ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ဆဌမအကြိမ်မြောက် ကမ္ဘာ့ဒဿနိကဗေဒနေ့ (၂၀၁၉)အခမ်းအနား ကျင်းပ

ရန်ကုန်  ၂၁   နိုဝင်ဘာ

 

ရန်ကုန်တက္ကသိုလ်ရာပြည့်အကြိုနှင့် ဒဿနိကဗေဒဘာသာရပ် နှစ် ၁၀ဝ ပြည့်အကြို အထိမ်းအမှတ်အဖြစ် ကျင်းပသော ဆဌမအကြိမ်မြောက် ကမ္ဘာ့ဒဿနိကဗေဒနေ့(၂၀၁၉)ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန် တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါအခမ်းအနား၌ ဒဿနိကဗေဒအသင်း(မြန်မာနိုင်ငံ) အတွင်းရေးမှူး ဉီးမြင့်ဆွေက နှုတ်ခွန်းဆက် စကားပြောကြားပြီး ကမ္ဘာ့ဒဿနိကဗေဒနေ့(၂၀၁၉)အတွက် ယူနက်စကို၏ သဝဏ်လွှာကို မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးတာဝန်ခံ နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ဖတ်ကြားခဲ့သည်။ ထို့နောက် ယူနက်စကို၏ ကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် ကျင်းပသော ကမ္ဘာ့ဒဿနိကဗေဒနေ့အတွက် မှတ်တမ်းတင် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

 

ကမ္ဘာ့ဒဿနိကဗေဒနေ့(၂၀၁၉) ကျင်းပရခြင်းနှင့်ပတ်သက်၍ ဒဿနိကဗေဒအသင်း(မြန်မာနိုင်ငံ) အတွင်းရေးမှူး ဉီးမြင့်ဆွေက “ကျွန်တော်တို့ဒဿနပညာဟာ ဘာသာရပ်နယ်ပယ်အသီးသီးနဲ့ သက်ဝင်နေတဲ့အတွက် ဒါကိုအများနားလည် သဘောပေါက်အောင် ကြိုးပမ်းလိုတာ အဓိကရည်ရွယ်ချက်တစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုက အတွေးအခေါ် အယူအဆမှန်ကန်မှ အလုပ်မှန်ကန်မယ်ဆိုတဲ့ အယူအဆပေါ်မှာအခြေခံပြီး ကျွန်တော်တို့ဟာလူတွေရဲ့ အတွေးအမြင်မှာ မှန်တယ်၊ မှားတယ်၊ ကောင်းတယ်၊ ဆိုးတယ်၊ ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုတာကို ပိုင်းခြားနိုင်အောင် တတ်နိုင်သလောက် ကြိုးစားပြီးတော့ ရှေးယခင်က တွေးခေါ် ပညာရှင်ကြီးတွေရဲ့ အဆိုအမိန့်တွေ အယူအဆတွေကို ပြန့်ပွားအောင် အသင်းအနေနဲ့ ကြိုးစားပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ Action Aid Myanmar မှ အမျိုးသမီးနှင့် လူငယ်ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး နေ့လယ်ပိုင်းတွင် စာရေးဆရာမ မအိနှင့် ဂျူးတို့က ကမ္ဘာ့ဒဿနိကဗေဒနေ့အထိမ်းအမှတ် ဟောပြောပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

 

ယူနက်စကိုအဖွဲ့ကြီးသည် လူမှုဘဝသာယာဝပြောရေးနှင့် ငြိမ်းချမ်းသောကမ္ဘာကြီး တည်ဆောက်ရာတွင် လူသားတို့၏ တွေးခေါ်မြော်မြင်မှု(သို့) လောကနှင့်လူ့ဘဝအမြင်တို့ဖြင့် ဆက်စပ်လျက်ရှိသည့် ဒဿနိကဗေဒသည် အထူးတလည် အရေးကြီးသည်ကို သိစေလိုသော စေတနာဖြင့် ကမ္ဘာ့ဒဿနိကဗေဒနေ့ကို သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ၏ ကမ္ဘာ့ဒဿနိကဗေဒနေ့ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူများကို ဒဿနိကဗေဒ၏ အမွေအနှစ်များ လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန်၊ ပြည်သူများ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်၊ အတွေးအခေါ် သစ်များဖွံ့ဖြိုးလာစေရန်နှင့် ဒဿနိကဗေဒကို တက္ကသိုလ်ဘာသာရပ် တစ်ခုမျှသာမက လူသားတို့၏ နေ့စဉ် ကြုံတွေ့နေရသော အခက်အခဲများ ဖြေရှင်းရာတွင် ပြည်သူလူထုအား လက်တွေ့ကူညီပေးနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာ့ဒဿနိကဗေဒနေ့ကို ၂၀ဝ၂ ခုနှစ်မှစတင်ပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကြီးမှူးကာ နှစ်စဉ် အစဉ်အလာမပျက်ဌာနချုပ်ဖြစ်သည့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့နှင့် ကမ္ဘာနှင့်အဝှမ်းနိုင်ငံ အသီးသီးတွင် နိုဝင်ဘာလ၊ တတိယပတ်၊ ကြာသပတေးနေ့ရောက်ရှိတိုင်း ခမ်းနားစွာ ကျင်းပကြလေ့ရှိကြောင်း သိရသည်။

 

ဆဌမအကြိမ်မြောက် ကမ္ဘာ့ဒဿနိကဗေဒနေ့(၂၀၁၉)၏ ဆောင်ပုဒ်မှာ ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ရေးကို လေ့ကျင့်ပျိုးထောင်စို့ (Culture ofPeace and Non-violence) ဟူ၍ဖြစ်ပြီး အဆိုပါဆောင်ပုဒ်မှာ ယူနက်စကိုမှချမှတ်ပေးထားသော ဆောင်ပုဒ်များအနက်မှ တစ်ခုကိုရွေးချယ် ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း

 

DSC_79