ရန်ကုန်တွင် မြို့နယ်များ၌ ကုန်စိမ်းသီးနှံလှည်းများဖြင့် လိုက်လံရောင်းချမှု ပိုများလာ

ရန်ကုန်   ၂ နိုဝင်ဘာ  

ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းတွင် ပြည်သူများ  Stay Home နေထိုင်မှု များလာခြင်းကြောင့် ရန်ကုန်မြို့တွင်  မြို့နယ်၊ ရပ်ကွက်များ၌ နေ့စဉ် အခြေခံ ကုန်စိမ်းသီးနှံများကို လှည်းများဖြင့် လိုက်လံရောင်းချမှု များလာကြောင်း တွေ့ရသည်။

ရန်ကုန်မြို့တွင် အခြေခံ စားသောက်ကုန်စည်များ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်သူ များပြားသကဲ့သို့ အထိုက်အလျောက်လည်း ရောင်းဝယ်ဖောက်ကားရကြောင်း ရပ်ကွက်များအတွင်း လှည်းများဖြင့် လိုက်လံရောင်းချသူများထံမှ သိရသည်။

“ ကျွန်မတို့က ကိုဗစ်- ၁၉ ကပ်ရောဂါ ဒုတိယလှိုင်းမှ အခုလို ရပ်ကွက်လမ်းတွေမှာ လိုက်လံရောင်းချတာ ဖြစ်ပါတယ်။ ပထမအကျော့တုန်းကတော့ အခုလိုလိုက်လံရောင်းချတာ မလုပ်ခဲ့ပါဘူး။ ဈေးတွေကလည်း လူမစည်၊ လူတွေကလည်း အိမ်မှာအနေများလာတော့ ဈေးမှာသွားမရောင်းဘဲ အခုလိုလိုက်လံ ရောင်းချဖို့ စိတ်ကူးခဲ့တာပါ။ ခုနောက်ပိုင်း ဈေးမှာ ရောင်းရတာထက် ပိုရောင်းရပါတယ်” ဟု ရပ်ကွက်များတွင် ကုန်စိမ်းကစ အခြေခံကုန်စည်များ လိုက်လံရောင်းချသော မသူဇာက ပြောသည်။ 

ရပ်ကွက်အတွင်း လိုက်လံရောင်းချသော လှည်းများတွင် အခြေခံကုန်စည်များဖြစ်သည့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ အသီးအနှံများကအစ အခြေခံစားသောက်ကုန် ၁၀၀ နည်းပါး လိုက်လံရောင်းချကြောင်း သိရသည်။ 

“ ဈေးမှာ ထိုင်ရောင်းရသလိုတော့ မဟုတ်ဘူးပေါ့။ ပိုပြီးတော့ ပင်ပန်းတယ်။ ဒါပေမယ့်လည်း ဝမ်းရေးအတွက် ဒီလိုမှမလုပ်ရင် အဆင်မပြေနိုင်လို့ အခုလိုလိုက်လံရောင်းရတာပါ။ ကိုဗစ်-၁၉ ကိုကြောက်တာထက် ဝမ်းရေးအခက်ကြုံရမှာ မလုပ်မဖြစ်လုပ်ရတာပါ။ အမြတ်ကလည်း ထင်သလောက်ကြီး မဟုတ်ပါဘူး။ နေ့စားခလောက်ပဲ ကျန်တာပါ” ဟု မသူဇာက ထပ်မံပြောသည်။ 

ယခုအခါ ရန်ကုန်မြို့တွင် ပုံမှန်အခြေအနေ သက်ဝင်လှုပ်ခြားမှု မရှိသေးသော်လည်း လမ်းမများပေါ်တွင် ယခင်ကဲ့သို့မဟုတ်ဘဲ ကားများ၊ လိုင်းကားများ၊ အငှားယာဉ်များ ပြန်လည်သက်ဝင် လှုပ်ရှားလာသည်ကို မြင်တွေ့ရသည်။ 

မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မင်းထက်