ရန်ပုံငွေ ကျပ်သန်း ခြောက်သောင်းငါးထောင်ကျော်ဖြင့် ကန့်ဘလူမြို့နယ် ဖွံ့ဖြိုးရေး ဆောင်ရွက်မည်

ကန့်ဘလူ ၃ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ကျပ်းသန်း ၅၇၅၇၉ ဒသမ ၂၁၄၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၈၀၆၅ ဒသမ ၃၃၆ စုစုပေါင်း ကျပ်သန်း ၆၅၆၄၄ ဒသမ ၅၅ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ သိရသည်။

 

ကန့်ဘလူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ရုံးအဆောက်အအုံသစ်များ ဆောက်လုပ်ခြင်း၊ သဖန်းဆိပ်ဆည် ရေသောက်စနစ်များပြုပြင်ခြင်း၊ စက်ကိရိယာ တန်ဆာပလာများဝယ်ယူခြင်း၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ၊ ရေပေးရေးနှင့် ရေသန့်စင်စနစ်များ တည်ဆောက်ခြင်း၊ မွမ်းမံခြင်း၊ ကျေးလက်ရေပေးရေး(တွင်းနက်)၊ Box Culvert များ တည်ဆောက်ခြင်း၊ ချပ်သင်းဘေးမဲ့တောကင်းစခန်း (ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး) တည်ဆောက်ခြင်း၊ အထူးစိမ်းလန်းစိုပြည်ရေး သစ်ပင်များစိုက်ပျိုးခြင်း၊ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးပေးခြင်း၊ ပင်မဓာတ်အားခွဲရုံနှင့် မဟာဓာတ်အားလိုင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခြေခံပညာကျောင်းများတွင် အန္တရာယ်ရှိကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက် လုပ်ခြင်း၊ ကျောင်းသားဦးရေအရ အသစ်တိုးချဲ့တည်ဆောက်ခြင်း၊ ချောင်းကူးတံတား တည်ဆောက်ခြင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်း၊ စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း၊ OMC မြောင်းများတွင် မြောင်ဖြတ်ကူး/ လမ်းဖြတ်ကူး တံတားများ တည်ဆောက်ခြင်း/ ပြုပြင်ခြင်း၊ ကန်ဘောင်များမြှင့်တင်ခြင်း၊ ရေတံခါးများတပ်ဆင်ခြင်း၊ လျှပ်စစ်ရေတင်လုပ်ငန်း အပြီးသတ်ဆောင်ရွက်ခြင်း၊ ရုံးသုံးပရိဘောဂများ ဝယ်ယူခြင်း၊ စက်ကိရိယာတန်ဆာပလာများ ဝယ်ယူခြင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ တိုးချဲ့တည်ဆောက်ခြင်း၊ ရွှေဘို-မြစ်ကြီနားလမ်း တိုးချဲ့၍ ကတ္တရာ ထပ်ပိုးလွှာလောင်းခြင်း၊ အမာခံလမ်းပုခုံးများ ပြုလုပ်ခြင်း၊ ကျေးရွာချင်းဆက်လမ်းများ (မြေ+ဂျင်း) ခင်းခြင်း၊ ကျောက်ချောခင်းခြင်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ မြို့ပေါ်လမ်းများ ကတ္တရာခင်းခြင်း၊ ထပ်ပိုးလွှာခင်းခြင်း၊ မြို့ရေပေးရေးပိုက်လိုင်းများ အစားထိုးလဲလှယ်ခြင်းနှင့် ဂိတ်ဘားများပြုပြင်ခြင်း၊ Box Culvert တည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်းများပြုလုပ်ခြင်း၊ ကျေးရွာရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)