ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် လက်စွဲစာစောင်များ ဖြန့်ဝေ 

နေပြည်တော် ဇွန်

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးသည် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရား၏ အခြေခံ အကျဆုံးဖြစ်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် လက်စွဲစာစောင်ကို ရပ်ကျေးအားလုံးလက်ဝယ်အရောက် ဖြန့်ပေးပြီး နောက်တစ်ဆင့် Mobile App အထိ ရအောင် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့တွင် ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် လက်စွဲစာစောင်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မေလတွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လက်စွဲစာအုပ်ထုတ်ဝေရခြင်းနှင့်စပ်လျဉ်း၍ပြည်သူနှင့်အတူဟူသော ဆောင်ပုဒ်နှင့်အညီ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့၍ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရသော ပြည်သူ့ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးသည် နိုင်ငံတော် အုပ်ချုပ်ရေးယန္တရား၏ အခြေခံအကျဆုံးဖြစ်သောကြောင့် အုပ်ချုပ်ရေးအခြေခံအုတ်မြစ် ခိုင်ခံ့စေရန် အုပ်ချုပ်ရေးမှူးများ၏ ဆောင်ရွက်ချက်များသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်မှာ အရေးကြီးသောအချက်ဖြစ်ကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာနယ်မြေများမှ တည်ဆဲဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူများဖြစ်ပြီး ဥပဒေပါ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ရည်ညွှန်းကိုးကားနိုင်ရန် ဤလက်စွဲစာစောင်ကို ပြုစုထုတ်ဝေရခြင်းဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းလက်စွဲစာစောင်တွင် အုပ်ချုပ်ရေးနယ်မြေများဖွဲ့စည်းမှု၊ အုပ်ချုပ်ရေးသမိုင်း၊ အုပ်ချုပ်ရေးမှူးများ ရွေးချယ်/ ခန့်အပ်/ တာဝန် ပေးအပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရုံးလုပ်ထုံးလုပ်နည်းများနှင့် ရပ်ကွက်တွင်းနေထိုင်သူများ လိုက်နာရမည့်အချက်များ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ အုပ်ချုပ်ရေး/ စီးပွားရေး/ မြေယာ/ လူမှုရေးဆိုင်ရာ လုပ်ငန်းတာဝန်များနှင့်ဆက်စပ်သည့် ကိစ္စရပ်များဖြင်း အခန်း ၁၀ ခန်းပါဝင်သည်။

မှန်ကန်စွာ ရည်ညွှန်းကိုးကားဆောင်ရွက်ခြင်းဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးသည် ပိုမိုထိရောက် အားကောင်းလာမည့်အပြင် မြို့နယ်/ ခရိုင်အုပ်ချုပ်ရေး လုပ်ငန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအထိ များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထက်လျှံ