ရွန်းနီ တာဝန်ယူကိုင်တွယ်နေသည့် ဒါဘီအသင်း အင်္ဂလန် တတိယတန်းအဆင့်ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရ

နည်းပြရွန်းနီ တာဝန်ယူကိုင်တွယ် နေတဲ့ ဒါဘီအသင်းဟာ ဧပြီ ၁၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ ပွဲစဉ်(၄၃)မှာ ကျူပီအာအသင်းကို ရှုံးနိမ့်ခဲ့ရတာကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲ ကနေ အင်္ဂလန်ရဲ့ တတိယတန်းအဆင့် ပြိုင်ပွဲဖြစ်တဲ့ လိဂ်ဝမ်းပြိုင်ပွဲသို့ တန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။

ကျူပီအာအသင်းနဲ့ ဒါဘီအသင်းတို့ ပွဲစဉ်မှာ ကျူပီအာအသင်းက ပွဲကစားချိန် ၈၈ မိနစ်မှာ သွင်းယူခဲ့တဲ့ လူကီအာမို့စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒါဘီအသင်းဟာ ၃၆ နှစ်တာ ကာလအတွင်း လိဂ်ဝမ်းသို့ ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာလည်းဖြစ်ပါတယ်။ လူကီအာမို့စ်ဟာ ဒါဘီအသင်းနဲ့ ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ယခုနှစ်ဘောလုံးရာသီမှာ ကျူပီအာအသင်းနဲ့ အတူ သွင်းဂိုးခြောက်ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ကျူပီအာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒါဘီအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ လောရန့်စ် ဟာလည်း ပွဲပြီးကာနီးမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါဘီအသင်း လိဂ်ဝမ်းသို့ တန်းဆင်းသွားခဲ့ရပေမယ့် ကျူပီအာအသင်းကတော့ ဒါဘီအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာကို တက်လှမ်းခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါဘီအသင်းဟာ ချန်ပီယံရှစ်ပွဲစဉ် ၄၃ ပွဲကစားပြီးချိန်မှာ ၁၃ ပွဲနိုင်၊ ၁၃ ပွဲသရေ၊ ၁၇ ပွဲရှုံးရလဒ်နဲ့ ရမှတ်စုစုပေါင်း ၃၁ မှတ်သာရရှိခဲ့တာဖြစ်ပြီး ချန်ပီယံရှစ် အမှတ်ပေးဇယားအဆင့် ၂၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါဘီအသင်းဟာ လိဂ်ဝမ်းသို့ တန်းဆင်းသွားခဲ့ရပြီဖြစ်တာကြောင့် ရွန်းနီရဲ့ ဒါဘီအသင်းနဲ့ အနာဂတ် ဟာလည်း မသေချာတော့တဲ့အတွက် ရွန်းနီဟာ နည်းပြလက်မဲ့ဖြစ်နေတဲ့ ပရီမီယာလိဂ်ကလပ် ဘန်လေအသင်းရဲ့ နည်းပြဖြစ်လာဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ရွန်းနီရဲ့ လက်ရှိကလပ် ဒါဘီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်ကျော် ကျန်ရှိ နေသေးတာဖြစ်ပါတယ်။ ရွန်းနီကို ယခုဘောလုံးရာသီအစောပိုင်းက အဲဗာတန်အသင်းက နည်းပြအဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ရွန်းနီအနေနဲ့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

ငွေကြယ်