်ဆက်မှုအကွက်များကို ဖတ်ရှုဖို့ လာရောက် နားထောင်နေတာ မဟုတ်ကြောင်း အမှတ်ရနေသင့် ပါတယ်။

သင်တို့ရဲ့ ဇာတ်လမ်းအကြောင်းအရာတွေကို ပရိသတ်ရဲ့ စိတ်ဝင်စားမှု၊ ၎င်းတို့ရဲ့ လိုလားချက်၊ လိုအပ် ချက်တွေနဲ့ ဆက်စပ်ထားသင့်ပါတယ်။ ဥပမာအားဖြင့် သင့်အနေနဲ့ အရောင်းအဝယ် ဝန်ထမ်းတွေနဲ့ ထိတွေ့ ပြောကြားနေခြင်းဖြစ်ပါက သင်ရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေဟာ သုံးစွဲသူတွေကို ဘယ်လိုစိတ်ကျေနပ် မှုပေးနိုင်ကြောင်း စတဲ့ ဇာတ်လမ်းတွေကို ရွေးချယ်အသုံး ပြုသင့်ပါတယ်။

၎င်းတို့ရဲ့ မှတ်ချက်တွေ၊ အကြံပြုချက်တွေကို သင်တို့ရဲ့ ဇာတ်လမ်းတွေမှာ ကျေနပ်ဖွယ်၊ စိတ်လှုပ်ရှား ဖွယ် ဆွေးနွေးပြောကြားမှုအနေမျိုး အသုံးပြုသင့်ပါတယ်။

ဟောလိဝုဒ်ရဲ့ စံနှုန်းနဲ့အညီ အောက်ပါ ပုံသေနည်းကို အသုံးပြုနိုင်ဖို့ ဖော်ပြလိုက်ပါတယ်

- စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်လမ်းကို စတင်ပါ။

- စိတ်လှုပ်ရှားဖွယ် အပြန်အလှန် ပြောကြားချက်ကို ထည့်သွင်းပါ။

- ဇာတ်လမ်းမှ အတုယူသင့်တဲ့ သင်ခန်းစာတစ်ခု နဲ့ အဆုံးသတ်ပါ။

လူတို့ဟာ အရောင်းအဝယ်နဲ့ပတ်သက်တဲ့ တင်ဆက်မှုတွေကို ကြံ့ကြံ့ခံ ငြင်းဆိုကောင်း ငြင်းဆိုနိုင်ပါ လိမ့်မယ်။ သို့ရာတွင် ကောင်းကောင်းမွန်မွန် တင်ဆက် ပြောကြားလာတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ငြင်းဆိုဖို့ ခဲယဉ်းမယ်ဆိုတာကို အမှတ်ရနေသင့်ပါတယ်။

Ref: Fripp, Patricia. 'Lessons from the Movies.'

The Star 9 Nov. 2010: StarClassifieds

 

ကြေးမုံ