ရန်မာန်ကင်း၍ ငြိမ်းအေးစေသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်

အလင်းသစ်

မြန်မာနိုင်ငံသာမက ကမ္ဘာသို့တိုင် မင်္ဂလာသတင်းသင်းပျံ့မွှေးခဲ့သော ထေရဝါဒဗုဒ္ဓသာသနာတော်၏ ပြယုဂ်ဖြစ်သည့် မာရဝိဇယစကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပြီးကတည်းက တိုင်းသူပြည်သား ကမ္ဘာသူကမ္ဘာသားတို့ ငြိမ်းချမ်းစွာရှင်သန်ရပ်တည်ရေးအကျိုးငှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်ကို သတင်းမီဒီယာများက အထင်အရှားရေးသားဖော်ပြကြသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ပလ္လင်တော်အမြင့်မှာ ၁၈ ပေရှိပြီး ရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၆၃ ပေရှိသည်။ ရုပ်ပွားတော်နှင့် ပလ္လင်တော်စုစုပေါင်း ဉာဏ်တော်အမြင့်မှာ ၈၁ ပေရှိသည်။ ရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်ကြီး၏ စုစုပေါင်းအလေးချိန်မှာ ၅၂၉၂ တန်ရှိပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဘွဲ့တော်အမည်ရ စကျင်ကျောက်ဆစ် ရုပ်ပွားတော်မြတ်ကြီးအား နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားတော်မူခဲ့ကာ အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ခဲ့ချိန်မှစ၍ ယနေ့တိုင် နေ့စဉ်မပြတ် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များဖြင့် အထူးစည်ကားလျက်ရှိသည်။

မာရဝိဇယ ဘွဲ့တော်အမည်သည် “မာရ်နတ်မင်း၏ အနှောင့်အယှက် အန္တရာယ် ရန်စွယ်အပေါင်းကို အထူးအောင်မြင်တော်မူသော မြတ်စွာဘုရား” ဟု အဓိပ္ပာယ်ရသည်။

ထုဆစ်တည်ထား

ရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်တည်ထားရာတွင် ဦးဆောင်ဘုရား ဒါယကာသည် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၏ လမ်းညွှန်ချက်များ၊ သာသနာတော်ထုံး၊ စေတီပုထိုး ရုပ်ပွားဆင်းတုတော်များထုံး၊ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာများနှင့်အညီ မြတ်စွာဘုရားရှင်၏ လက္ခဏာကြီး ၃၂ ပါး၊ လက္ခဏာငယ်အပါး ၈၀ တို့နှင့် ပြည့်စုံစေလျက် ကျွမ်းကျင်ပညာရှင်များဖြင့် သပ္ပာယ်စွာ ထုဆစ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သဗ္ဗဒါနံ၊ ဓမ္မဒါနံ၊ ဇိနာတိ ဆိုသည့် အလှူဒါနအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည်ဟူသော ပါဠိတော်လာအတိုင်း မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော ပိဋကတ်သုံးပုံ တရားတော်များကို ဆဋ္ဌသင်္ဂါယနာမူအတိုင်း ကျောက်ထက် အက္ခရာတင်ရေးထိုး၍ ပူဇော်ခဲ့သည်။ ပိဋကတ်တော်လာ ကျောက်စာများကို ပါဠိ၊ ရိုမန် နှစ်ဘာသာဖြင့် ရေးထိုးခဲ့ပြီး ကျောက်စာရုံစေတီတော် ၇၂၀ စိုက်ထူလျက် ဓမ္မစေတီများအဖြစ် တည်ထားပူဇော်ထားသည်ကို ကြည်ညိုဖွယ် ဖူးတွေ့ရမည်ဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် သတ္တ သတ္တာဟခုနစ်ဌာနအနက် ဆဋ္ဌမမြောက် သတ္တာဟဖြစ်သော မုစလိန္ဒသတ္တာဟ (နဂါးရုံဘုရား)ကိုလည်း ဗုဒ္ဓဝင်ကျမ်းများမှ ပြဆိုသည့်အတိုင်း မုစလိန္ဒရေကန်တော်နှင့် ကျည်းပင်များကို စိုက်ပျိုး၍ တင့်တယ်သပ္ပာယ်စွာ တည်ထားခဲ့သည်။ သာသနိက အဆောက်အအုံများအဖြစ် သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီး၊ မဟာအောင်မြေ၊ ရေပန်း ဥယျာဉ်နှင့် ရင်ပြင်တော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးတို့ကို တည်ထားခဲ့ကာ မဟာဗောဓိပင်ကိုလည်း ပရိဘောဂစေတီအဖြစ် စိုက်ပျိုးပူဇော်ခဲ့သည်။

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့( ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့)နံနက်ပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိက်သွန်းလောင်းပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီများအား ရွှေထီးတော်တင်လှူပူဇော် ရေစက်ချပြီးချိန်တွင် မြတ်စွာဘုရားရှင်တို့၏ လက္ခဏာတော်ကြီးငယ်တို့နှင့် တင့်တယ်သော ရတနာပုံခေတ် ဘူမိဖဿမုဒြာဟန်နှင့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူများသာမက ကမ္ဘာကပါ သိရှိဖူးမြော်နိုင်ကြပြီ ဖြစ်ပါသည်။

ပီတိမျက်ရည်ဝိုင်းလျက် ခံစားရ

ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်စဉ်က ကြီးမားလှသော စကျင်ကျောက် တုံးကြီးများကို ရုပ်မြင်သံကြားမှ ကြည့်ရင်း ကြီးမားလိုက်တာဟု အံ့ဩရုံသာ ရှိသည်။ ရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကို ရုပ်မြင်သံကြားမှ ကြည့်ရသောအခါတွင်မူ မြန်မာဟေ့ဟု လက်သီးဆုပ်ကာ ပီတိမျက်ရည်ဝိုင်းလျက် ခံစားရပါသည်ဟု ပြောပြသူများစွာရှိသည်။ ကိုယ်တိုင်လည်း ခံစားရပါသည်။

ရုပ်ပွားတော်မြတ်ကြီးရှေ့မှောက် ကြည်ညိုဝပ်တွားမိချိန်တွင် ဗုဒ္ဓ၏တင့်တယ်လှသော ဘုန်းကျက်သရေတော်နှင့် တည်ငြိမ်ခြင်း၊ ငြိမ်းချမ်းခြင်း ခံစားမှုများ၊ ကျောက်စာရုံစေတီတော်များမှ ဓမ္မ၏အေးချမ်းခြင်းအငွေ့အသက်များ၊ ဦးဆောင်ဘုရားဒါယကာနှင့် အလှူရှင်များ၏ သဒ္ဓါ၊ စေတနာ၊ မေတ္တာရိပ်များ၊ စကျင်ကျောက်သား အဆောက်အအုံတို့၏ သန့်စင်သော၊ အေးမြသော အထိ အတွေ့တို့က ဘုရားဖူးမြော်ချင်သည့် မူလစိတ်အပေါ် လွှမ်းခြုံမိသောအခါ ဘုရား၊ တရားဟူသော ကြည်ညိုစွာ ရေရွတ်သံများ၊ သာဓု၊ သာဓု၊ သာဓုဟု ဆောက်တည်လှူဒါန်း ပူဇော်မှုများအပေါ် ကျေနပ်စွာ ပီတိသောမနဿ ခံစားလျက် ဝမ်းမြောက်ကြသူများကို နေရာမလပ်တွေ့မြင်ခဲ့ရသည်။

ပုဂံခေတ်တွင် သုဝဏ္ဏဘူမိ သထုံပြည်မှ ပုဂံပြည်သို့ ထေရဝါဒဗုဒ္ဓ သာသနာတော် စတင်ရောက်ရှိချိန်မှစ၍ ရှေးမင်းအဆက်ဆက်တို့သည် လည်းကောင်း၊ ပြည်သူပြည်သားတို့သည် လည်းကောင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စေတီပုထိုးများ တည်ထားကိုးကွယ်ခဲ့ကြသည်။

ကျောက်ထက်အက္ခရာတင် ရေးထိုးခဲ့ကြ

ကုသိုလ်ရှင်၊ အလှူရှင်များသည် မိမိတို့၏ ကောင်းမှုအဖို့ဘာဂကို အမျှပေးဝေခြင်းနှင့် အလှူဒါနတို့ကို ဖျက်ဆီးသူများကို ကျိန်စာပြုခြင်းများ၊ မိမိတို့၏ ရည်ရွယ်ချက်များကို ဥဒါန်းကျူးရင့်၍ ကောင်းမှုမော်ကွန်းများကို ကျောက်ထက်အက္ခရာတင် ရေးထိုးခဲ့ကြသည်။ မွန်ဘာသာဖြင့် ရေးထိုးထားသော ရွှေစည်းခုံကျောက်စာတွင် “များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ၊ မယားတကွဲ၊ မိတကွဲ၊ ဖတကွဲဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။ ငါ၏ယာလက်ဖြင့် ဆန်စပါးရိက္ခာကိုပေးအံ့။ ငါ၏ဝဲလက်ဖြင့် ဝတ်စားတန်ဆာကို ပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ ငါသည် လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်အံ့” ဟု ကျန်စစ်သားမင်းကြီးက ဥဒါန်း မော်ကွန်းရေးထိုးခဲ့သည်။

ဤသို့ဖြင့် ပုဂံခေတ်တွင် ကျိန်ဆိုမော်ကွန်း ကျောက်စာများရေးထိုးခဲ့ပြီး စေတနာသဒ္ဓါတရားနှင့် မိမိတို့အလှူကို ကာကွယ်မှုများ တွေ့နိုင်ပါသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ်တော်၊ ကျောက်စာရုံစေတီတော်နှင့် သာသနိကအဆောက်အအုံများ တည်ဆောက်ပူဇော် လှူဒါန်းခဲ့သော ဦးဆောင်ဘုရားဒါယကာနှင့် အလှူရှင်များ၏ ကောင်းမှုကုသိုလ်တော်များကိုလည်း ကမ္ပည်းမော်ကွန်းရေးထိုးပြီး ဆုတောင်းပတ္ထနာ ပြုခဲ့သည်ဖြစ်ရာ ကမ္ပည်းကျောက်စာတော်တို့ကို ဖတ်ရှုပြီး ဦးဆောင်ဘုရားဒါယကာနှင့် အလှူ ရှင်အပေါင်းတို့၏ စေတနာမေတ္တာနှင့် ရည်ရွယ်ချက်တို့ကို တွေ့မြင်နိုင်လျက် အလှူရှင်တို့နှင့်အတူ ထပ်တူထပ်မျှ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြမည် ဖြစ်ပါသည်။

ပတ္ထနာဆုတောင်း

ဤသို့လျှင် မြတ်နိုးကြည်ညိုဖွယ်ရာ ဂုဏ်တော်အထူးတို့နှင့် ပြည့်စုံတော်မူသော မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓဥယျာဉ်တော်ကြီး၊ ဓမ္မစေတီ ကျောက်စာတိုက်တော်တို့နှင့်တကွ တည်ထားကိုးကွယ်ကြရသော မွန်မြတ်သော ဤကုသိုလ်ကံ စေတနာအစွမ်း အာနုဘော်အထူးတို့ကြောင့် ရည်ရွယ်ချက်လေးရပ်တို့သည် ပြည့်စုံကြသည်ဖြစ်၍ မိမိတို့နှင့်တကွ သဒ္ဓါပညာ စိတ်ထားတူညီကြကုန်သော သူတော်ကောင်းအပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်မြတ် ဘုန်းရိပ်ကံရိပ် ဉာဏ်တော် အရိပ်တို့၏အောက်၌ အေးချမ်းစွာ နေထိုင်ကြကုန်လျက် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို သားစဉ် မြေးဆက်အစရှိသည့် အဆက်ဆက် သို့တိုင်အောင် နှစ်ပေါင်းရာထောင် များစွာ ဆည်းကပ်ကိုးကွယ် ပူဇော်စောင့်ရှောက်နိုင်ကြရပါစေ သတည်း။ ထို့အပြင် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးသည်လည်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကို ဗဟိုချက်မ ပဓာနပြုလျက် ကမ္ဘာ့နိုင်ငံအရပ်ဒေသ အသီးသီးတို့သို့ တိုးတက်ပြန့်ပွား ထွန်းကားနိုင်ပါစေသတည်း။

ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွင်း မှီတင်း နေထိုင်ကြကုန်သော တိုင်းသားပြည်သူ အပေါင်းတို့သည်လည်း ညီရင်းအစ်ကို မောင်ရင်းနှမ တူမျှစွာ တစ်စိတ်တစ်ဝမ်းတည်း အသီးသီး တညီတညွတ်တည်း ရှိကြကုန်သည်ဖြစ်၍ ဆင်းရဲခြင်း ဘေးဒုက္ခ အနှောင့်အယှက်အမျိုးမျိုးတို့မှ ကင်းဝေးကြကုန်ပြီးလျှင် စားရေရိက္ခာအသုံးအဆောင် ရတနာအမျိုးမျိုးတို့သည် ပြည့်စုံပေါများကြွယ်ဝကြ၍ တိုင်းပြည် သာယာဝပြောသည့် အားလျော်စွာ လောကီချမ်းသာ သုခအမျိုးမျိုးတို့ကို ပြည့်စုံစွာ ခံစားစံစား နိုင်ကြရပါစေသတည်း။

ရင်ဝယ်ပီတိဂွမ်းဆီထိဖြစ်လျက် သာဓုအကြိမ်ကြိမ်ခေါ်မိ

ထို့အပြင် ဖြစ်လေရာရာ ဘဝတိုင်း ဘဝတိုင်းတို့၌ သူတော်ကောင်းတို့၏ အဆုံးအမတရားကို နာယူမှတ်သား၍ သူတော်ကောင်းအဖြစ်ဖြင့် သူတစ်ပါးတို့၏ ကောင်းကျိုးချမ်းသာတို့ကို အဘက်ဘက်မှ ပြည့်စုံစွာ ဖြည့်ဆည်း ပေးနိုင်သူတို့သည် ဖြစ်ကြကုန်လျက် သူတော်ကောင်းအပေါင်းတို့ စံဝင်ရာ နိဗ္ဗာန်ချမ်းသာမြတ်ကို ရရောက်နိုင်ကြ ရပါစေသော်ဝ် . . . ဆိုသည့် ကမ္ပည်းကျောက်စာကို ဖတ်ရှုရခြင်းဖြင့် ရင်ဝယ် ပီတိဂွမ်းဆီထိဖြစ်လျက် သာဓု အကြိမ်ကြိမ်ခေါ်မိပါသည်။ ။